ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုနှင့် ပြည်နယ်ဝန်ကြီးဟောင်းများ ဖြစ်ကြသည့် ဦးအောင်ကျော်ဇံ၊ ဦးကျော်အေးသိန်း၊ ဦးမင်းအောင်နှင့် ဦးကျော်လွင်တို့အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူ

နေပြည်တော်   သြဂုတ်    ၁၂
ရခိုင်ပြည်နယ်အစိုးရအဖွဲ့တွင် ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်ခဲ့သော ဦးညီပုနှင့် တာဝန်ရှိသူများအပေါ်  အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနှင့်အညီ  လိုအပ်သလို  စုံစမ်းစစ်ဆေးအရေးယူနိုင်ရန် တိုင်ကြား ခြင်းနှင့်စပ်လျဉ်း၍  ကော်မရှင်က    စုံစမ်းစစ်ဆေးရေးအဖွဲ့  ဖွဲ့စည်း စစ်ဆေးခဲ့သည်။ 
စုံစမ်းစစ်ဆေးရေးအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်အရ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပု၊  ပြည်နယ်ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့်  စီးပွားရေးဝန်ကြီးဟောင်း  ဦးကျော်အေးသိန်း၊ ပြည်နယ်လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး  ဝန်ကြီးဟောင်း ဦးအောင်ကျော်ဇံနှင့် ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုတွင်းဝန်ကြီးဟောင်း  ဦးကျော်လွင်တို့သည် ရခိုင်ပြည်နယ်အစိုးရ အဖွဲ့တွင်   တာဝန်ထမ်းဆောင်ခဲ့သည့်အချိန်က  ရခိုင်ပြည်နယ်၊  ဂွ မြို့နယ်၊ ရွာမရပ်ကွက်နှင့် ကင်းရုံးရပ်ကွက်ကြားရှိ  ဂွချောင်းအတွင်း သောင်ထွန်းလျက်ရှိသည့်  မြစ်ချောင်း ရေအောက်မြေ အမျိုးအစား ခုံးသောင်မြေနေရာပေါ်တွင်    တန်ဖိုးနည်း  မြေကွက်ဖော်ထုတ်ရေး ဆောင်ရွက်ရာ၌  နိုင်ငံတော်သမ္မတရုံး၏   ညွှန်ကြားချက်အမှတ် (၁/၂၀၁၇)ကို လိုက်နာဆောင်ရွက်ခြင်းမရှိဘဲ  လုပ်ငန်းဆက်စပ်သည့် ကုမ္ပဏီတစ်ခုအား ကုမ္ပဏီ အချက်အလက်များ၊ ကုမ္ပဏီ၏ ရင်းနှီး မြှုပ်နှံ ငွေကြေးနှင့် လုပ်ငန်းအတွေ့အကြုံ နည်းပညာ ကျွမ်းကျင်မှုများ၊ ကျွမ်းကျင်လုပ်သားနှင့် လိုအပ်သည့် ယာဉ်၊ ယန္တရားများ အသုံးပြုနိုင် မှုတို့ကို စိစစ်ခြင်းမပြုဘဲ ဆောင်ရွက်စေခဲ့ခြင်း၊ ရခိုင်ပြည်နယ်အစိုးရ အဖွဲ့နှင့်  ကုမ္ပဏီတို့ “တန်ဖိုးနည်းမြေယာ ဖော်ထုတ်ခြင်းလုပ်ငန်း စီမံခန့်ခွဲရန် သဘောတူစာချုပ်”ကို  ပြည်ထောင်စု ရှေ့နေချုပ်ရုံး၏ သဘောထားမှတ်ချက်၊ ပြည်နယ်ဥပဒေချုပ်ရုံး၏ ဥပဒေအကြံပြုချက် နှင့် စီမံကိန်းနှင့် သက်ဆိုင်ဆက်နွှယ်သည့် ဌာနများမှ သဘောထား မှတ်ချက်များ  တောင်းခံရယူမှုမရှိဘဲ လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြု၍ ပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်ဖြင့်    ချုပ်ဆိုခဲ့ ခြင်း၊ စီမံကိန်းဆောင်ရွက်သည့် မြေအမျိုးအစားမှာ မြစ်ချောင်းနှင့် ရေအောက် မြေအမျိုးအစားဖြစ်သဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့သို့ မြေယာလုပ်ထုံး  လုပ်နည်းနှင့်အညီ  