
နေပြည်တော် ဩဂုတ် ၁၃
ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ် များကို ကာကွယ်စောင့်ရှောက်ရန် အတွက် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ရဲရဲဝံ့ဝံ့ သက်စွန့် ဆံဖျားထမ်းဆောင်လျက်ရှိသည့် ရှေ့တန်း ရောက် တပ်မတော်သားများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များအတွက် ပြည်ထောင်စု ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များမှ ဝန်ထမ်းများ နှင့် မိသားစုများသာမက နိုင်ငံအတွင်းမှ အသင်းအဖွဲ့များ၊ စေတနာရှင် အလှူရှင် များကလည်း အလှူငွေများနှင့် စားသောက် ဖွယ်ရာများကို ပေးပို့လှူဒါန်းလျက် ရှိသည်။
လိုက်လံကြည့်ရှုအားပေး
ယနေ့တွင် နိုင်ငံခြားရေးဝန်ကြီးဌာန နှင့် ပြည်ပရှိ မြန်မာသံရုံး၊ အဖွဲ့ရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံးများမှ ဝန်ထမ်းမိသားစု များက ရှေ့တန်းရောက် တပ်မတော်သား များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာ၊ မေတ္တာအပြည့်ဖြင့် ကော်ဖီမစ်၊ ခေါက်ဆွဲခြောက်၊ ငါးပိထောင်း၊ ငါးသေတ္တာ၊ ငါးနီတူခြောက်ကြော်၊ ငါးကြင်းကြော်ဘူး၊ ငါးဆုပ်ဟင်းဘူး၊ ကြက်သားနှပ်ဘူး၊ ဗာလချောင်ကြော်၊ လက်ဖက်ချဉ်စပ်၊ ကုလားပဲနှပ်၊ ဆေးပေါ့လိပ်၊ မြေပဲပွ၊ မြေပဲ ဆန်လှော်နှင့် အားဖြည့်အချိုရည်များ လှူဒါန်းနိုင်ရန် နိုင်ငံခြားရေးဝန်ကြီးဌာန လောကနတ်ခန်းမတွင် ပြင်ဆင်ထုပ်ပိုး နေမှုများကို ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ဒုတိယဝန်ကြီး ဦးလွင်ဦး၊ အမြဲတမ်း အတွင်းဝန်၊ သံအမတ်ကြီးများနှင့် ဌာန ဆိုင်ရာ အကြီးအကဲများက လိုက်လံ ကြည့်ရှုအားပေးကြသည်။
နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ပြည်ပရှိ မြန်မာသံရုံး၊ အဖွဲ့ရုံးနှင့် ကောင်စစ်ဝန်ချုပ် ရုံးတို့မှ ဝန်ထမ်းမိသားစုများက လှူဒါန်း သည့် ငွေကျပ်သိန်း ၂၀၀ တန်ဖိုးရှိ စားသောက်ဖွယ်ရာများကို ရှေ့တန်း ရောက်တပ်မတော်သားများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ လက်ဝယ်အရောက် ဆက်လက်ပို့ဆောင်ပေးနိုင်ရေး နေပြည် တော်တိုင်းစစ်ဌာနချုပ်သို့ သွားရောက် လှူဒါန်းမည်ဖြစ်သည်။
အလားတူ ယနေ့တွင် တတိယ အကြိမ် ပေးပို့လှူဒါန်းနိုင်ရန်အတွက် နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ထမ်း မိသားစုများက စားသောက်ဖွယ်ရာများ ကို စုပေါင်းချက်ပြုတ်ကြော်လှော်ကြပြီး စိတ်အားထက်သန်စွာဖြင့် ပြင်ဆင် ထုပ်ပိုးနေမှုများကို ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေး ကြသည်။
နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ထမ်း မိသားစုဝင်များအနေဖြင့် ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ ဝင်များအတွက် ငွေကျပ်သိန်း ၃၀၀ တန်ဖိုးရှိ မြေပဲကြော်၊ ဗာလချောင်ကြော်၊ ငါးနီတူခြောက်ကြော်၊ အသင့်စားချဉ်ပေါင် ကြော်၊ ငါးသေတ္တာဘူး၊ လက်ဖက်နှပ်၊ ငါးပိထောင်းဘူး၊ သရက်သီးသနပ်၊ ခေါက်ဆွဲခြောက်၊ ငါးကြင်းဆန်ပြုတ် စသည့် စားသောက်ဖွယ်ရာ ၁၀ မျိုးတို့ ကို အထုပ် ၁၅၀၀ စီ၊ ကော်ဖီမစ်နှင့် တီးမစ် အထုပ် ၃၀၀၀ စီတို့ကို သြဂုတ် ၁၄ ရက်တွင် နေပြည်တော်တိုင်းစစ်ဌာန ချုပ်သို့ ပေးပို့လှူဒါန်းသွားမည်ဖြစ်သည်။
ဆုတောင်းမေတ္တာစာလွှာများပေးပို့
စားသောက်ဖွယ်ရာများနှင့် အတူ ဝန်ကြီးဌာနအရာထမ်း၊ အမှုထမ်းများက “တရားသောစစ် မုချအောင်ရမည်၊ အမောင်စစ်သည်တို့နှင့်အတူ တစ်သွေး တည်း တစ်သားတည်း အတူရပ်တည်နေ သည်ကို ခြွင်းချက်မရှိ ယုံကြည်၍ ပေးအပ် သည့် အမိန့်နှင့် တာဝန်များကို ကျေပွန် စွာထမ်းဆောင်ပြီး အောင်ပွဲများနှင့်အတူ ပြန်လာချိန်ကို သပြေပန်းနှင့် ကြိုဆိုရန် အသင့်စောင့်မျှော်နေမည်” အစရှိသည့် ဆုတောင်းမေတ္တာ စာလွှာများကိုလည်း ထည့်သွင်းပေးပို့ခဲ့ကြသည်။
ထို့အတူ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဘာသာပေါင်းစုံချစ်ကြည် ညီညွတ်ရေးအဖွဲ့တို့မှ ပြည်သူများက ဩဂုတ် ၁၁ ရက်က ပဲခူးမြို့ ဗုဒ္ဓအသံ ဓမ္မ ဗိမာန်တော်ကြီး၌ စားသောက်ဖွယ်ရာ များ စုပေါင်းကြော်လှော်ချက်ပြုတ်ကြပြီး ပေးပို့လှူဒါန်းနိုင်ရေး ပြင်ဆင်ထုပ်ပိုးနေမှု များကို ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီး များက လိုက်လံကြည့်ရှုအားပေးခဲ့ကြ သည်။
နိုင်ငံတော်လုံခြုံရေးနှင့် နယ်မြေ ဒေသကာကွယ်ရေးအတွက် မိမိတို့၏ အသက်ကို ပဓာနမထားဘဲ စွန့်လွှတ် စွန့်စားစွာဖြင့် ရှေ့တန်းတွင်တိုက်ပွဲဝင်နေ ကြသည့် တပ်မတော်သားများနှင့် လုံခြုံ ရေးတပ်ဖွဲ့ဝင်များအတွက် ငါးခြောက်၊ အသားတုနှင့် ငရုတ်သီးကြော်၊ ငါးပိငံပြာ ရည်ကြာ်၊ ပဲမျိုးစုံကြော်၊ လက်ဖက်၊ ဆေးလိပ်နှင့် အခြားစားသောက်ဖွယ်ရာ များကို ပေးပို့လှူဒါန်းသွားမည်ဖြစ်ပြီး ပဲခူးတိုင်းဒေသကြီး ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့မှ တိုင်းရင်း သားပြည်သူများက “တိုင်းပြည်၏ အန္တရာယ်ရန်စွယ်အပေါင်းကို တွန်းလှန် တိုက်ခိုက်နေသည့် တပ်မတော်သားများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအား လေးစား ဂုဏ်ယူလျက်ရှိကြောင်း၊ မကြာမီ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ အေးချမ်းစွာ ပြန်လည်နေထိုင်ရတော့ မည်ဟု ယုံကြည်မျှော်လင့်နေကြောင်း” စသည့် မေတ္တာစာလွှာများကို ထည့်သွင်း ပေးပို့ခဲ့ကြသည်။
