ရေရှည်တည်တံ့သော ထာဝရငြိမ်းချမ်းရေးရရှိစေရန်၊ တစ်နိုင်ငံလုံး လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းစေရန်နှင့် ငြိမ်းချမ်းရေး၏အရသာကို အပြည့်အဝခံစားနိုင်ရန် တိုင်းရင်းသားအားလုံးလက်တွဲပြီး ရိုးသားပွင့်လင်းစွာ ဆွေးနွေးညှိနှိုင်းကြရန်လို

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်
ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ
၂၀၂၃ ခုနှစ်၊ ( ၇၆ ) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ
( ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက် )

 

ချစ်ခင်လေးစားအပ်ပါသော    ပြည်ထောင်စုဖွား    တိုင်းရင်းသား ညီအစ်ကိုမောင်နှမများခင်ဗျား


ယနေ့ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်တွင် ကျရောက်သော (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အခါသမယ၌ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း ချစ်ကြည်ရင်းနှီးစွာ အတူတကွ  လက်တွဲ နေထိုင်ကြသော ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကို မောင်နှမ များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် နှုတ်ခွန်းဆက်သအပ်ပါသည်။

 


ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံးသည်        စည်းလုံး ညီညွတ်စွာ  နေထိုင်ခဲ့ကြ၍  ပြည်ထောင်စုကြီး  နှစ်ပေါင်းထောင်ချီ အဓွန့်ရှည်တည်တံ့ခိုင်မြဲစွာ   ကမ္ဘာ့အလယ်တွင်   ထည်ထည်ဝါဝါ ရပ်တည်နေနိုင်ခဲ့ပါသည်။   သို့သော်လည်း  အရင်းရှင်နယ်ချဲ့တို့၏ အကြိမ်ကြိမ်   မတရားကျူးကျော်တိုက်ခိုက်မှုများကြောင့်  ၁၈၈၆ ခုနှစ်မှစ၍  ကိုလိုနီနယ်ချဲ့အင်္ဂလိပ်လက်အောက်သို့  တစ်နိုင်ငံလုံး ကျရောက်ခဲ့ပါသည်။   ကိုလိုနီနယ်ချဲ့တို့သည်  ၁၉၃၅   ခုနှစ်တွင် မြန်မာနိုင်ငံတော်စီရင်အုပ်ချုပ်မှု အက်ဥပဒေအရ ပြည်မတွင် အုပ်ချုပ် ရေးအာဏာကို တိုးမြှင့်ပေးခဲ့သော်လည်း  တောင်တန်းဒေသများကို ချန်လှပ်ထားခဲ့ကာ  တောင်တန်းပြည်မခွဲခြား  အုပ်ချုပ်ခဲ့ပါသည်။ နယ်ခြားဒေသဖြတ်သန်းရေး  အက်ဥပဒေပြဋ္ဌာန်းပြီး  ရှမ်းပြည်နယ် အတွင်းသို့    ပြည်မမှ   လူများသွားရောက်ခြင်း    မပြုနိုင်အောင် ကန့်သတ်ထားခဲ့ပါသည်။ ထို့ကြောင့် တောင်တန်းနှင့် ပြည်မကူးလူး ဆက်ဆံခွင့်မရ၊  နီးလျက်နှင့်ဝေးခဲ့ကြရပါသည်။   အချိန်ကြာလာ သည်နှင့်အမျှ   နယ်ချဲ့တို့၏   သွေးခွဲအုပ်ချုပ်ရေးစနစ်ကြောင့် တိုင်းရင်းသားအချင်းချင်း သံသယပွား၊ မယုံကြည်မှုများဖြစ်ပွားလာ ခဲ့ကာ   ယခုအချိန်အထိ   ၎င်း၏အကျိုးဆက်ကို  ကျွန်တော်တို့ တိုင်းရင်းသား   ပြည်သူအားလုံး  ခံစားနေကြရသည်မှာ အားလုံး အသိပင်ဖြစ်ပါသည်။

 


