ရခိုင်ပြည်နယ်ရှိ နေရပ်စွန့်ခွာပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီများ ထောက်ပံ့ပေးအပ်

 

စစ်တွေ   မေ   ၉


ရခိုင်ပြည်နယ်အတွင်းရှိ  နေရပ်စွန့်ခွာပြည်သူများ အတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို   ယမန်နေ့က စစ်တွေမြို့အလိုတော်ပြည့်ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပသည်။

 


ဦးစွာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက  ယခုယာယီခိုလှုံရာစခန်းတွင် ရောက်ရှိနေကြသည့် မိသားစုဝင်များအတွက် နေထိုင်စားသောက်ရေးနှင့် အသက်မွေးဝမ်းကျောင်းပြုရာတွင်    အခက်အခဲ အကျပ်အတည်းများ ကြုံတွေ့ကြရမည်ကို ကိုယ်ချင်းစာ နားလည်မိကြောင်း၊ တိုက်ပွဲရှောင်အဖြစ် ကြာရှည် ရပ်တည်ခြင်းထက် မိမိတို့မူလနေရာများကို အခြေ အနေပေးပါက ပြန်လည်အခြေချနိုင်ရေး ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် တတ်နိုင်သမျှ ကူညီဆောင်ရွက် ပေးမည်ဖြစ်ကြောင်း၊        ယခုနွေရာသီကာလ ဖြစ်သည့်အတွက် ပူပြင်းခြောက်သွေ့ပြီး သဘာဝ ဘေးအန္တရာယ်များကိုလည်း ကြုံတွေ့နိုင်ခြေရှိခြင်း ကြောင့်    ကျန်းမာရေးကို   အထူးဂရုပြုကြရန် လိုကြောင်း၊   မကြာမီ   အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်တော့မည်    ဖြစ်သည့်အတွက် မိမိတို့၏ ရင်သွေးငယ်များကို နီးစပ်ရာ ကျောင်းများ တွင် ပညာသင်ကြားကြရန် ပြောကြားသည်။

 


ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က အလိုတော်ပြည့်ဘုန်းတော်ကြီးကျောင်းနှင့်   ဗုဒ္ဓေါမော် ဘုန်းတော်ကြီးကျောင်း ယာယီခိုလှုံရာစခန်းများမှ နေရပ်စွန့်ခွာပြည်သူများအတွက် ဆန်၊ ကျောင်းစိမ်း ဝတ်စုံများ၊ ဗလာစာအုပ်များနှင့် Family Kit များကို ထောက်ပံ့ပေးအပ်ပြီး နေရပ်စွန့်ခွာပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့သည်။

 


ယင်းနောက်   အလိုတော်ပြည့်ဘုန်းတော်ကြီး ကျောင်းတိုက်ရှိ အိမ်ထောင်စု ၇၁ စု၊ လူဦးရေ   ၂၅၀  နှင့်  ဗုဒ္ဓေါမော်ကျောင်းတိုက်ရှိ အိမ်ထောင်စု ၅၉  စု၊  လူဦးရေ ၂၄၁  ဦး   စုစုပေါင်း အိမ်ထောင်စု  ၁၃၀ ၊ လူဦးရေ ၄၉၁ ဦးတို့အတွက် ရခိုင်ပြည်နယ်အစိုးရ အဖွဲ့၊   နယ်စပ်ရေးရာဝန်ကြီးဌာန လက်အောက်ရှိ   ဒေသဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန လက်အောက်ရှိ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုဦးစီးဌာနတို့က ဆန် ၁၅၄ အိတ်၊ ကျောင်းဝတ်စုံ ၁၀၀၊ ဗလာစာအုပ်ဒါဇင် ၁၀၀ နှင့် ပစ္စည်း ၁၇ မျိုးပါ   Family   Kit   များကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


တင်ထွန်း(ပြန်/ဆက်)