ထပ်မံပေးပို့ လှူဒါန်းခြင်းဖြစ်
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် စေတနာရှင်ပြည်သူများ စုပေါင်း၍ ဩဂုတ် ၁ ရက်တွင် ငွေကျပ်သိန်း ၂၅၀ တန်ဖိုးရှိ စားသောက်ဖွယ်ရာများ ပေးပို့ လှူဒါန်းခဲ့ပြီး ယခုအခါ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ပဲခူးတိုင်းဒေသကြီး ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေး အဖွဲ့မှ တိုင်းရင်းသားပြည်သူများ စုပေါင်း ၍ ဒုတိယအကြိမ်အဖြစ် ငွေကျပ်သိန်း ၁၀၀ ကျော်တန်ဖိုးရှိ စားသောက်ဖွယ်ရာ များ ထပ်မံပေးပို့ လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။
ထို့အတူ ဩဂုတ် ၅ ရက် ညနေပိုင်းက ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာန ဆိုင်ရာ ဝန်ထမ်းမိသားစုများ စုပေါင်း၍ စားသောက်ဖွယ်ရာများ ပေးပို့လှူဒါန်းနိုင် ရေး စိတ်အားထက်သန်စွာ ပြင်ဆင် ဆောင်ရွက်နေမှုကို တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တာဝန်ရှိသူများ က လိုက်လံကြည့်ရှုအားပေးခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာ ဝန်ထမ်းမိသားစုများက ရှေ့တန်းရောက် တပ်မတော်သားများ နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ခေါက်ဆွဲခြောက် ၁၄၈၄၆ ထုပ်၊ ကြာဆံ ခြောက်အထုပ် ၉၀၀၊ ငါးသေတ္တာဘူး ၂၁၀၊ ကော်ဖီမစ် ၁၃၇ ပါကင်၊ ကွေကာအုပ် ၁၀ ပါကင်၊ ငါးပိထောင်းဘူး ၅၀၊ ငါးပိကြော်ထုပ် ၆၀ ၊ အမွှေးဆပ်ပြာ ၁၆၈ တုံး၊ ဓာတ်ဆား ထုပ်၂၅၀၊ ဆေးလိပ် ၁၀၆၀၀ ၊ ဂက်စ်မီးခြစ် အလုံးရေ ၁၀၀၊ သွားတိုက်ဆေးဘူး ၂၂၀၊ လက်ဖက်အသား နှစ်ပိဿာ၊ နှစ်ပြန်ကြော် သုံးပိဿာ၊ ကိတ်ခြောက် ၂၈ ဘူး၊ မိုးကာ အထည် ၂၀ ၊ တီရှပ် ၁၀ ထည်၊ ငံပြာရည် ဘူး ၂၄၀၀၊ အချိုရည်ဘူး ၆၀၀၊ လက်ဆေး ဆပ်ပြာဘူး ၁၅၀ ၊ ဆန်ကွတ်ကီးမုန့်ထုပ် ၇၂၀၀၊ ဂျက်ကတ်အင်္ကျီအထည် ၅၀၊ ဘောင်းဘီရှည်အထည် ၅၀၊ အဝတ် အထည်မျိုးစုံအထည် ၁၀၀ တို့ကို လှူဒါန်း သွားမည်ဖြစ်သည့်အပြင် “ကျန်းမာပါစေ၊ ဘေးအန္တရာယ်ကင်းပါစေ၊ တရားသောစစ် အောင်မြင်ပါစေ” စသည့် ဆုတောင်း မေတ္တာစာလွှာများကို ထည့်သွင်းပေးပို့ကြ သည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာ ဝန်ထမ်းမိသားစုများက ငွေကျပ် ၂၈၇၇၅၅၉၀ တန်ဖိုးရှိ စားသောက်ဖွယ်ရာများကို လှူဒါန်းခဲ့ ကြောင်း သိရသည်။
သတင်းစဉ်