ရိုးမားနဲ့လမ်းခွဲမှာ မျက်ရည်စတွေနဲ့ နှုတ်ဆက်ခဲ့တဲ့ မော်ရင်ဟို

 

ဗလောင်ဆူနေတဲ့ ရင်တစ်ခု အလွမ်းထုတွေနဲ့အတူ နည်းပြ မော်ရင်ဟို တစ်ယောက် စီးရီးအေကလပ် ရိုးမားအသင်းကနေ မျက်ရည်စတွေနဲ့ နှုတ်ဆက်ထွက်ခွာခဲ့ရပြီ ဖြစ်ပါတယ်။ အသင်းရလဒ်ဆိုးရွားမှုတွေကြောင့် ဇန်နဝါရီ ၁၆ ရက်မှာ အသင်းကနေ  ထုတ်ပယ်ခံလိုက်ရပြီးနောက် ရိုးမားအသင်းလေ့ကျင့်ရေးကွင်း ထရီဂေါ်ရီယာကနေ နောက်ဆုံး ထွက် လာတဲ့အချိန်မှာ ၎င်းကိုအားပေးကြတဲ့ ပရိသတ်တွေရဲ့ ချစ်ခင်နှစ်သက် ကြောင်း ကြွေးကြော်သံတွေ၊ အားပေးသံတွေကြားမှာ မျက်ရည်စတွေနဲ့ နှုတ်ဆက်ထွက်ခွာခဲ့ရတာပါ။ 
မြစ်ကမ်းနားမှာ ပေါက်တဲ့ သစ်ပင်ဟာ မြစ်ရေကို အမှီပြုပြီး အခက် အလက်စိမ်းလန်းစိုပြည်မှုကိုရရှိသော်လည်း မြစ်ရေတိုက်စားမှုကြောင့် အချိန်မရွေးပြိုကျပျက်စီးတတ်သကဲ့သို့ပင် ဘောလုံးနည်းပြတစ်ဦး ဟာလည်း ၎င်းထိုင်ခုံမြဲဖို့အတွက် အသင်းကစားသမားတွေအပေါ် မှီခို အားထားနေရပြီး အဲ့ဒီအသင်းကစားသမားတွေကြောင့်ပဲ နည်းပြဘဝ ကနေ ထုတ်ပယ်ခံရတတ်ပါတယ်။ 
နည်းပြပြောင်းလဲမှုတွေ ဖြစ်ပေါ်လာ
နည်းပြတစ်ဦး ထုတ်ပယ်ခံရတော့မယ့်အချိန်ဆိုရင် အသင်းမှာရှိတဲ့ ကစားသမားတွေဟာ စည်းလုံးမှုမရှိတော့ခြင်း၊ အဝတ်လဲခန်းအတွင်း အဆင်မပြေတော့ခြင်း၊ ပွဲအပေါ်အာရုံစိုက်မှု မရှိတော့ခြင်း၊ ချမှတ်ထား တဲ့ ကစားကွက်အပေါ် သံသယဝင်ခြင်း၊ နိုင်လိုစိတ်ပြင်းထန်မှု မရှိခြင်း၊ နည်းပြအပေါ် မေးခွန်းထုတ်ခြင်းစတဲ့ အချက်အလက်တွေ ဖြစ်ပေါ်လေ့ ရှိတယ်။  အသင်းတစ်သင်းမှာ  အဲဒီလို  အချက်အလက်တွေ   ဖြစ်ပေါ်မှု နဲ့အတူ ရလဒ်ဆိုးရွားနေပြီဆိုရင် အနှေးနဲ့အမြန် နည်းပြပြောင်းလဲမှုတွေ ဖြစ်ပေါ်လာတယ်။ 
မော်ရင်ဟိုလက်ထက်  နောက်ဆုံးပွဲစဉ်ဖြစ်တဲ့  အေစီမီလန်ကို သုံးဂိုး-တစ်ဂိုးနဲ့  ရှုံးနိမ့်ခဲ့တဲ့ပွဲမှာဆိုရင်  အသင်းကစားသမားတွေရဲ့ စွမ်းဆောင်ရည်ပိုင်း အတော်လေးကျဆင်းခဲ့တာ တွေ့ရတယ်။ ရိုးမား အသင်းမှာ အဓိကအားထားရတဲ့ ဗဟိုခံစစ်ကစားသမား ခရစ္စမောလင်း ကာလရှည်အနားယူနေရခြင်း၊  အသင်းအားထားရတဲ့  တိုက်စစ် ကစားသမား အေဗရာဟင်မှာလည်း ဒဏ်ရာကြောင့် ပွဲပြန်ကစားဖို့ အဆင်သင့် မဖြစ်သေးခြင်း၊ အဓိက အရေးပါဆုံး တိုက်စစ်ကစားသမား သမားဖြစ်သူ ဒိုင်ဘာလာမှာလည်း ပွဲလွဲချော်မှု များပြားလာခြင်း စတာ တွေကလည်း အသင်းစွမ်းဆောင်ရည်ပိုင်း သို့မဟုတ် အသင်းရလဒ်ပိုင်း ဆိုးရွားလာမှု တစ်စိတ်တစ်ပိုင်းပါဝင် ပတ်သက်နေတယ်။ 
