
နေပြည်တော် ဒီဇင်ဘာ ၂၁
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ကျောက်တစ်လုံး IDP စခန်းတွင် နေထိုင်သူများအား ပြန်လည်နေရာချထားရေးနှင့် စခန်းပိတ်သိမ်းရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်း တွင် Virtual Meeting စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ရခိုင်ပြည်နယ် ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာန ဆိုင်ရာကိုယ်စားလှယ်များနှင့် IDP စခန်းကိုယ်စားလှယ် များ Online မှ တက်ရောက်ကြသည်။
အစဉ်တစိုက်ကြိုးစားဆောင်ရွက်
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက နိုင်ငံတော်အစိုးရအနေဖြင့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အစဉ် တစိုက်ကြိုးစား ဆောင်ရွက်နေပါကြောင်း၊ ရေရှည်တည်တံ့ သော ဖွံ့ဖြိုးတိုးတက်မှုများရရှိစေရန် မူဝါဒ၊ ဥပဒေ၊ မဟာ ဗျူဟာများနှင့်အညီ ပြည်ထောင်စုအစိုးရနှင့် ပြည်နယ် အစိုးရတို့က ဒေသခံလူမှုအဖွဲ့အစည်းများ၊ ပြည်သူများနှင့် အတူ ပူးပေါင်းဆောင်ရွက်နေကြပါကြောင်း၊ ပြည်တွင်း နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီ ခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာသည် ပြည်တွင်း၊ ပြည်ပ သဘောတူညီချက် ရရှိထားပြီး တစ်နိုင်ငံလုံးအတွက် ချမှတ်ထားသော မဟာ ဗျူဟာဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်အတွက် သာမက ကချင်၊ ကရင်၊ ချင်းနှင့် ရှမ်းပြည်နယ်တို့ရှိ ပြည်တွင်းနေရပ် စွန့်ခွာရသူများ ပြန်လည်နေရာ ချထားနိုင်ရေးအတွက်လည်း ကြိုးစားဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း၊ ကုလသမဂ္ဂ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းဆောင်ရွက် နေပါကြောင်း၊ မဟာဗျူဟာအရ လုပ်ငန်းစီမံချက်များ ရေးဆွဲခြင်းနှင့် အကောင်အထည်ဖော်ခြင်းအတွက် နိုင်ငံ တကာပညာရှင်များနှင့်လည်း ပူးပေါင်းဆောင်ရွက်နေပါ ကြောင်း။
လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်းရှိ ကျောက်ဖြူ၊ ရမ်းဗြဲ၊ ကျောက်တော်၊ ပေါက်တောနှင့် မြေပုံမြို့နယ် ငါး မြို့နယ်မှ ကညင်တော၊ ကျောက်နီမော် (ကမန်)၊ နိဒင်၊ မင်းသာဖ၊ တောင်ပေါ် စသော စခန်း ငါးခုမှ လူဦးရေ ၄၆၈၆ ဦးကို ပြန်လည်နေရာချထားပေးပြီး စခန်းများပိတ်သိမ်း နိုင်ခဲ့ပါကြောင်း၊ ကျောက်ဖြူမြို့နယ်၊ ကျောက်တစ်လုံး IDP စခန်းနှင့် ပတ်သက်၍ လိုအပ်သည့် စီမံချက်ရေးဆွဲထား ပြီးဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်အနေဖြင့်လည်း ပြည်တွင်း နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီ ခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာအရ ပြည်နယ်အဆင့်ကော်မတီကို ၂၀၂၀ ပြည့် နှစ် ဇန်နဝါရီလတွင် ဖွဲ့စည်းခဲ့ပြီး ဖြစ်ပါကြောင်း၊ ကျောက် တစ်လုံး IDP စခန်း ပိတ်သိမ်းနိုင်ရေးအတွက် ပြည်ထောင်စု အစိုးရ ပြည်နယ်အစိုးရတို့က စခန်းနေ နေရပ်စွန့်ခွာ ရသူများနှင့်လည်း ဆွေးနွေးညှိနှိုင်းမှုများ အကြိမ်ကြိမ် ဆောင်ရွက် ခဲ့ပါကြောင်း၊ UEHRD က ကိုယ်စားလှယ်များ နှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန တာဝန်ရှိသူ များကလည်း ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြ ပါကြောင်း။
