
ရန်ကုန် ဖေဖော်ဝါရီ ၂၇
ရခိုင်ပြည်နယ်တွင်ရှိသော ဘင်္ဂါလီများအား စစ်မှုထမ်း ရန် SAC က စာရင်းကောက်ယူနေသည်ဆိုသော သတင်းမှာ လုံးဝမှန်ကန်မှုမရှိဘဲ လုပ်ကြံဖန်တီး ရေးသားထားခြင်းသာဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
ဘင်္ဂလားဒေ့ရှ်မီဒီယာတစ်ခုဖြစ်သည့် The Business Standard ၏ ဝက်ဘ်ဆိုက်သတင်းတစ်ခု တွင် မြန်မာအစိုးရက ဒုက္ခသည်စခန်းများရှိ အကန့် အသတ်ခံထားရသည့် ဘင်္ဂါလီများကို လွတ်လပ်စွာ သွားလာခွင့်ပေးမည်ဟု ကမ်းလှမ်းပြီး စစ်မှုထမ်း စေရန် လုပ်ဆောင်နေသည်ဟု သတင်းရေးသား ထားခြင်းဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်သတင်းဌာနအချို့က တရားမဝင် မြန်မာမီဒီယာအချို့၏ ရေးသားချက်ကို ကိုးကား၍ ရေးသားနေကြခြင်းဖြစ်ကြောင်းနှင့် RFA ၏ အခြေ အမြစ်မရှိသောသတင်းကို ကိုးကားရေးသားခြင်း ဖြစ်ကြောင်းလည်း သိရသည်။
“အဲဒီလိုမျိုး မရှိပါဘူး။ ဘင်္ဂါလီတွေက နိုင်ငံသား လည်းမဟုတ်ဘူး။ ပြီးတော့ စစ်မှုထမ်းဥပဒေ ကလည်း အခုအချိန်ထိ တိုင်းဒေသကြီး၊ ပြည်နယ်၊ ဦးစီးအဖွဲ့တွေပဲ ဖွဲ့ရသေးတယ်။ ခရိုင်၊ မြို့နယ်၊ ရပ်ကျေး စတဲ့အဖွဲ့တွေ အများကြီးဖွဲ့ရဦးမှာ။ နည်းဥပဒေလည်း ထုတ်ပြန်ရဦးမှာ။ အဲဒါတွေ လုပ်ရဦးမှာဆိုတော့ အခုထွက်နေတဲ့ သတင်းတွေ က မဟုတ်ပါဘူး။ ဒီမှာတော့ အဲဒီလိုတွေမရှိဘူး”ဟု ၎င်းကပြောသည်။
ဘင်္ဂလားဒေ့ရှ်အခြေစိုက် ဒါကာထရီဗျူးသတင်း ဌာနက “နယ်စပ်ဒေသရှိ ထောင်နှင့်ချီသော ဘင်္ဂါလီ ဒုက္ခသည်များအား လက်ရှိဖြစ်ပွားနေသော တိုက်ပွဲ တွင် ပါဝင်တိုက်ခိုက်ရန် ခေါ်ဆောင်သွားသည် ” ဟု အတည်မပြုနိုင်သေးသော သတင်းများ ထွက်ပေါ်နေကြောင်းလည်း မဟုတ်မမှန် ရေးသား ဖော်ပြထားသည်။
တရားမဝင်မီဒီယာများက ပြည်သူ့စစ်မှုထမ်း ဥပဒေ အသက်ဝင်ကြောင်း ကြေညာပြီးသည့် နောက်ပိုင်းတွင် ပြည်သူများနှင့်ဒေသခံများ စိုးရိမ် ပူပန်မှုကြီးထွားစေရန်အတွက် မဟုတ်မမှန်သတင်း များကို အမျိုးမျိုးလုပ်ကြံရေးသားခဲ့ပြီးနောက် ယခု သတင်းတုကိုလည်း ပုံစံတစ်မျိုးဖြင့် ထုတ်လွှင့် လာကြခြင်းဖြစ်ကြောင်း ရန်ကုန်အခြေစိုက် မီဒီယာစောင့်ကြည့်လေ့လာသူတစ်ဦးက ပြောကြား သည်။
မျိုးခိုင်