အဆင့် (၉) မှာ ရပ်တည်နေ
ရိုးမားအသင်းဟာ ယခုနှစ်ရာသီ ပွဲစဉ် (၂၀) အပြီးမှာ ဦးဆောင်သူ အင်တာမီလန်အသင်းနဲ့ ၂၂ မှတ်အကွာ၊ အဆင့် (၄) နေရာက ဖီအို ရင်တီးနားနဲ့ ငါးမှတ်အကွာ ရမှတ် ၂၉ မှတ်နဲ့ အဆင့် (၉) မှာ ရပ်တည် နေတာ ဖြစ်ပါတယ်။ အီတလီဘောလုံးဘဏ္ဍာရေးဆိုင်ရာ ကျွမ်းကျင်သူ ကလက်စီယို အီးဖီနန်ဇာက မော်ရင်ဟိုနည်းပြတဲ့ကာလ သက်တမ်း အတွင်း စီးရီးအေမှာ ရရှိတဲ့ အမှတ်တစ်ခုချင်းစီဟာ ရိုးမားကို ပေါင် သုံးသန်းခန့် ကုန်ကျတယ်လို့ တွက်ချက်ကာ ထောက်ပြခဲ့တယ်။ 
၂၀၂၁ ခုနှစ် ဇူလိုင် ၁ ရက်မှာ မော်ရင်ဟို ရိုးမားအသင်းထံ စတင် ရောက်ရှိခဲ့ပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၆ ရက် အသင်းကနေ ထွက်ခွာ တဲ့အချိန်အထိ ပွဲပေါင်း ၁၃၈ ပွဲ ကိုင်တွယ်ခဲ့ပြီး ၆၈ ပွဲနိုင်၊ ၃၁ ပွဲသရေနဲ့ ၃၉ ပွဲ ရှုံးနိမ့်ထားတယ်။ ၂၀၂၁ ခုနှစ် နွေရာသီမှာ ကစားသမား ခေါ်ယူ မှုတွေအတွက် အသားတင် ပေါင်သန်း ၁၀၀  ခန့်  သုံးစွဲခဲ့တယ်။  အဲဒီ နောက် မော်ရင်ဟိုက ၁၄ နှစ်အတွင်း ရိုးမားအသင်းအတွက် ပထမဆုံး ဆုဖလား၊ ၁၉၆၁ ခုနှစ်နောက်ပိုင်း ပထမဆုံး ဥရောပဖလားဖြစ်တဲ့ ယူရိုပါကွန်းဖရင့်လိဂ်ကို ဆွတ်ခူးကာ အသင်းပိုင်ရှင်တွေရဲ့ ယုံကြည်မှုကို သက်သေထူပြခဲ့တယ်။ 
ဖလားဆွတ်ခူးနိုင်ခြေနည်းပါး
ဒါ့အပြင် ၂၀၂၂-၂၀၂၃ ရာသီမှာလည်း နည်းပြ မော်ရင်ဟိုအနေနဲ့ ယူရိုပါလိဂ်ဖလားပြိုင်ပွဲမှာ ရိုးမားအသင်းကို ဗိုလ်လုပွဲ တက်လှမ်း နိုင်အောင် ကူညီပေးထားနိုင်တယ်။   သို့သော်   ယခုနှစ်ရာသီမှာတော့ အမှတ်ပေးဖလားပြိုင်ပွဲမှာ   ရလဒ်တွေ   ဆိုးရွားနေမှုကြောင့်    ဖလား ဆွတ်ခူးနိုင်ခြေ   အတော်လေးနည်းပါးသွားခဲ့ပြီ ဖြစ်တယ်။ ထို့အပြင် ကိုပါအီတာလီယာဖလားပြိုင်ပွဲ ကွာတားဖိုင်နယ်မှာလည်း လာဇီယိုကို ရှုံးနိမ့်ခဲ့တဲ့အတွက် ပြိုင်ပွဲကနေ ထွက်ခွာထားရပြီ ဖြစ်ပါတယ်။ ဒါကြောင့် ဒီရာသီမှာ ရိုးမားအသင်း ဖလားဆွတ်ခူးနိုင်ခြေရှိတာဆိုလို့ ယူရိုပါလိဂ် သာ ကျန်ရှိတော့တာ ဖြစ်ပါတယ်။ 