တစ်ဦးတစ်ယောက်မျှ မကျန်ရစ်စေရ
COVID-19 ကပ်ရောဂါ စတင်ဖြစ်ပွားချိန်တွင်လည်း တစ်ဦးတစ်ယောက်မျှ မကျန်ရစ်စေရမူဖြင့် နေရပ်စွန့်ခွာသူ များအတွက် ဦးစားပေးစဉ်းစားခဲ့ပြီး ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အထူးစီမံချက် ရေးဆွဲဆောင်ရွက် ခဲ့ပါကြောင်း၊ ဆောင်ရွက်ဆဲ MCCT အစီအစဉ်အရ စခန်း များရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့ မွေးဖွားသော နှစ်နှစ်အောက် ကလေးငယ်များအား ထပ်ဆောင်း ထောက်ပံ့ ခဲ့ပါကြောင်း၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ကလည်း CERP အစီအစဉ်အရ IDP စခန်းများတွင် အိမ်ထောင်စု တစ်စုကို တစ်ကြိမ်လျှင် ငွေကျပ် ၄၀၀၀ဝ နှုန်းဖြင့် ထောက်ပံ့ခဲ့ပါကြောင်း၊ ဆက်လက်၍ နိုင်ငံတကာ အလှူရှင်များ၏ ထောက်ပံ့မည့် အစီအစဉ်များကိုလည်း ချမှတ်ထားပြီး ဖြစ်ပါကြောင်း၊ စခန်းနေ နေရပ်စွန့်ခွာသူ များအနေဖြင့် မဟုတ်မမှန် အထင်အမြင်လွဲမှားနိုင်သည့် ကောလာဟလသတင်းများ၊ သွေးထိုးနှောင့်ယှက်မှုများကို နားယောင်နေပါက လုပ်ငန်းဆောင်ရွက်မှု နှောင့်နှေးခက်ခဲ နိုင်ပါကြောင်း၊ စခန်းနေ နေရပ်စွန့်ခွာသူများ၏ အပြု သဘောဆောင်သော ပူးပေါင်းဆောင်ရွက်မှုများရှိရန် အရေး ကြီးပါကြောင်း၊ ကျောက်တစ်လုံး IDP စခန်းပိတ်သိမ်းရေးနှင့် နေရပ်စွန့်ခွာသူများ ပြန်လည် နေရာချထားရေးအတွက် လက်ရှိ ဆောင်ရွက်နေသောလုပ်ငန်းများနှင့် ရှေ့ဆက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဝိုင်းဝန်းဆွေးနွေးပေး ကြစေလိုကြောင်း ပြောကြားသည်။
ဦးစားပေးဆောင်ရွက်
ထို့နောက် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုက ရခိုင် ပြည်နယ်အတွင်းရှိ လက်ရှိ အခြေ အနေများနှင့် IDP စခန်း ပိတ်သိမ်းရေးဆောင်ရွက်ရာတွင် စခန်းနေ နေရပ်စွန့်ခွာသူ များ၏ သဘောဆန္ဒများကို ဦးစားပေးဆောင်ရွက်ရမည် ဖြစ်သကဲ့သို့ ဒေသခံလူမှုအသိုက်အဝန်းက လက်ခံနိုင်ရန် လည်းလိုအပ်သဖြင့် အကြိမ်ကြိမ်ဆွေးနွေးမှုများ အချိန်ယူ ပြုလုပ်ခဲ့ပြီး ညှိနှိုင်းဆောင်ရွက်နေပါကြောင်း၊ စခန်းပိတ်သိမ်း ရေးကြိုးပမ်းမှုနှင့်အတူ ဒေသဖွံ့ဖြိုးတိုးတက်ရေးကိုလည်း ဦးစားပေး အလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ မြေယာကိစ္စများ ဖြေရှင်းဆောင်ရွက်ပြီးပါက ပြန်လည်နေရာ ချထားမည့် နေရာပတ်ဝန်းကျင်တွင် အဝေးပြေးယာဉ်ရပ်နား စခန်းတစ်ခု တည်ဆောက်ရေးနှင့်အတူ ဖွံ့ဖြိုးရေးလုပ်ငန်း များ ဆက်လက် အကောင်အထည်ဖော်မည်ဖြစ်ကြောင်း၊ ယခုအချိန် တွင် COVID-19 ရောဂါ ဖြစ်ပွားနေမှုကြောင့် လုပ်ငန်းကြန့်ကြာမှုများ တွေ့ရှိနေရကြောင်း ပြောကြား သည်။
