
ရွှေတောင် ဇွန် ၂၂
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ရွှေတောင်မြို့နယ်အတွင်းရှိ အခြေခံ ပညာကျောင်းများနှင့် ပုဂ္ဂလိက ကျောင်းတွင် ကျောင်းသား ကျောင်း သူများအား ကိုဗစ် - ၁၉ ကာကွယ် ဆေးထိုးနှံခြင်းကို ဇွန် ၂၁ ရက်မှ စတင်၍ ထိုးနှံပေးလျက်ရှိသည်။
အဆိုပါ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာ ကျောင်း များသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ အောင်မျိုးသန့်၊ မြို့နယ်ပညာရေးမှူး ဆရာကြီး ဦးကျော်ဦးတို့က သွားရောက်၍ လိုအပ်သည်များ ကူညီပံ့ပိုးခဲ့ကြသည်။
ရွှေတောင်မြို့နယ် အတွင်းရှိ အခြေခံပညာ ကျောင်းများနှင့် ပုဂ္ဂလိကကျောင်းတွင် အသက် ၁၂ နှစ်မှ အသက် ၁၈ နှစ်အတွင်း ရှိ အခြေခံပညာ ကျောင်းသား ကျောင်းသူများအား ကိုဗစ် - ၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (ဒုတိယအကြိမ်) စတင်ထိုးနှံခြင်း၊ ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် အတွက် Kindergarten စတင် တက်ရောက်နေသော အသက် ငါးနှစ်ပြည့်ပြီးသည့် ကျောင်းသား ကျောင်းသူများအား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးများကို ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ထိုးနှံပေး သွားမည်ဖြစ်ကြောင်း သိရ သည်။
ကိုကိုမင်း (ပြန်/ဆက်)