မျက်ရည်ပါကျတဲ့အထိ ဖြစ်ခဲ့
မည်သို့ပင်ဆိုစေ ပေါ်တို၊ ချယ်ဆီး၊ အင်တာမီလန်၊ ရီးရဲမက်ဒရစ်၊ မန်ယူစတဲ့ အသင်းတွေမှာ အောင်မြင်မှု အသီးသီး၊ ဖလားအလီလီ ရယူ ထားနိုင်တဲ့ မော်ရင်ဟိုအနေနဲ့ ရိုးမားအသင်း ကွန်ဗရင့်လိဂ်ဗိုလ်လုပွဲ တက်လှမ်းနိုင်ခဲ့တုန်းကလည်း မျက်ရည်မဆည်နိုင် ဖြစ်ခဲ့ပါသေးတယ်။ ဗိုလ်လုပွဲမှာ  ပြိုင်ဘက်ကို  အနိုင်ယူပြီး  ဖလားဆွတ်ခူးနိုင်ခဲ့တော့ မျက်ရည်ပါကျတဲ့အထိ ဖြစ်ခဲ့တယ်။ ဂန္ထဝင်ကစားသမား တော့တီဟာ ရိုးမားအသင်းကို သစ္စာမြဲလွန်းလို့ ဘယ်နာမည်ကြီး အသင်း၊ တခြား ဘယ်အသင်းကို မပြောင်းရွှေ့ခဲ့တာကြောင့် ရောမဟာ သစ္စာတရား ထွန်းကာရာ  နယ်မြေလို့  ထင်မှတ်ခဲ့ရသော်ငြား  အသင်းသမိုင်း တစ်လျှောက် ဥရောပပြိုင်ပွဲမှာ ဗိုလ်လုပွဲကို နှစ်ကြိမ်တိုင်တိုင် ရောက် ရှိအောင် စွမ်းဆောင်ပေးထားနိုင်ပြီး အသင်းအပေါ် ပေးဆပ်လိုစိတ် ပြင်းထန်လွန်းသူ နည်းပြ မော်ရင်ဟိုကို ရလဒ်ဆိုးရွားမှု အကြောင်းပြုကာ အသင်းကနေ ရုတ်တရက်ထုတ်ပယ်လိုက်တာကတော့ ရက်စက်လွန်း ရာကျတယ်လို့ ဘောလုံးကျွမ်းကျင်သူတွေက သုံးသပ်ကြတယ်။ 
ဒီရော့ဆီကို ယာယီနည်းပြအဖြစ် ခန့်အပ်
လက်ရှိမှာတော့ ရိုးမားအသင်းဟာ အသင်းကစားသမားဖြစ်သူ ဒီရော့ဆီကို ယာယီနည်းပြအဖြစ် ခန့်အပ်လိုက်ပါတယ်။ ဖြစ်တည် ခြင်းတွေ ကောင်းခဲ့ပေမယ့် နေရာလွဲပြီး ပွင့်ခဲ့တဲ့ပန်းလို ဆုတောင်းများ မှားခဲ့လေသလားလို့ ထင်ရတဲ့ နည်းပြမော်ရင်ဟိုရဲ့ မျက်ရည်ပြဇာတ်ဟာ ဒီမှာတင် အဆုံးသတ်သွားမလား သို့မဟုတ် အသင်းသစ်မှာ ဆက်ရန် ရှိသေးသည်ဆိုပြီး မျက်ရည်ပြဇာတ်ဆက်ခင်းဦးမလားဆိုတာထက် မော်ရင်ဟို ထွက်ခွာသွားပြီးနောက် ရိုးမားအသင်းရဲ့ အခြေအနေဟာ အရေးမကြီးချင်ယောင်ဆောင်ဖို့ မဖြစ်နိုင်ဘဲ ယာယီနည်းပြ ဒီရော့ဆီ အနေနဲ့ အသင်းရဲ့ လိုအပ်ချက်တွေကို အချိန်မီပြင်ဆင်ပြီး လမ်းကြောင်း မှန်ပေါ် ပြန်တည့်ကာ ဆုဖလားတွေ ဆွတ်ခူးပေးသွားနိုင်မလားဆိုတာ က ပိုပြီးစိတ်ဝင်စားဖို့ ကောင်းလာတယ်။      ။
 

မိုး