
နေပြည်တော် ဖေဖော်ဝါရီ ၁၅
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပေါ်မှု အခြေအနေများကြောင့် ဗုဒ္ဓဘာသာ ဘုရားစေတီများ အပါအဝင် သက်ဆိုင်ရာ ဘာသာများအလိုက် ဘာသာရေးကျောင်းများအား ဖူးမြော် ခွင့်၊ ဝတ်ပြုခွင့်များ ယာယီရပ်ဆိုင်း ထားရှိရာမှ ကိုဗစ်-၁၉ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ စိတ်အေး ချမ်းသာစွာ ဖူးမြော်၊ ဝတ်ပြု၊ ကြည်ညို တရားဘာဝနာ ပွားများနိုင်ရေး အတွက် ဖေဖော်ဝါရီ ၈ ရက်မှ စတင်၍ ပြန်လည်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရ သည်။
ထိုသို့ ပြန်လည်ဖွင့်လှစ်ထားရှိရာ ယနေ့တွင် ရန်ကုန်မြို့ရှိ ရွှေတိဂုံ စေတီတော်မြတ်ကြီး (ယာပုံ)၊မန္တလေး မြို့ရှိ မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး၊ နေပြည်တော် ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီးတို့ အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိဘုရား၊ စေတီပုထိုးများ၌ ဘုရားဖူးလာ သံဃာတော်များ၊ သာသနာနွယ်ဝင် သီလရှင်များနှင့် မိဘပြည်သူများသည် ကိုဗစ်-၁၉ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ဖူးမြော်ကြည်ညို ကုသိုလ်ယူလျက် ရှိကြသည်။
ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော် မြတ်ကြီးအား နေ့စဉ်နံနက် ၆ နာရီမှ ၇ နာရီအထိ လည်းကောင်း၊ နံနက် ၈ နာရီမှ ၉ နာရီအထိ လည်းကောင်း၊ နံနက် ၁၀ နာရီမှ ၁၁ နာရီအထိ လည်း ကောင်း နံနက်ပိုင်းသုံးကြိမ်၊ မွန်းလွဲ ၁ နာရီမှ ၂ နာရီအထိလည်းကောင်း၊ ညနေ ၃ နာရီမှ ၄ နာရီအထိ လည်းကောင်း၊ ညနေ ၅ နာရီမှ ၆ နာရီအထိလည်းကောင်း ဖူးမြော် နိုင်ရေး ဆောင်ရွက်ပေးထားကြောင်း သိရသည်။
ထို့ပြင် နိုင်ငံတစ်ဝန်းရှိ အစ္စလာမ် ဘာသာရေးကျောင်းများ၊ ခရစ်ယာန် ဘာသာရေးကျောင်းများနှင့် ဟိန္ဒူ ဘာသာရေး ကျောင်းများကိုလည်း သက်ဆိုင်ရာ ဘာသာများအလိုက် အများပြည်သူဝတ်ပြုကြည်ညိုနိုင်ရေးအတွက် ကိုဗစ်-၁၉ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ဖွင့်လှစ်ထား ရှိရာ သက်ဆိုင်ရာဘာသာဝင်များက စည်းမျဉ်း စည်းကမ်းများနှင့် အညီ စိတ်အေးချမ်းသာစွာ လာရောက် ဝတ်ပြုလျက်ရှိကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရ သည်။
သတင်းစဉ်