
နေပြည်တော် ဇွန် ၂၂
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဆိုင်ကလုန်းမုန်တိုင်း မိုခါ တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဒေသများကို သဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၁၁ အရ သဘာဝဘေး အန္တရာယ်ကျရောက်သော ဒေသများအဖြစ် ကြေညာချက်များ ထုတ်ပြန် ၍ ယင်းကြေညာချက်များပါ ဒေသများတွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဒေသအလိုက် တပ်မတော်အရာရှိကြီး များကို ခန့်အပ်တာဝန်ပေးထားပြီးဖြစ်သည်။
ထိုသို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ခန့်အပ်တာဝန်ပေးအပ်ထားရာ ယနေ့တွင် ကျောက်ဖြူမြို့၌ ရောက်ရှိ နေသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး လူအေးသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကျောက်ဖြူဘိုးဘွား ရိပ်သာရှိ အဘိုး၊ အဘွားများအား ထောက်ပံ့ငွေများ ပေးအပ်ပြီး သဘာဝ ဘေးအန္တရာယ်ကူညီကယ်ဆယ်ရေးအဖွဲ့က ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့သည်။
အလားတူ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့၌ ရောက်ရှိနေသော ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းသည် တာဝန်ရှိသူများနှင့်အတူ မြို့သစ်ရပ်ကွက်နှင့် သပြေကုန်းရပ်ကွက် အကြားရှိ မြို့လယ်ချောင်းတွင် ပိတ်ဆို့နေသော အမှိုက်များ၊ ဗေဒါပင် များ၊ ချုံနွယ်ပေါင်းပင်များ ရှင်းလင်းခြင်းနှင့် ရေစီး၊ ရေလာကောင်းမွန် စေရေးအတွက် မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြည်သူလူထုတို့နှင့်အတူ ပူးပေါင်း၍ အမှိုက်များ ရှင်းလင်းခြင်း၊ ချုံနွယ်ပေါင်းပင်များ ခုတ်ထွင်ရှင်းလင်းခြင်း နှင့် ရေမြောင်းများ တူးဖော်ခြင်း ဆောင်ရွက်နေမှုများကို သွားရောက် ကြည့်ရှုအားပေးသည်။
ထို့နောက် လက်ဝဲဒက်ပြင်ချေကျေးရွာအုပ်စုရှိ ပုဂ္ဂလိကငါးမွေးမြူ ရေးကန်၌ ငါးများစနစ်တကျမွေးမြူထားရှိမှုနှင့် ငါးများဖြစ်ထွန်းနေမှု တို့ကို သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ သည်။ ထို့ပြင် နန်းရာကုန်း ကျေးရွာအုပ်စု၌ တည်ဆောက်ထားသော Cyclone Shelter အား သွားရောက် ကြည့်ရှုစစ်ဆေးပြီး အခြေခံပညာ မူလတန်း(လွန်) နန်းရာကုန်းစာသင်ကျောင်း၌ မိုခါမုန်တိုင်းကြောင့် လေဘေးသင့် ဒေသခံပြည်သူများနှင့် ဆရာ၊ ဆရာမများ အတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်ကာ ကျောင်းသား၊ ကျောင်းသူများ၏ စာသင်ကြားနေမှုများကို လှည့်လည်ကြည့်ရှုအားပေး၍ လိုအပ်သည် များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထို့အတူ ရခိုင်ပြည်နယ် မြောက်ဦးမြို့၌ ရောက်ရှိနေသော ဗိုလ်ချုပ် သောင်းထိုက်ရွှေသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ တိမ်ညို ကျေးရွာနှင့် နဒင်ကျေးရွာတို့ရှိ လူငယ် ဖွံ့ဖြိုးရေးပရဟိတဂေဟာများသို့ သွားရောက်၍ စားသောက်ဖွယ်ရာ များနှင့် အလှူငွေများ လှူဒါန်းသည်။
အလားတူ ရခိုင်ပြည်နယ် ရမ်းဗြဲမြို့၌ ရောက်ရှိနေသော ဗိုလ်မှူး ချုပ် ဇော်မင်းအေးသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရမ္မာဝတီခန်းမ၌ မုန်တိုင်းသင့် ပြည်သူများအား စားသောက်ဖွယ်ရာများနှင့် စားသောက်ကုန်ပစ္စည်း များ လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။ သတင်းစဉ်