
ရခိုင်ပြည်နယ် ဘက်စုံလွှမ်းခြုံသော ပညာရေးစီမံကိန်း (မူကြမ်း)နှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ
================================================================
နေပြည်တော် ဇန်နဝါရီ ၈
ရခိုင်ပြည်နယ် ဘက်စုံလွှမ်းခြုံသော ပညာရေးစီမံကိန်း(မူကြမ်း)နှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် Virtual Meeting အဖြစ် ကျင်းပသည်။
ဆွေးနွေးပွဲသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ ဦးစိုးအောင်၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ ရခိုင်ပြည်နယ် ပညာရေးမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြ သည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ယနေ့ ညှိနှိုင်းဆွေးနွေးပွဲသည် ရခိုင်ပြည်နယ်အတွက် အထူးအရေးပါပြီး အလိုအပ်ဆုံး ဖြစ်နေသည့် အရာများထဲမှ တစ်ခုဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်တွင် ကာလ ကြာရှည်စွာ ဖွံ့ဖြိုးမှုဆိုင်ရာ အကျပ်အတည်း၊ လူ့အခွင့်အရေးအကျပ်အတည်း၊ လုံခြုံရေးအကျပ်အတည်းဆိုသည့် အကျပ်အတည်း သုံးခု ကြုံတွေ့နေရပါကြောင်း၊ ယင်းအကျပ်အတည်းများကို ဖြေရှင်းနိုင်မည့် နည်းလမ်းများစွာထဲမှ ဒေသ အတွင်း နေထိုင်သူအားလုံး၏ အသိဉာဏ်ပညာ ဝေဖန်ပိုင်းခြားနိုင်မှု၊ မှန်ကန်စွာ သုံးသပ်နိုင်မှု၊ ကြောင်းကျိုးဆင်ခြင်နိုင်မှု မြင့်မားတိုးတက်ရေးသည် အဓိကကျပါ ကြောင်း၊ ထိုအရာများ မြင့်မားတိုးတက်နိုင်ရန် ပညာတတ်များရန်၊ ပညာရည် တိုးတက်မှုနှုန်းမြင့်မားရန် လိုအပ်ပါကြောင်း၊ ပညာရည်မြင့်မားမှ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်လာပြီး အလုပ်အကိုင်အခွင့်အလမ်းများ၊ စီးပွားရေး ကဏ္ဍများ၊ ကြောင်းကျိုးဆင်ခြင်နိုင်မှုများ မြင့်တက်လာကာ လူမှုစီးပွားဘဝများ ပြောင်းလဲလာပြီး တွေ့ကြုံနေရသည့် အကျပ်အတည်းများကို လျော့နည်းလာစေ မည်ဖြစ်ပါကြောင်း၊ ယနေ့ပြုလုပ်သည့် ရခိုင်ပြည်နယ် ဘက်စုံလွှမ်းခြုံသော ပညာရေးစီမံကိန်း (မူကြမ်း)သည် ထူးခြားသော အပြောင်းအလဲတစ်ခုကို ဖော်ဆောင်နိုင်လိမ့်မည်ဟု ယုံကြည်မိပါကြောင်း။