တင်ပြဆောင်ရွက်မှု မရှိခြင်း၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်ပျက်စီးနိုင်မှုများအပေါ်  လေ့လာ ဆန်းစစ်မှုမရှိဘဲ  စီမံကိန်းလုပ်ငန်း  ဆောင်ရွက်ခွင့်ပြုခဲ့သည့်အတွက် ရေကြီး၊ ရေလျှံ၊ ရေတိုက်စားမှုဖြစ်ပေါ်ကာ သဘာဝအလျောက်ပေါ များ ရှင်သန်  ကျက်စားနေသည့်  ခုံးကောင်များ၊  သဘာဝဖြစ်ထွန်း နေသော ကျောက်သံပင်များ ပျက်စီး၍ ငါးဖမ်းဆီးရရှိမှု နည်းလာသည့် အတွက် ဒေသခံပြည်သူတို့၏ အသက်မွေးဝမ်းကျောင်းမှုကိုပါ  ထိခိုက် ခဲ့ခြင်း၊ ခုံးသောင်မြေယာ ဖော်ထုတ်ရေးစီမံကိန်းတန်ဖိုးနည်း မြေယာ ဖော်ထုတ်ခြင်း လုပ်ငန်းတွင်   စာချုပ်သဘောတူချက်တွင်  မပါဝင်ဘဲ ကုန်ကျစရိတ်နှင့်  နစ်နာကြေးအကြောင်းပြကာ ငွေကျပ် ၅၃၅ သန်း ကျော်ကို ကုမ္ပဏီသို့ ပေးအပ်ခဲ့ခြင်းတို့သည်  နိုင်ငံတော်၏ ငွေကြေး၊ ပစ္စည်းနှင့် ပိုင်ဆိုင်မှုကို ထိခိုက်နစ်နာ ဆုံးရှုံးစေခြင်းဖြစ်ကြောင်း။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဟောင်း  ဦးညီပု၊ ပြည်နယ် ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဟောင်း ဦးကျော်အေးသိန်းနှင့်    ပြည်နယ်  လျှပ်စစ်၊  စက်မှုနှင့်  လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးဟောင်း    ဦးအောင်ကျော်ဇံတို့သည်   ရခိုင် ပြည်နယ်အစိုးရအဖွဲ့တွင်    တာဝန်ထမ်းဆောင်ခဲ့သည့်အချိန်က လုပ်ငန်းဆက်စပ်သည့်   ကုမ္ပဏီတစ်ခုကို   နိုင်ငံပိုင်အဆောက်အဦ သုံးလုံးကို ကုမ္ပဏီ၏ အချက်အလက်များကို သေချာစွာ စိစစ်မှုမရှိဘဲ ဒေသခံများ အလုပ်အကိုင်ရရှိရေး ခေါင်းစဉ်ဖြင့် အထည်ချုပ်လုပ်ငန်း လုပ်ကိုင်ရန် ခွင့်ပြုခဲ့ခြင်း၊ ကုမ္ပဏီ၏ လုပ်ငန်းဆောင်ရွက်မှု အခြေ အနေကို စိစစ်မှုမရှိဘဲ အဆောက်အဦ ပြင်ဆင်ရန်အတွက် အကြောင်း ပြကာ အမှန်တကယ် ပြင်ဆင်မှုမရှိဘဲ စုစုပေါင်း ငွေကျပ် ၅၅ သန်း ကျော်ကို ပြည်နယ်တည်ဆောက်ရေး လုပ်ငန်းစိစစ်ရေးကော်မတီ ရန်ပုံငွေမှ   ထောက်ပံ့ကြေး ပေးအပ်ခဲ့ခြင်း၊  ကုမ္ပဏီ၏ လုပ်ငန်း လည်ပတ်ဆောင်ရွက်ခြင်း မရှိသော်လည်း အဆောက်အဦ သုံးလုံးကို လက်ရှိအချိန်ထိ ရခိုင်ပြည်နယ်အစိုးရအဖွဲ့သို့ အဆောက်အဦများ ပြန်လည်အပ်နှံစေရေးဆောင်ရွက်မှု  မရှိခြင်းတို့သည် နိုင်ငံတော်၏ ငွေကြေး၊   ပစ္စည်းနှင့်  ပိုင်ဆိုင်မှုများကို  ထိခိုက်နစ်နာ  ဆုံးရှုံးစေခြင်း ဖြစ်ကြောင်း။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပု၊ ပြည်နယ်  ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဟောင်း ဦးကျော်အေးသိန်းနှင့်   ပြည်နယ်   လျှပ်စစ်၊    စက်မှုနှင့်   လမ်းပန်း ဆက်သွယ်ရေး  ဝန်ကြီးဟောင်း   ဦးအောင်ကျော်ဇံတို့သည် ရခိုင် ပြည်နယ်အစိုးရအဖွဲ့တွင်   တာဝန်ထမ်းဆောင်ခဲ့သည့်အချိန်က  ရခိုင် ပြည်နယ်စာရင်းစစ်ချုပ်ရုံး၏     အစီရင်ခံစာအရ       ၂၀၁၉ ခုနှစ် အောက်တိုဘာ ၁ ရက် စာရင်းဖွင့်လက်ကျန်  