ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်၌ ရမ္မာဝတီဘိုးဘွားရိပ်သာ ဖွင့်ပွဲနှင့် တိပိဋကဓရဆရာတော်ကြီး ရှစ်ပါးပူဇော်ပွဲကျင်းပ

 

စစ်တွေ  မတ်   ၆


ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း သည်  အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်  တိုင်းမှူး၊ ဗိုလ်ချုပ်  ထင်လတ်ဦး၊    ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အတူ   ယနေ့နံနက်ပိုင်းက ရမ်းဗြဲမြို့နယ် ရမ္မာဝတီ ဘိုးဘွားရိပ်သာ၌     ကျင်းပသော   ရမ္မာဝတီဘိုး ဘွားရိပ်သာဖွင့်ပွဲနှင့်   တိပိဋကဓရဆရာတော်ကြီး ရှစ်ပါးပူဇော်ပွဲသို့  တက်ရောက်ကြသည်။

 


ရှေးဦးစွာ ရမ္မာဝတီဘိုးဘွားရိပ်သာ ဆိုင်းဘုတ် အား  တိပိဋကဓရဆရာတော်ကြီးများ၊   ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ဖဲကြိုး ဖြတ်    ဖွင့်လှစ်ပေးကြပြီး   ကမ္ပည်းမော်ကွန်း ကျောက်စာကို   အမွှေးနံ့သာရည်များ  ပက်ဖျန်းပေး ကြသည်။  

 

ထို့နောက်  ရမ်းဗြဲမြို့နယ်  ပုဏ္ဏားတောင် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တနန္တောဘာသနှင့် ပုသိမ်မြို့  ပစ္ဆိမာရုံပရိယတ္တိစာသင်တိုက် ဆရာတော် အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တခေမိန္ဒတို့က ဩဝါဒါကထာ ချီးမြှင့်တော်မူပြီး  ပြည်နယ်ဝန်ကြီးချုပ်က ဘိုးဘွား ရိပ်သာဖွင့်ပွဲနှင့် ပတ်သက်၍ အမှာစကားပြောကြား သည်။  ယင်းနောက်  ပြည်နယ်ဝန်ကြီးချုပ်၊   တိုင်းမှူး၊   ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်ဥပဒေချုပ်တို့က တိပိဋကဓရ  ဆရာတော်ကြီး ရှစ်ပါးအား   လှူဖွယ် ဝတ္ထုများနှင့်   အလှူငွေများကို    ဆက်ကပ်လှူဒါန်းကြ ပြီး  အလှူရှင်များက တိပိဋကဓရ ဆရာတော်များနှင့် ကြွရောက်တော်မူကြသော ဆရာတော်သံဃာတော် များအား   လှူဖွယ်ဝတ္ထုများ  ဆက်ကပ်လှူဒါန်းကြ သည်။  

 


ဆက်လက်၍    ရမ္မာဝတီဘိုးဘွားရိပ်သာသို့ ရခိုင်ပြည်နယ်အစိုးရ အဖွဲ့မှ    လှူဒါန်းငွေကျပ်သိန်း  ၁၀၀ အား     ပြည်နယ်ဝန်ကြီးချုပ်နှင့်    တိုင်းမှူးတို့က လည်းကောင်း၊   ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ လှူဒါန်းငွေကျပ် သိန်း ၆၀ အား   ပြည်နယ်လူမှုရေးရာ ဝန်ကြီးကလည်းကောင်း    ပေးအပ်လှူဒါန်းရာ ဘိုးဘွားရိပ်သာမှ တာဝန်ရှိသူများက    လက်ခံရယူပြီး   ဂုဏ်ပြု မှတ်တမ်းလွှာများ       ပြန်လည်ပေးအပ်ကြသည်။ ယင်းနောက် တိပိဋကဓရ ဘဒ္ဒန္တဣန္ဒပါလ (ရမ္မာဝတီ ဆရာတော်)ထံမှ ပြည်နယ်ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိသတ်များက    အနုမောဒနာတရားနာကြား ကြပြီး     လှူဒါန်းမှုအစုစုအတွက်   ရေစက်သွန်းချ အမျှပေးဝေကြကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတုသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ရုပ်သိမ်း ခဲ့ကြပြီ     ကြွရောက်တော်မူကြသော   ဆရာတော် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်   လှူဒါန်း ခဲ့ကြကြောင်း သိရသည်။

 

ရမ်းဗြဲမြို့နယ်   ရမ္မာဝတီဘိုးဘွားရိပ်သာဖွင့်ပွဲ နှင့်   တိပိဋကဓရဆရာတော်ကြီး   ရှစ်ပါး  ပူဇော်ပွဲသို့ မြန်မာနိုင်ငံ၏    သက်ရှိထင်ရှား   တိပိဋကဓရ ဆရာတော်ကြီး ရှစ်ပါးဖြစ်သော တိပိဋကဓရ ဘဒ္ဒန္တ ဝါယာမိန္ဒာဘိဝံသ(ရေစကြိုဆရာတော်)၊ တိပိဋကဓရ ဘဒ္ဒန္တသီလက္ခန္ဓာဘိဝံသ  (မော်ကျွန်းဆရာတော်)၊ တိပိဋကဓရ    ဘဒ္ဒန္တဝံသပါလာလင်္ကာရ   (မြင်းမူ ဆရာတော်)၊ တိပိဋကဓရ ဘဒ္ဒန္တသုန္ဒရ (စွန်းလွန်း ဆရာတော်)၊ တိပိဋကဓရ ဘဒ္ဒန္တဣန္ဒပါလ (ရမ္မာဝတီ ဆရာတော်)၊    တိပိဋကဓရ  ဘဒ္ဒန္တဣန္ဒာစရိယ (ဘုတလင် ဆရာတော်)၊ တိပိဋကဓရ ဘဒ္ဒန္တဝီရိယာနန္ဒ(နောင်ချိုဆရာတော်)နှင့်  တိပိဋကဓရ ဘဒ္ဒန္တ ပညာဝံသာ ဘိဝံသ (ကျောက်ပန်းတောင်းဆရာတော်)တို့ အပူဇော်ခံကြွရောက်ခဲ့ကြကြောင်း သိရသည်။ 


တင်ထွန်း(ပြန်/ဆက်)