ဆက်လက်၍ ရခိုင်ပြည်နယ် အစိုးရအဖွဲ့၊ လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီး၊ လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးတို့က ပြန်လည်နေရာချထားရေး အတွက် ကွင်းဆင်း ညှိနှိုင်းဆောင်ရွက်မှုအခြေအနေများနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းဆောင်ရွက် နေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ကျောက်တစ်လုံး IDP စခန်းရှိ နေရပ်စွန့်ခွာ သူကိုယ်စားလှယ်များက ၎င်းတို့၏အခက်အခဲများ၊ ပြန်လည် နေရာချထားရေးအတွက် ဆန္ဒသဘောထားများကို ထုတ် ဖော်ဆွေးနွေးခဲ့ကြရာ ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့် အမြဲတမ်းအတွင်းဝန်တို့က မဟာဗျူဟာပါ လုပ်ငန်းစီမံချက် များသည် ဒေသအလိုက်၊ စခန်းများအလိုက် လိုအပ်ချက်အရ ဆောင်ရွက်ရသည်ဖြစ်၍ ကျောက်ဖြူမြို့ ကျောက်တစ်လုံး IDP စခန်း၏ လိုအပ်ချက်များကို ဆန်းစစ်ဖော်ထုတ်ပြီး ညှိနှိုင်းဆောင်ရွက်နေကြခြင်းဖြစ်ကြောင်း၊ စခန်းရှိ နေရပ် စွန့်ခွာသူများဘေးကင်းလုံခြုံ၍ ဂုဏ်သိက္ခာရှိပြီး မှီခိုမှု ကင်းသောဘဝများကို ပြန်လည်တည်ဆောက်ပေးမည်ဖြစ် ကြောင်း ရှင်းလင်းပြောကြားကြသည်။
ကြိုးစားညှိနှိုင်းကြရန် လိုအပ်
ထို့နောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာ စကားပြောကြားရာတွင် ယခုဆွေးနွေးပွဲသို့ တက်ရောက် လာကြသူများအနေဖြင့် ပွင့်ပွင့်လင်းလင်း ဆွေးနွေးနိုင်ခဲ့ ကြခြင်းသည် ရှေ့ဆက်ရမည့် လုပ်ငန်းစဉ်များအတွက် အထောက်အကူဖြစ်ပါကြောင်း၊ အမျိုးသားအဆင့် မဟာ ဗျူဟာ အရ ပြန်လည်နေရာချထားရေး၊ စခန်းပိတ်သိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဒေသဖွံ့ဖြိုးတိုးတက်ရေး ကိုလည်း ပူးတွဲဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တရားဥပဒေ စိုးမိုးရေးနှင့် ဘေးကင်းလုံခြုံရေးတို့ကို ထည့်သွင်းစဉ်းစား ဦးစားပေးဆောင်ရွက်ရန် ဖြစ်ပါကြောင်း၊ ဆွေးနွေးသူများက မိမိတို့၏ ယူဆချက်များကို တရားသေစွဲကိုင်ထားခြင်းမရှိဘဲ အပြုသဘောဆောင်သည့် ဘုံသဘောတူညီချက် တစ်ခုရရှိ ရန် ကြိုးစားညှိနှိုင်းကြရန် လိုအပ်ကြောင်း၊ ယခုလုပ်ငန်းစဉ် သည် ချက်ချင်းပြီးစီးအောင်မြင်စွာ ဆောင်ရွက်နိုင်ရန် ခက်ခဲ သော်လည်း မိမိတို့ရည်မှန်းထားသည့် ဒေသဖွံ့ဖြိုးရေးကိစ္စ များကို စဉ်ဆက်မပြတ် ဦးစားပေးအလေးထား ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ အစိုးရ၏ သဘောထားအမှန်၊ စာနာနားလည်မှု၊ စနစ်တကျ ရေရှည်တည်တံ့မည့် ပူးပေါင်း စီမံ ဆောင်ရွက်မှုများဖြင့် အမျိုးသားအဆင့် မဟာဗျူဟာနှင့် ညီညွတ်သော ကျောက်တစ်လုံး IDP စခန်း ပြန်လည်နေရာ ချထားရေးနှင့် ပိတ်သိမ်းရေးကို အောင်မြင်စွာ ဆောင်ရွက် နိုင်ရန် မျှော်လင့်ပါကြောင်းနှင့် အချိန်ယူ၍ ဆက်လက် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
သတင်းစဉ်