ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများညှိနှိုင်းပေါင်းစပ်ရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ပြည်ထောင်စုဝန်ကြီးများ ပြန်လည်လက်ခံရေးစခန်းများ၊ ယာယီကြားစခန်းနှင့် ယာယီခိုလှုံရာစခန်းများ ကြည့်ရှု

 

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ
 ညှိနှိုင်းပေါင်းစပ်ရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ပြည်ထောင်စုဝန်ကြီးများ 
ပြန်လည်လက်ခံရေးစခန်းများ၊ ယာယီကြားစခန်းနှင့် ယာယီခိုလှုံရာစခန်းများ ကြည့်ရှုစစ်ဆေး

 

နေပြည်တော်   ဖေဖော်ဝါရီ   ၈


ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့်     ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာလုပ်ငန်းများ       ညှိနှိုင်းပေါင်းစပ် ရေးကော်မတီဥက္ကဋ္ဌ     နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်း နောင်နှင့်    ပြည်ထောင်စုဝန်ကြီးများသည်   ရခိုင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အတူ    ယမန်နေ့နံနက်ပိုင်း တွင် စစ်တွေမြို့မှ  တောင်ပြိုလက်ဝဲသို့ ရောက်ရှိပြီး ရခိုင်ပြည်နယ်မှ  နေရပ်စွန့်ခွာသူများ   ပြန်လည် ဝင်ရောက်လာချိန်တွင်   စတင်စစ်ဆေးလက်ခံမည့် မြန်မာ - ဘင်္ဂလားဒေ့ရှ်   ချစ်ကြည်ရေးတံတားသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

 


ထို့နောက်  တောင်ပြိုလက်ဝဲ ပြန်လည်လက်ခံရေး စခန်း ရှင်းလင်းဆောင်သို့ရောက်ရှိပြီး စခန်းတာဝန်ခံ အရာရှိက  ပြန်လည်လက်ခံရေးဆိုင်ရာ  လုပ်ငန်းစဉ် များနှင့်အညီ   ဆောင်ရွက်ထားရှိသည့်  အခြေအနေ၊ ခွင့်ပြုရန်ပုံငွေဖြင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊  ရှေ့ဆက်လက်ဆောင်ရွက်မည့် အစီအမံများနှင့် လိုအပ်ချက်ရှိသည်များကို ရှင်းလင်း တင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးများက လိုအပ်သည် များညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။

 


ယင်းနောက် ပြန်လည်ဝင်ရောက်လာမည့်သူများ နှင့်စပ်လျဉ်း၍     လဝကလုပ်ငန်းစဉ်များဖြစ်သည့် အိမ်ထောင်စုစာရင်းရေးသွင်း   မှတ်သားခြင်း၊   Bio Metric Data များ ရယူ၍ e-ID ဖြည့်သွင်းခြင်း၊  NVC ကတ် ထုတ်ပေးခြင်း၊ Covid  စစ်ဆေးခြင်းအပါအဝင် ကျန်းမာရေးဆိုင်ရာ ဆောင်ရွက်မည့် အခြေအနေများ၊ မီးဘေးလုံခြုံရေးအတွက် မီးသတ်တပ်ဖွဲ့မှ ဆောင်ရွက် ထားရှိမှုနှင့် စခန်းအတွင်း  ယာယီလက်ခံထားရှိရေး အတွက် ပြင်ဆင်ထားရှိမှုလုပ်ငန်းများကို   ကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်း မှာကြား သည်။

 


ဆက်လက်၍ ငါးခူရပြန်လည်လက်ခံရေးစခန်းသို့ ရောက်ရှိပြီး  စခန်းတာဝန်ခံအရာရှိ၏ ရှင်းလင်းတင်ပြ မှုအပေါ် ပြည်ထောင်စုဝန်ကြီးများက  လိုအပ်သည် များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး ပြန်လည် လက်ခံရေးအတွက်  ဆောင်ရွက်ပြီးစီးမှုကို လိုက်လံ ကြည့်ရှုစစ်ဆေးသည်။

 


