ရခိုင်ပြည်နယ် စစ်တွေမြို့နှင့် သံတွဲမြို့များသို့ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးများ တပ်မတော်လေယာဉ်ဖြင့် သယ်ယူရောက်ရှိ

 

စစ်တွေ   အောက်တိုဘာ   ၇


ရခိုင်ပြည်နယ်အတွင်းရှိ စစ်တွေမြို့နှင့် သံတွဲမြို့များသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို   ယနေ့နံနက်ပိုင်းတွင်   တပ်မတော် လေယာဉ်ဖြင့် သယ်ယူရောက်ရှိလာကြောင်း သိရသည်။


ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ  တိုးချဲ့ကာကွယ်ဆေး သိုလှောင်ခန်းတွင် ထားရှိသည့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး Sinopharm များကို စံချိန်စံညွှန်းများအတိုင်း  တိုင်းဒေသကြီးနှင့်  ပြည်နယ်အသီးသီးသို့ တပ်မတော်လေယာဉ်များဖြင့်လည်းကောင်း၊  Cold  Chain  Delivery  Logistics မော်တော်ယာဉ်ကြီးများဖြင့်လည်းကောင်း ပို့ဆောင်ဖြန့်ဖြူး ပေးလျက်ရှိကြောင်း သိရသည်။     


ထိုသို့  ဖြန့်ဖြူးပေးလျက်ရှိရာ   အောက်တိုဘာ   ၇  ရက်  နံနက်ပိုင်း တွင်    သံတွဲမြို့သို့ ကိုဗစ်-၁၉  ရောဂါ ကာကွယ်ဆေး  Sinopharm  အလုံးအရေအတွက် ၈၂၀၀  ၊   ဆေးထိုးအပ်အရေအတွက်  ၄၁၀၀၀၊ စစ်တွေမြို့သို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး  Sinopharm     အလုံး အရေအတွက် ၁၁၀၀၀ ၊   ဆေးထိုးအပ်အရေအတွက်   ၅၉၀၀၀ တို့အား  တပ်မတော်လေယာဉ်ဖြင့် သယ်ယူ ရောက်ရှိလာရာ မြို့နယ်အလိုက် တာဝန်ရှိသူများက   လက်ခံရရှိ ကြောင်းနှင့်    ရခိုင်ပြည်နယ် အတွင်း   အခြားမြို့နယ်အသီးသီး နှင့်   ချင်းပြည်နယ် ပလက်ဝမြို့သို့ ဆက်လက်ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း သိရသည်။


အဆိုပါ    ပေးပို့ဖြန့်ဖြူးပေး သော ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးများကို ဦးတည်အုပ်စုလူဦးရေ ဦးစားပေးအစီအစဉ်များနှင့်အညီ ပြည်သူများသို့ အမြန်ဆုံးထိုးနှံပေးနိုင်ရေးအတွက် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။ 


တင်ထွန်း
(ပြန်/ဆက်)