ပြည်နယ်တည်ဆောက် ရေးလုပ်ငန်း စိစစ်ရေးကော်မတီ ရန်ပုံငွေကျပ် ၈၆၅ သန်းကျော်ကို ပြည်ထောင်စုအစိုးရအဖွဲ့၏ အမိန့်ကြော်ငြာစာအမှတ် ၅၈/၂၀၁၉ ပါ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဆိုင်ရာ ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းများနှင့် အညီ ပြည်နယ်၏ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေသို့ လွှဲပြောင်းထည့်သွင်း ခဲ့မှုမရှိဘဲ  လုပ်ထုံးလုပ်နည်းများကို  ဖောက်ဖျက်လျက် ဆက်လက် သုံးစွဲခဲ့သည့်အတွက် နိုင်ငံတော်၏ ငွေကြေး၊ ပစ္စည်းနှင့် ပိုင်ဆိုင်မှုကို ထိခိုက်နစ်နာ ဆုံးရှုံးစေခဲ့ကြောင်း။    
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေး ဝန်ကြီးဟောင်း ဦးမင်းအောင်သည်  ပြည်နယ်ဝန်ကြီး  တာဝန်ထမ်းဆောင်ခဲ့စဉ်က ပြည်နယ်အစိုးရ၏ ခွင့်ပြုရန်ပုံငွေတွင်  ပါဝင်ခြင်းမရှိသည့် လွှတ်တော် ၏ ခွင့်ပြုချက်မရှိသော ဈေး ငါးဈေး တည်ဆောက်ခြင်းလုပ်ငန်းကို နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်အမှတ်(၁/၂၀၁၇)ပါ တင်ဒါ ဆိုင်ရာ  လုပ်ထုံး  လုပ်နည်းများနှင့်အညီ  ဆောင်ရွက်ခဲ့မှု မရှိခြင်း၊ တောင်ကုတ်မြို့ မြို့မဈေး တင်ဒါအောင်မြင်သည့် ဆောက်လုပ်ရေး ကုမ္ပဏီဖြင့်  စာချုပ် ချုပ်ဆိုရာတွင်  တင်ဒါအောင်မြင်သည့်  ဈေးနှုန်း တန်ဖိုး ငွေကျပ်သန်း ၁၄၅၀ ကျော်ဖြင့်  စာချုပ် ချုပ်ဆိုခြင်းမရှိဘဲ တင်ဒါသတ်မှတ်ချက်ဈေးနှုန်း  တန်ဖိုးကျပ် သန်း ၁၅၇၀ ကျော်ဖြင့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်တွင် စာချုပ် ချုပ်ဆိုစေခဲ့ခြင်း၊ ပထမ အရစ် ၂၅ ရာခိုင်နှုန်း ငွေကျပ်သန်း ၃၉၀ ကျော်ကို ၂၀၁၈ ခုနှစ် မတ် ၂၁ ရက်တွင်  ဆောက်လုပ်ရေးကုမ္ပဏီကို   ထုတ်ပေးခဲ့ရာ ငွေကျပ် သန်း ၃၀ ကျော်ကို  ပိုမိုထုတ်ပေးခဲ့ခြင်းတို့ကြောင့်  နိုင်ငံတော်၏ ဘဏ္ဍာငွေကျပ်သန်း ၃၀ ကျော်ကို ဆုံးရှုံးစေခဲ့ခြင်း ဖြစ်သည့်ပြင် တောင်ကုတ်မြို့မဈေးသည်  ယနေ့အချိန်အထိ မြေပြင်၌ ပျက်စီး ယိုယွင်းနေသည့် အခြေအနေအဖြစ် တည်ရှိနေခြင်းတို့ကြောင့် ပြည်သူ့ ဘဏ္ဍာကို ကိုင်တွယ်စီမံ ဆောင်ရွက်ရသည့် လုပ်ငန်းစဉ်တွင် တည်ဆဲ ဥပဒေ၊ စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းကို  ဖောက်ဖျက်၍ နိုင်ငံတော်၏ ငွေကြေး၊ ပစ္စည်းနှင့် ပိုင်ဆိုင်မှုကို  ထိခိုက်နစ်နာ ဆုံးရှုံးစေခြင်းဖြစ် ကြောင်းတို့ကို  စစ်ဆေးပေါ်ပေါက်သဖြင့် ဝန်ကြီးချုပ်ဟောင်း ဦးညီပု နှင့် ပြည်နယ်ဝန်ကြီးဟောင်းများ  ဖြစ်ကြသည့်  ဦးအောင်ကျော်ဇံ၊ ဦးကျော်အေးသိန်း၊   ဦးမင်းအောင်နှင့်     ဦးကျော်လွင်တို့အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ ရခိုင်ပြည်နယ်၊ စစ်တွေမြို့မရဲစခန်းတွင် ယနေ့ရက်စွဲဖြင့် ပထမသတင်းပေး တိုင်ကြား ချက် ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ သတင်းရရှိသည်။
သတင်းစဉ်