ယင်းနောက်        ပြည်ထောင်စုဝန်ကြီးများနှင့် အဖွဲ့သည် ငါးခူရ အခြေခံပညာအထက်တန်းကျောင်း သို့ရောက်ရှိပြီး     ကျောင်းသား  ကျောင်းသူများ စာပေပညာသင်ကြားနေမှုကို     ကြည့်ရှုအားပေး၍ အာဟာရဖြည့်အစားအစာများ    ကျွေးမွေးရန်  ချီးမြှင့် ငွေများ ပေးအပ်သည်။ ထို့နောက် ပြန်လည်ဝင်ရောက် လာမည့်သူများ  ရေကြောင်းလမ်းမှ ဝင်ရောက်လာချိန် စစ်ဆေးလက်ခံမည့်      ပြူးမချောင်း      မော်တော် ဆိပ်ကမ်းသို့ရောက်ရှိကာ   ပြုပြင်ရန်   လိုအပ်သည့် အခြေအနေများကို  ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူ များကို    ဆောင်ရွက်ပေးရမည့်    လုပ်ငန်းများအား အမြန်ဆုံး ဆောင်ရွက်နိုင်ရေးမှာကြားသည်။

 


မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးများနှင့် အဖွဲ့သည် မောင်တောမြို့ လှဖိုးခေါင်ယာယီ ကြားစခန်း သို့   ရောက်ရှိခဲ့ပြီး   စခန်းတာဝန်ခံက    ယာယီနေရာ ချထားရေးလုပ်ငန်းစဉ်များ     ဆောင်ရွက်နေမှုနှင့် ခွင့်ပြုပြီး    ရန်ပုံငွေများဖြင့်   ဆောင်ရွက်လျက်ရှိ သည့်     လုပ်ငန်းများပြီးစီးမှုကို          ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးများက     လုပ်ငန်းများ   အချိန်မီ ပြီးစီးရေး၊         ပြန်လည်ဝင်ရောက်လာသူများအား သတ်မှတ်အချိန်ကာလအတွင်း  ယာယီကြားစခန်း၌ စနစ်တကျထားရှိနိုင်ရေး၊ ကျန်းမာရေး၊ ရေ၊ မီး၊ မိလ္လာ လုပ်ငန်းများကို ပြည့်စုံအောင် ဆောင်ရွက်ထားရှိရန်၊ ဆက်လက်တပ်ဆင်နေသည့်  အသင့်နေထိုင်နိုင်သော နေအိမ်များကို   အချိန်မီပြီးစီးအောင်   တပ်ဆင်သွား ရန်မှာကြားခဲ့ပြီး    စခန်းအတွင်း     လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုတို့ကို  လှည့်လည်ကြည့်ရှုစစ်ဆေး ခဲ့ကြသည်။

 


ဆက်လက်၍     ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည်     ရသေ့တောင်မြို့သို့ ရောက်ရှိခဲ့ပြီး   စေတီတောင်  ယာယီနေရပ်စွန့်ခွာ စခန်းမှ  ဒေသခံတိုင်းရင်းသားများနှင့်  တွေ့ဆုံကာ  ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်း နောင်က   ရခိုင်ပြည်နယ်  တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များ၊ ယာယီခိုလှုံရာ စခန်းများ   ပိတ်သိမ်းရေးဆိုင်ရာ   ကိစ္စရပ်များနှင့် စပ်လျဉ်း၍လည်းကောင်း၊ ပြည်တွင်းနေရပ်စွန့်ခွာသူ များ ပြန်လည်နေရာချထားရေးနှင့်  ယာယီခိုလှုံရာ စခန်းများ   ပိတ်သိမ်းရေးဆိုင်ရာ  အမျိုးသားအဆင့် ကော်မတီအနေဖြင့်    ယာယီနေရပ်စွန့်ခွာသူများကို နေရပ်သို့   ပြန်လည်ပို့ဆောင်ကာ  မူလအခြေအနေ ထက် ပိုကောင်းမွန်သော အခြေအနေဖြစ်အောင် စီမံ ဆောင်ရွက်ပေးလျက်ရှိသည့်    အခြေအနေများနှင့် ယာယီခိုလှုံရာစခန်းများ  ပိတ်သိမ်းနိုင်မှုအခြေအနေများကိုလည်းကောင်း ဗီဒီယိုမှတ်တမ်းဖြင့် အကျယ် တဝင့် ရှင်းလင်းပြောကြားခဲ့ပြီး ယာယီနေရပ်စွန့်ခွာ စခန်းနေ   ဒေသခံပြည်သူများ၏   တင်ပြချက်အပေါ် ပြန်လည်ရှင်းလင်းဆွေးနွေးကာ    ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးခဲ့ကြကြောင်း သိရသည်။ 


သတင်းစဉ်