ရွှေတိဂုံစေတီတော် ၂၆၁၀ နှစ်မြောက် ဗုဒ္ဓပူဇနိယတပေါင်းပွဲတော် အသံမစဲမဟာပဋ္ဌာန်းပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

ရန်ကုန်   မတ်  ၇


ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ကကြီးမှူးကျင်းပသည့်  ၂၆၁၀  နှစ်မြောက် ဗုဒ္ဓပူဇနိယ  တပေါင်းပွဲတော်  အသံမစဲမဟာပဋ္ဌာန်း ပူဇော်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ရွှေတိဂုံစေတီတော်ရင်ပြင် ရာဟုထောင့်ရှိ ချမ်းသာကြီး တန်ဆောင်း၌ ကျင်းပသည်။


အခမ်းအနားသို့ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော် ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ  ဆရာတော်ကြီး များနှင့် ပင့်သံဃာတော်များ ကြွရောက်တော်မူကြပြီး  ဂေါပကအဖွဲ့ဝင်များ၊     ဂေါပကရုံးဝန်ထမ်းများနှင့် ဘာသာရေးဝတ်အသင်းအဖွဲ့များ     တက်ရောက်  ကြည်ညိုကြသည်။


ဦးစွာ   နမောတဿသုံးကြိမ်ရွတ်ဆို    ဘုရား ကန်တော့၍    အခမ်းအနားကို    ဖွင့်လှစ်ပေးကြပြီး “နီလာ နီလာ” အစချီသော မဟာပဋ္ဌာန်းရောင်ခြည် တော်ဖွင့်ဂါထာဖြင့်   ဘုရားရှင်ကို  စာချဆရာတော် ဘဒ္ဒန္တကေလာသကလည်းကောင်း၊  ရွှေတိဂုံစေတီ တော် ‌ ဗုဒ္ဓပူဇနိယပွဲတော်ကြီးတွင်  ကုသိုလ်တော် အတူပြုရန်အတွက်        နတ်ဗြဟ္မာအပေါင်းတို့အား ဂါထာပါး၍ စာချဆရာတော်သောဘနက ပင့်ဖိတ် ကြား၍လည်းကောင်း ဆောင်ရွက်တော်မူကြသည်။
ထို့နောက်  ရန်ကုန်တိုင်းဒေသကြီး   ဗဟန်း မြို့နယ် မဟာဝိသုဒ္ဓါရုံကျောင်းတိုက် ပဓာန နာယက  ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဩဝါဒါစရိယ အဂ္ဂမဟာပဏ္ဍိတ သ.စ.အ ပါဠိပါရဂူ  တိပိဋကဓရဓမ္မဘဏ္ဍာဂါရိက  ဘဒ္ဒန္တသိရိန္ဒာဘိဝံသ (ယောဆရာတော်)ထံမှ ဧည့်ပရိသတ်များက ကိုးပါး သီလခံယူဆောက်တည်ကြသည်။


ယင်းနောက်    ၂၆၁၀   နှစ်မြောက်   ဗုဒ္ဓပူဇနိယ  ပွဲတော်ကျင်းပရေးကိစ္စနှင့်စပ်လျဉ်း၍ အလှည့်ကျ  သဘာပတိ    ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင် ဦးဘိုးသင်းက     ဗုဒ္ဓပူဇနိယမင်္ဂလာ    အဖွင့်စကား ဖတ်ကြားလျှောက်ထားသည်။


အသံမစဲ မဟာပဋ္ဌာန်းပူဇော်ပွဲ ဖွင့်လှစ် 


ထို့နောက် မြတ်ဗုဒ္ဓ၏သဗ္ဗညုတဉာဏ်ရောင် မြတ်တန်ဆောင်ကို လေးမြတ်ကော်ရော် ပူဇော်သော အားဖြင့်    ရွှေတိဂုံစေတီတော်      ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်        ညောင်တုန်းပါဠိတက္ကသိုလ် ကျောင်းတိုက်ဆရာတော်    ဘဒ္ဒန္တပဝရာဘိဝံသနှင့် အလှည့်ကျဂေါပကအဖွဲ့ဝင် ဦးဘိုးသင်းတို့က ဆီမီး တန်ဆောင် ထွန်းညှိပူဇော်ပြီး ဗုဒ္ဓပူဇနိယ  တပေါင်း ပွဲတော် အသံမစဲ မဟာပဋ္ဌာန်းပူဇော်ပွဲကို  ဖွင့်လှစ်  ပေးသည်။
ယင်းနောက် ဂေါပကအဖွဲ့ဝင်များက  ဩဝါဒါ စရိယ ဆရာတော်ကြီးများနှင့် ပင့်သံဃာတော်များကို  လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။


ထို့နောက် မဟာပဋ္ဌာန်းဒေသနာတော် ရွတ်ဖတ် ပူဇော်ရန်     တိုက်တွန်းလွှာအား   စာချဆရာတော် ဘဒ္ဒန္တဝိစာရက   ရွတ်ဖတ်ကာ   ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း       ဂေါပကအဖွဲ့ဩဝါဒါစရိယ ဆရာတော်ကြီးများ၊ ဗဟိုမဏ္ဍပ်အတွင်းရှိ ဧည့်သည် တော်များက မဟာပဋ္ဌာန်းပစ္စယုဒ္ဒေသ  ဒေသနာတော် ကို စုပေါင်းရွတ်ဖတ်ပူဇော်ကြပြီး ဗဟိုမဏ္ဍပ်အတွင်းရှိ  ရတနာဃရစံအိမ်တော်အတွင်း     အသင့်နေရာယူ ထားသော သံဃာတော်က ပဋ္ဌာန်းဒေသနာတော်များ အသံမစဲဆက်လက်ရွတ်ဖတ် ပူဇော်ကြသည်။


ရွှေတိဂုံစေတီတော် ၂၆၁၀ နှစ်မြောက်  ဗုဒ္ဓပူဇနိယ   တပေါင်းပွဲတော်   အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ် ပူဇော်ပွဲကို ယနေ့မှ မတ် ၁၆ ရက်အထိ ပင့်သံဃာ တော်  ၁၈ ပါးဖြင့်   ၁၀   ရက်တိုင်တိုင်   ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။


ကိုကိုဇော်(MNA)