၁၉၄၅  ခုနှစ်၊    မေလ  ၁၇  ရက်နေ့တွင်   ဗြိတိသျှအစိုးရဘုရင်ခံဆာဒေါ်မန်စမစ်က   စက္ကူဖြူစာတမ်းထုတ်ပြန်ခဲ့ပြီး  ပြည်မကိုသာ လွတ်လပ်ရေးပေးမည်၊ တောင်တန်းဒေသများကို ဆက်လက်အုပ်ချုပ် သွားမည်ဟု ဖော်ပြခဲ့ပါသည်။ ၁၉၄၆ ခုနှစ်တွင် ပင်လုံမြို့၌ ဗိုလ်ချုပ် အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်ကြီးများ   တွေ့ဆုံဆွေးနွေး ကာ စက္ကူဖြူစာတမ်းကို လုံးဝလက်မခံဘဲ တောင်တန်းပြည်မအတူ တကွ  လွတ်လပ်ရေးပေးရန်  တညီတညွတ်တည်း  တောင်းဆိုခဲ့ကြ ပါသည်။

 


၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် တောင်တန်းပြည်မ ပေါင်းစည်းရေးအချက်(၉)ချက်ပါဝင်သည့် ပင်လုံစာချုပ်ကို ဗိုလ်ချုပ် အောင်ဆန်းအပါအဝင် တိုင်းရင်းသားခေါင်းဆောင်ကြီး (၂၃) ဦးက လက်မှတ်ရေးထိုးခဲ့ခြင်းဖြင့်   မြန်မာနိုင်ငံတွင်   တောင်တန်းပြည်မ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို   အုတ်မြစ်ချနိုင်ခဲ့ပါသည်။ ယင်းကဲ့သို့ တိုင်းရင်းသားတို့ စည်းလုံးညီညွတ်မှုသန္ဓေတည်ခဲ့သော ပင်လုံစာချုပ်  လက်မှတ်ရေးထိုးသည့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကို “ပြည်ထောင်စုနေ့”ဟု နိုင်ငံတော်အစိုးရက အသိအမှတ်ပြုသတ်မှတ် ပေးခဲ့ပါသည်။

 


ပြည်ထောင်စုနေ့သည်  မြန်မာနိုင်ငံအတွင်း  မှီတင်းနေထိုင်ကြ သည့် ပြည်ထောင်စုဖွားတိုင်းရင်းသားများ၏ စည်းလုံးညီညွတ်မှုကို ကမ္ဘာကသိအောင် ဖော်ကျူးခဲ့သောနေ့ဖြစ်ပါသည်။ “စည်းလုံးညီညာ အောင်ကြောင်းဖြာ” ဆိုသည့်အတိုင်း ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးသည် ကိုလိုနီနယ်ချဲ့ လက်အောက်မှ လွတ်မြောက်ပြီး အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ် လွတ်လပ်ရေး ပြန်လည်ရရှိခဲ့ပါသည်။ ပြည်ထောင်စုအမွေဖြစ်သော လွတ်လပ်ရေး အောင်ပွဲအခမ်းအနားများကို ကျင်းပနိုင်ခဲ့သည်မှာလည်း ယခုဆိုလျှင်  စိန်ရတုကာလကို ကျော်လွန်ခဲ့ပြီဖြစ်ကာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်း အနားကြီးကို ခံ့ညားထည်ဝါစွာ ကျင်းပနိုင်ခဲ့ပြီဖြစ်ပါသည်။ ယနေ့ အခါတွင် တိုင်းရင်းသား ပြည်သူတို့၏ သွေးစည်းညီညွတ်မှုကို အခြေခံ သော ပြည်ထောင်စုနေ့ အမွေအနှစ်မှာ (၇၆)နှစ်တိုင်ခဲ့ပြီဖြစ်ပါသည်။

 


သမိုင်းအစဉ်အဆက်ထိန်းသိမ်းရန်ဖြစ်သော  လွတ်လပ်ရေးကို ပြည်ထောင်စုဖွား   တိုင်းရင်းသားပြည်သူအားလုံးက   ပြည်ထောင်စု စိတ်ဓာတ်ဖြင့် ဆက်လက်ထိန်းသိမ်းစောင့်ရှောက်မှသာ အဓွန့်ရှည် ကြာ တည်တံ့ခိုင်မြဲနိုင်မည်ဖြစ်ပါသည်။ သို့ဖြစ်၍  တိုင်းရင်းသားစည်း လုံးညီညွတ်မှုထာဝစဉ်တည်တံ့ရေးနှင့်   ပြည်ထောင်စုကြီး  ထာဝရ တည်တံ့ခိုင်မြဲရေးကို ပြည်တွင်းအင်အားဖြင့် ကြိုးပမ်းတည်ဆောက် ကြရန် လိုအပ်ကြောင်း အသိပေးတိုက်တွန်းလိုပါသည်။