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် မစ္စတာ ကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်၏ အကြံပြုချက် ၈၈ ချက်ကို အကောင်အထည်ဖော်ရာတွင် သက်ဆိုင်ရာဝန်ကြီးဌာနများက ရခိုင်ပြည်နယ် အစိုးရနှင့် နီးကပ်စွာညှိနှိုင်း ပူးပေါင်းပြီး အကြံပြုချက်ပါလုပ်ငန်းများကို ကဏ္ဍများအလိုက် ဝိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖော်ဆောင်ရွက်နေကြသည်ကို အားလုံးသိရှိပြီးဖြစ်ပါကြောင်း၊ အကြံပြုချက်များတွင် ပညာရေးဝန်ကြီးဌာနက အကောင်အထည်ဖော်ဆောင်ရွက် ရန် အကြံပြုချက် ငါးချက်ရှိသည့်အနက် အကြံပြုချက် အမှတ်စဉ်(၃၄)တွင် ပါသော အစိုးရသည် ရခိုင်ပြည်နယ်၏ ပညာရေးကဏ္ဍ အထူးမြင့်မားတိုးတက် စေရန် စီမံချက်တစ်ရပ်ကို ပြည်နယ်အတွင်း နေထိုင်သူအားလုံး တူညီသော ပညာသင်ကြားခွင့်ရရှိရေး၊ ပညာရေးဂုဏ်မြင့်မားရေး၊ စာသင်ကျောင်းများနှင့် သင်ထောက်ကူပစ္စည်းများ တိုးတက်ကောင်းမွန်လာစေရေးစသည့် အချက်များ ကိုအခြေခံပြီး ဘက်ပေါင်းစုံ ထည့်သွင်းစဉ်းစားကာ စီမံချက်တစ်ရပ် ရေးဆွဲ အကောင်အထည်ဖော်ရန် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်က တိုက်တွန်း ထားသည်များရှိပါကြောင်း။
ပညာရေးသည် ဖွံ့ဖြိုးတိုးတက်မှု နောက်ကျခြင်းဆိုသည့် အတားအဆီး တံခါးကို ဖွင့်နိုင်မည့်သော့ဖြစ်ပါကြောင်း၊ လူတိုင်းလက်လှမ်းမီပြီး ဖွံ့ဖြိုးမှု နောက်ကျခြင်း တံခါးမှနေ လူတိုင်းဖွင့်ထွက်နိုင်ရန်လိုပါကြောင်း၊ ပညာရည် မြင့်မားလာခြင်းကြောင့် ပြဿနာအပေါ် ချဉ်းကပ်မှုပုံစံများလည်း ပြောင်းသွားနိုင် ပြီး ဖြေရှင်းဆောင်ရွက်နည်း အမျိုးမျိုးတို့မှတစ်ဆင့် ပဋိပက္ခများကို ရှောင်ရှားနိုင် မည့် နည်းလမ်းများကို ရှာဖွေဖော်ထုတ်ကြရင်းဖြင့် ထာဝရငြိမ်းချမ်းရေးလမ်းစ ပေါ်ကို ရောက်ရှိနိုင်မည်ဖြစ်ပါကြောင်း။
ယနေ့ ဆွေးနွေးမည့် ရခိုင်ပြည်နယ် ဘက်စုံလွှမ်းခြုံသော ပညာရေးစီမံကိန်း (Comprehensive Education Plan for Rakhine State - CEPR) (မူကြမ်း)သည် ကိုဖီအာနန်၏ အကြံပြုချက်နှင့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် (The Independent Commission of Enquiry - ICOE) ၏ အကြံပြုချက်များတွင် ပါဝင်သည့် ပညာရေးနှင့်လူမှုစီးပွားဘဝဖွံ့ဖြိုးမှု ချိတ်ဆက်နေရေးအတွက်အထူး အလေးထား အကောင်အထည်ဖော်ရန် လိုအပ်သည့် သဘောတရားများကို အခြေခံထားသည်ကို တွေ့ရပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံအတွင်း ရေးမှူးချုပ်ရုံး၊ အာဆီယံလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူး ရုံး (AHA Centre)တို့ ပူးပေါင်းပြီး ပြန်လည်လက်ခံရေးကိစ္စရပ်များနှင့်ပတ်သက် ပြီး ဖော်ထုတ်ထားသော ကနဦးလေ့လာဆန်းစစ်ချက်အစီရင်ခံစာ (Preliminary Needs Assessment -PNA) တွင်လည်း ထိုအချက်ကို အထူးပြုဖော်ပြထားပါ ကြောင်း၊ ရခိုင်ပြည်နယ်တွင် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရန် ပညာရေးက အဓိကအကြောင်းအချက်ဖြစ်သည့်အတွက် ရခိုင်ပြည်နယ်ဘက်စုံလွှမ်းခြုံသော ပညာရေးစီမံကိန်းက အရေးကြီးပါကြောင်း။
