ရွှေတိဂုံစေတီတော်၌ နယုန်လပြည့်နေ့(မဟာသမယအခါတော်နေ့) အခမ်းအနားကျင်းပ

ရန်ကုန်   ဇွန်   ၂၄


ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူး ကျင်းပသည့်  ၁၃၈၃ ခုနှစ်  နယုန်လပြည့်နေ့(မဟာသမယအခါ တော်နေ့) အခမ်းအနားကို ယနေ့နံနက် ၅ နာရီခွဲမှစတင်၍ ရွှေတိဂုံစေတီတော်ရင်ပြင်ရှိ     သတ်မှတ်နေရာအသီးသီး၌ ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက်များနှင့်အညီ ကျင်းပသည်။
ရှေးဦးစွာ ရွှေတိဂုံစေတီတော်ရင်ပြင်ရှိ ဧည့်ခံတန်ဆောင်း၌ ဂေါပကအဖွဲ့ဝင်များ၊  ဝန်ထမ်းများနှင့်  ရွှေတိဂုံစေတီတော် ဝတ်အသင်းအဖွဲ့များက  စေတီတော်မြတ်ကြီးအား  ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ သစ်သီးဆွမ်းများဖြင့် ကပ်လှူပူဇော်ကြသည်။


ထို့နောက် ရွှေတိဂုံစေတီတော် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌  ရွှေတိဂုံစေတီတော်သြဝါဒါစရိယ ဆရာတော်ကြီး များအား  အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းကြသည်။


ယင်းနောက်  နယုန်လပြည့်နေ့(မဟာသမယအခါတော်နေ့) အခမ်းအနားကိုကျင်းပရာ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဝင်  ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ သြဝါဒါစရိယ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇတိပိဋကဓရ  ပါဋိပါရဂူ ရွှေပြည်သာကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တနာဂိတထံမှ  ဂေါပကအဖွဲ့ဝင်များ၊  ဝန်ထမ်း များနှင့်   ဝတ်အသင်းအဖွဲ့များက  ကိုးပါးသီလခံယူဆောက် တည်ကြသည်။
ထို့်နောက် ဂေါပကအဖွဲ့ဝင်များက ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏  သြဝါဒါစရိယ ဆရာတော် ကြီးများအား  လှူဖွယ်ဝတ္ထုပစ္စည်းများ  ဆက်ကပ်လှူဒါန်း ကြသည်။


ယင်းနောက် ရွှေတိဂုံစေတီတော်  ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့  သြဝါဒါစရိယ  မဟာဝိသုဒ္ဓါရုံတိုက်သစ် ဦးစီးပဓာန နာယက   တိပိဋကဓရတိပိဋက     ဘဏ္ဍာဂါရိက    အဂ္ဂမဟာ ပဏ္ဍိတ(ယောဆရာတော်) ဘဒ္ဒန္တသီရိန္ဒာဘိဝံသထံမှ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။
ထို့နောက် ရွှေတိဂုံစေတီတော်ဝတ်အသင်းအဖွဲ့များက စေတီတော်ကြီး၏    အရှေ့၊  အနောက်၊ တောင်၊ မြောက်ရှိ တန်ဆောင်းများ၌  စုပေါင်း၍ မဟာသမယဒေသနာတော်အား ရွတ်ဆိုပူဇော်ကြသည်။                            

 

  ဇော်ဇော်လတ်(MNA)