 


ချစ်ခင်လေးစားအပ်ပါသော    ပြည်ထောင်စုဖွား    တိုင်းရင်းသား ညီအစ်ကိုမောင်နှမများခင်ဗျား


ကိုလိုနီနယ်ချဲ့တို့၏   သွေးခွဲအုပ်ချုပ်မှု   အကျိုးဆက်အနေဖြင့် တိုင်းရင်းသားညီအစ်ကိုမောင်နှမအားလုံးမှာ လွတ်လပ်ရေး၏ အနှစ် သာရကို အပြည့်အဝမခံစားခဲ့ကြရဘဲ ယနေ့တိုင် သဘောထားကွဲလွဲမှု များ၊   လက်နက်ကိုင်ပဋိပက္ခများ   ဖြစ်ပေါ်လျက်ရှိပါသည်။   ရေရှည် တည်တံ့သော    ထာဝရငြိမ်းချမ်းရေးရရှိစေရန်၊   တစ်နိုင်ငံလုံး လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းစေရန်နှင့် ငြိမ်းချမ်းရေး၏ အရသာ ကို အပြည့်အဝခံစားနိုင်ရန် တိုင်းရင်းသားအားလုံးလက်တွဲပြီး ရိုးသား ပွင့်လင်းစွာ ဆွေးနွေးညှိနှိုင်းကြရန်လိုပါသည်။

 


မိမိတို့နိုင်ငံသမိုင်းတွင်   လူမျိုးစွဲ၊  ပုဂ္ဂိုလ်စွဲ၊  ဝါဒစွဲအမျိုးမျိုးတို့ ကြောင့်   တိုင်းရင်းသားအချင်းချင်း၊   ပြည်သူအချင်းချင်း   စိတ်ဝမ်း ကွဲပြားကာ ပဋိပက္ခများဖြစ်ပွားနေသည်မှာ  ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကို အခြေခံသော ပြည်ထောင်စုတည်ဆောက်ရာတွင် သင်ခန်းစာ ယူရမည့်အချက်ဖြစ်ပါသည်။ မိမိ၏ အယူအဆ၊ သဘောထားဆန္ဒ များနှင့် မကိုက်ညီသူများကို ရန်သူကဲ့သို့ သဘောထားပြီး ခွဲခြား ဆက်ဆံခြင်း၊ ဖယ်ကြဉ်ခြင်း၊ ရန်ပြုတိုက်ခိုက်ခြင်းတို့သည် ဒီမိုကရေစီ စနစ်နှင့် ကိုက်ညီမှုမရှိပါ။ ထို့အတူ ဒေသစွဲ၊ ပုဂ္ဂိုလ်စွဲ စိတ်ဓာတ်များသည် စည်းလုံးညီညွတ်မှုကို ပျက်ပြားစေပြီး နိုင်ငံတော် ပြိုကွဲပျက်စီးမည့် အန္တရာယ်ကို ဖြစ်စေသဖြင့် မတူကွဲပြားမှုများကို သဟဇာတဖြစ်အောင် ပေါင်းစည်းနေထိုင်ကြရေး အလေးထားစဉ်းစားကြရန်  တိုက်တွန်း မှာကြားလိုပါသည်။

 


မိမိတို့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ နိုင်ငံတော်၏ တာဝန်ကို ထိန်းသိမ်းတာဝန်ယူစဉ်ကတည်းကပင် နိုင်ငံတော်၏ ပကတိလိုအပ် ချက်များဖြစ်သည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး အတွက် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ  ချုပ်ငြိမ်းစေရေးကို အလေးထားဆောင်ရွက်လျက်ရှိပါသည်။ ရှေ့လုပ်ငန်းစဉ် ( ၅ )ရပ်ပါ “တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက်   တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး  သဘောတူစာချုပ်(NCA)ပါ  သဘော တူညီချက်များအတိုင်း   ဖြစ်နိုင်သမျှအလေးထားလုပ်ဆောင်သွား မည်” ဆိုသည့်  လုပ်ငန်းစဉ်ကို   အောင်မြင်အောင်  စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။ တပ်မတော်အနေဖြင့်လည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများကို တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းပေါ်မှတစ်ဆင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ ရေး သဘောတူစာချုပ်(NCA) လမ်းကြောင်းပေါ်တွင် လျှောက်လှမ်း နိုင်ရေးအတွက် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့မှစပြီး  ၂၀၂၂ ခုနှစ်၊ နှစ်ကုန်အထိ တစ်ဖက်သတ်အပစ်အခတ်ရပ်စဲပေးခဲ့ပါသည်။ ဆက်လက်ပြီး ၂၀၂၃ ခုနှစ် တစ်နှစ်လုံး အပစ်အခတ်ရပ်စဲပေးထားပြီး ဖြစ်ရာ  နိုင်ငံနှင့် ပြည်သူအကျိုးကို ရှေးရှုပြီး တွေ့ဆုံဆွေးနွေးမှုများမှ ပြည်တွင်း  လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေးဆောင်ရွက်ကြရန် လိုအပ်ပါသည်။