ရခိုင်ဒေသတွင် နေထိုင်သူများ ပညာရည်မြင့်မားလာပြီဆိုပါက နိုင်ငံသား ဖြစ်မှု ဆိုင်ရာကိစ္စရပ်နှင့် စီးပွားရေး၊ လူမှုရေးဆိုင်ရာ ကိစ္စရပ်များအတွက် ကြီးမားသော အထောက်အကူဖြစ်စေပြီး လွတ်လပ်စွာသွားလာခွင့်နှင့် လူမှု သဟဇာတဖြစ်ရေးတို့ကို ဆက်လက်တိုးတက်စေမည်ဖြစ်ပါကြောင်း၊ လူမှုသဟ ဇာတဖြစ်မှုတိုးတက်လာပြီဆိုလျှင် လုံခြုံရေးကဏ္ဍများ၊ ကျန်းမာရေးကဏ္ဍများ ပါ တိုးတက်လာပြီး ရခိုင်ပြည်နယ်၏ ကြုံတွေ့နေရသော အကျပ်အတည်းများ တဖြည်းဖြည်းလျော့ပါးလာကာ ဒေသ၏ တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက် ရေးတို့ကို တစ်ဟုန်ထိုး ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း။
ရခိုင်ပြည်နယ် ဘက်စုံလွှမ်းခြုံသော ပညာရေးစီမံကိန်း (မူကြမ်း)အကြောင်း ကို အလွှာအသီးသီးက သိရှိနားလည်ထောက်ခံရေး၊ ကိုဗစ်-၁၉ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ နောက်ဆုံးအခြေအနေများနှင့်အညီ ရှေ့ဆက်ဆောင်ရွက်နိုင်ရေးတို့ကိုလည်း ကြိုးပမ်းဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည်ပါကြောင်းနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အနေဖြင့်လိုအပ်သော ပူးပေါင်းဆောင်ရွက်မှုများကို ဆောင်ရွက်ရန် အသင့်ရှိ ကြောင်း ပြောကြားသည်။
ဆက်လက်၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ရခိုင်ပြည်နယ်တွင် မစ္စတာ ကိုဖီအာနန် ဦးဆောင်သော အကြံပေး အဖွဲ့၏ အစီရင်ခံစာအရ ရခိုင်ပြည်နယ် ဘက်စုံလွှမ်းခြုံသောပညာရေးစီမံကိန်း (မူကြမ်း)ကို ပြုစုလျက်ရှိပါကြောင်း၊ အဆိုပါစီမံကိန်း(မူကြမ်း)တွင် အဓိက ဆောင်ရွက်မည့် နယ်ပယ်ငါးခုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရန်ရှိပါ ကြောင်း၊ အဆိုပါဆောင်ရွက်မည့် နယ်ပယ်ငါးခုမှာ ကျန်းမာ၊ လုံခြုံ၊ ဘေးကင်း၍ အရည်အသွေး ကောင်းမွန်သောပညာရေး၊ မည်သည့်ခွဲခြားမှုမျှမရှိဘဲ လူတိုင်း အကျုံးဝင် အတူတကွသင်ယူနိုင်သော ပညာရေး၊ နည်းပညာနှင့် သက်မွေးပညာ သင်တန်း (TVET) နှင့် တစ်သက်တာလေ့လာသင်ယူမှုအပါအဝင် ဒေသလိုအပ်ချက် နှင့် ကိုက်ညီသည့်ကျွမ်းကျင်မှုကို အလေးထားသောပညာရေးနှင့် အဆင့်မြင့် ပညာရေးအတွက် အခွင့်အလမ်းများရရှိရေး၊ ဆရာ၊ ဆရာမများ၊ အရာထမ်း၊ အမှုထမ်းများ၏ စွမ်းဆောင်ရည်ကို ဖွံ့ဖြိုးတိုးတက်စေခြင်းအားဖြင့် လေ့လာ သင်ယူမှုကို ဖြစ်ထွန်းစေရေးတို့ ဖြစ်ပါကြောင်း။
ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုရန်အတွက် အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း(၂၀၁၆-၂၀၂၁)အရ ပညာရေးကဏ္ဍတွင် လိုအပ်ချက်များကို ဖြည့်ဆည်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ထို့အပြင် ရခိုင်ပြည်နယ်အတွင်း လူမှုသဟဇာတဖြစ်မှုကို ပိုမို အားကောင်းစေရေးအတွက် အတူသင်စီမံချက်ကို အတူတကွ ကျောင်းသွားခြင်း၊ အတူစာဖတ်ခြင်း (Reading Together)၊ အတူတကွကစားခြင်း၊ ကျောင်းတွင်း ရေနှင့်သန့်ရှင်းရေးကဏ္ဍကို အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ဆရာ၊ ဆရာမများကို အတူတကွ ထောက်ပံ့ပေးခြင်းစသော အဓိကအစီအစဉ် ငါးရပ်ဖြင့် ဆောင်ရွက်အကောင်အထည်ဖော်လျက်ရှိပါကြောင်း၊ ယနေ့အစည်းအဝေးတွင် ရခိုင်ပြည်နယ်အတွင်း အခြေခံပညာ၊ အဆင့်မြင့်ပညာနှင့် နည်းပညာ၊ သက်မွေး ပညာရေးနှင့် လေ့ကျင့်ရေးကဏ္ဍ အသီးသီးတွင် ဖြည့်ဆည်းပေးရန် လိုအပ် ချက်များကို စိစစ်အကဲဖြတ်ပြီး ထောက်ပံ့ပေးနိုင်ရေးအတွက် ရခိုင်ပြည်နယ် ဘက်စုံလွှမ်းခြုံသောပညာရေးစီမံကိန်း(မူကြမ်း)နှင့် ချိတ်ဆက်ကာ ဖြည့်ဆည်း ဆောင်ရွက်ပေးမည့်အစီအစဉ်များကို ညှိနှိုင်းဆွေးနွေး အကြံပြုကြစေလိုပါ ကြောင်း၊ ဆက်လက်၍လည်း ရခိုင်ပြည်နယ်အကြံပေးအဖွဲ့၏ အစီရင်ခံစာ၏ အကြံပြုချက်နှင့်အညီ ကျန်းမာ၊ လုံခြုံ၊ ဘေးကင်း၍ အရည်အသွေးရှိသည့် ပညာရေးကို ဦးတည်အကောင်အထည်ဖော်နိုင်ရေးအတွက် ပူးပေါင်းညှိနှိုင်း ဆွေးနွေးအကြံပြုချက်များရယူပြီး ဆောင်ရွက်သွားလိုပါကြောင်း၊ မိမိတို့ ဝန်ကြီး ဌာနများအနေဖြင့် လိုအပ်သည်များကို ပံ့ပိုးကူညီပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ အခြေခံပညာဦးစီးဌာန၊ နည်းပညာ၊ သက်မွေးပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနနှင့် အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်များက ကဏ္ဍအလိုက် လိုအပ်ချက် စစ်ဆေးအကဲဖြတ်ချက်များနှင့် ရခိုင်ပြည်နယ် ဘက်စုံလွှမ်းခြုံသော ပညာရေးစီမံကိန်း (မူကြမ်း)နှင့် ဆက်စပ်ပံ့ပိုးဆောင်ရွက် အကောင်အထည်ဖော်မည့် အစီအစဉ်များကို ဆွေးနွေးတင်ပြကြသည်။
ထို့နောက် အစည်းအဝေး တက်ရောက်လာသူများက မေးမြန်းဆွေးနွေး အကြံပြုခြင်းများဆောင်ရွက်ပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးတို့က နိဂုံးချုပ်စကားများပြောကြား ခဲ့ကြောင်း သိရသည်။
သတင်းစဉ်