
ရန်ကုန် ဇန်နဝါရီ ၂၇
လေးဆူဓာတ်ပုံရွှေတိဂုံစေတီတော်မြတ်ကြီးတွင် ဆရာတော်ကြီးများက အတွင်းအောင်ခြင်းရှစ်ပါး ပါဠိတော်၊အပြင်အောင်ခြင်းရှစ်ပါး ပါဠိတော် နှင့် ဓဇဂ္ဂသုတ်တရားတော်များ ရွတ်ပွားပူဇော်ခြင်းနှင့် ဝတ်အသင်း အဖွဲ့က အပြင်အောင်ခြင်းရှစ်ပါးလင်္ကာ နှင့်ဓဇဂ္ဂသုတ်တရားတော်ရွတ်ဆို ပူဇော်ခြင်း အခမ်းအနားကို ယနေ့နံနက် ၈ နာရီက ကျင်းပသည်။
ဦးစွာ ရွှေတိဂုံစေတီတော် အထက်ပစ္စယာရှိ ပတ္တမြားမျက်ရှင်ဘုရား တွင် ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တအဂ္ဂသာမိ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ဝန်ကြီးများက ပန်း၊ ဆီမီး၊ ရေချမ်းနှင့် ဆွမ်းတော်များ ကပ်လှူပူဇော်၍ ဖူးမြော် ကြည်ညိုကြသည်။
ထို့နောက် စေတီတော်ရင်ပြင်ရှိ ချမ်းသာကြီးဘုရားတန်ဆောင်းတွင် တိုင်းဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တအဂ္ဂသာမိ အမှူးပြုသော ဆရာတော်၊ သံဃာတော်များက အတွင်းအောင်ခြင်းရှစ်ပါးနှင့် အပြင်အောင်ခြင်း ရှစ်ပါးပါဠိတော်အား ရွတ်ဖတ်၍ လည်းကောင်း၊ အပြင်အောင်ခြင်း ရှစ်ပါးလင်္ကာအား ဝတ်အသင်းအဖွဲ့က ရွတ်ဖတ်၍လည်းကောင်း၊ သံဃာ တော်အရှင်သူမြတ်များနှင့် ဝတ်အသင်းသူ၊အသင်းသားများက ဓဇဂ္ဂသုတ် ပရိတ်တော်မြတ်ကို ရွတ်ဖတ်၍လည်းကောင်း ပူဇော်ကြသည်။
ယင်းနောက် ရွတ်ဖတ်ပူဇော်ကြသော သံဃာတော်အရှင်သူမြတ်များ အား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး ဝန်ကြီးများက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် စေတီတော် ရင်ပြင်တွင် တပ်မတော်သားများနှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဝန်ထမ်းများက လုပ်အားဒါနအဖြစ် ကုသိုလ်ယူ အမှိုက်လှည်း ခြင်း၊ ဆီမီးခုံများ၊ တန်ဆောင်းများနှင့် ဘုရားစေတီများအတွင်း သန့်ရှင်း ရေး ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးကြောင်း သိရသည်။
ဆန်းကျော်ဦး(ပြန်/ဆက်)