 


နိုင်ငံရေးရည်မှန်းချက် (၂)ရပ်ဖြစ်သည့် စစ်မှန်၍ စည်းကမ်း ပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးတို့ အတွက်   ပဓာနကျသော  ငြိမ်းချမ်းရေးကို နိုင်ငံသူ၊ နိုင်ငံသားများ အားလုံးက ပူးပေါင်းပါဝင်တည်ဆောက်ကြရမည်ဖြစ်ပါသည်။

 


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ရှေ့လုပ်ငန်းစဉ်(၅)ရပ် ၏ နောက်ဆုံးအချက်ဖြစ်သော “အရေးပေါ် ကာလဆိုင်ရာ ပြဋ္ဌာန်းချက် များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈) နှင့်အညီ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအား    ပြန်လည်ကျင်းပ၍    အနိုင်ရသည့်ပါတီအား ဒီမိုကရေစီ စံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်”ဆိုသည့်အတိုင်း လွတ်လပ်ပြီးတရား မျှတသော ရွေးကောက်ပွဲများကျင်းပနိုင်ရေး  လိုအပ်သည့်  အခြေခံ အချက်များ၊ အခြေအနေ ဖန်တီးမှုများကို ကြိုးစားဆောင်ရွက်လျက်ရှိ သည်။ ထိုသို့ ဆောင်ရွက်နိုင်ရေးအတွက် ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေး နှစ်အဖြစ် သတ်မှတ်ထားရှိပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေး၍ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်း ရေးနှင့် တည်တံ့ခိုင်မြဲသည့် ထာဝရငြိမ်းချမ်းရေးကို တည်ဆောက်နိုင် ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ပါသည်။ သို့သော်လည်း ပြည်တွင်း / ပြည်ပ စွက်ဖက်မှု ပယောဂအမျိုးမျိုးနှင့် သက်ဆိုင်သူများ၏ နိုင်ငံနှင့်ပြည်သူ အကျိုးကို   စဉ်းစားလုပ်ဆောင်ရန်  လိုအပ်ချက်တို့ကြောင့် တည်ငြိမ် အေးချမ်းမှုနှင့် အလှမ်းကွာဝေးဆဲဖြစ်ရာ နိုင်ငံအတွက် ဝမ်းနည်းဖွယ် ရာ၊    စိတ်မကောင်း   ရင်လေးဖွယ်ရာဖြစ်နေပါသည်။  ထို့ကြောင့် သက်ဆိုင်ရာအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များနှင့် တိုင်းရင်းသား ပြည်သူ များအားလုံးက ရှေ့သို့ချီမည် ပန်းတိုင်ဆီ- Keep Moving Forward to Achieve Our Goal ဟူသည့်အတိုင်း မိမိတို့ မျှော်မှန်းသည့်ပန်းတိုင်သို့ ရောက်ရှိစေရန် ပြည်သူများအားလုံးက ကျရာအခန်းကဏ္ဍမှ ဝိုင်းဝန်း လက်တွဲ၍   ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြပါရန်  တိုက်တွန်း အပ်ပါသည်။
ချစ်ခင်လေးစားအပ်ပါသော      ပြည်ထောင်စုဖွား     တိုင်းရင်းသား   ညီအစ်ကိုမောင်နှမများခင်ဗျား
အေးချမ်းသာယာပြီး   ခေတ်မီဖွံ့ဖြိုးတိုးတက်သည့်  ဒီမိုကရေစီ နိုင်ငံတော်သစ်ကို တည်ဆောက်ရာတွင် နိုင်ငံအတွင်းရှိ တိုင်းရင်းသား ပြည်သူအားလုံး၏ အသိဉာဏ်ပညာနှင့်  စိတ်ရင်းစေတနာမှန်ကန်မှု သည် အဓိကကျပါသည်။ မိမိတို့၏ အကျိုးစီးပွားထက် ပြည်ထောင်စု ကြီး တစ်ခုလုံး၏ အကျိုးစီးပွားကို ချိန်ထိုးစဉ်းစား လုပ်ဆောင်ကြရန် လိုပါသည်။ မိမိတို့၏ ရပ်တည်ဆောင်ရွက်မှုများအပေါ် ဓမ္မဓိဋ္ဌာန် ကျကျဖြင့် အမှားအမှန်၊ အကောင်းအဆိုးကို ခွဲခြားဆင်ခြင်ဆောင်ရွက် ကြမှသာ နိုင်ငံနှင့်ပြည်သူကို  အကျိုးပြုရာ ရောက်မည်ဖြစ်ပါသည်။ နိုင်ငံတော်နှင့် ပြည်သူတစ်ရပ်လုံး၏ အနာဂတ်ကို  လက်ဆင့်ကမ်း တာဝန်ယူကြမည့် လူငယ်လူရွယ်များအား အတွေးအခေါ် အယူအဆ မှန်ကန်စေရေး၊ အသိပညာ ဗဟုသုတဖြန့်ဝေစေရေး၊ နိုင်ငံကို ချစ်သည့် စိတ်နှင့် ပြည်ထောင်စုစိတ်ဓာတ်များ ကိန်းအောင်းရှင်သန်စေရေးတို့ကို ဖန်တီးဖော်ဆောင်ပေးကြရန်   လိုအပ်ပါသည်။  ထို့ကြောင့် မိမိတို့၏ သားသမီးများ၊    လူငယ်လူရွယ်များကို  ဗလငါးတန်ပြည့်ဝသည့် အနာဂတ်သားကောင်း ရတနာများဖြစ်အောင် ပြုစုပျိုးထောင်ပေး ကြရန် တိုက်တွန်းမှာကြားလိုပါသည်။

 


ကျွန်တော်တို့အနေဖြင့် နိုင်ငံတော်ကို တာဝန်ယူစဉ်အတွင်းတွင် “တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေး” ဆိုသည့် အမျိုးသားရေးလုပ်ငန်းစဉ် ( ၂ )ရပ်ကို  ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ နိုင်ငံတစ်ခုတွင် လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ပြီး   စီးပွားရေးအရ  တောင့်တင်းခိုင်မာမှုသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၏ အခြေခံအကြောင်း တရားဖြစ်ပါသည်။   ကျေးလက်နေပြည်သူအများစုရှိသော  မိမိတို့ နိုင်ငံသည် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် စီးပွားရေးလုပ်ငန်း များကို အဓိကထားဆောင်ရွက်ပြီး  ကျန်စီးပွားရေးလုပ်ငန်းများကို လည်း ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်ကြရမည်ဖြစ်ပါသည်။

 


စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့် အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းရေး၊ အလုပ် အကိုင်အခွင့်အလမ်းများ ပိုမိုရရှိရေးနှင့် ဝင်ငွေတိုးတက်စေရေးတို့ကို နိုင်ငံတော်မှ  အလေးထားအားပေးကူညီဆောင်ရွက်ပေးလျက်ရှိပါ သည်။ သယံဇာတပေါကြွယ်ဝပြီး  စီးပွားရေးအခြေခံကောင်းများရှိ သည့် မိမိတို့ နိုင်ငံအတွက် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်မှာ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးသည် အရေးကြီးပါသည်။ ထို့ကြောင့် နိုင်ငံတော်မှ  ကျေးလက်စီးပွားရေးနှင့်   MSME   လုပ်ငန်းများတွင် အထောက်အကူပြုနိုင်ရန်   ခရိုင် (၅၀)  ရှိ   အထက်တန်းကျောင်း တစ်ကျောင်းစီတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုပညာရပ်များကို တွဲဖက်သင်ကြားပေးပြီး   ထူးချွန်သူများကို  အဆင့်မြင့်ပညာများ ဆက်လက်သင်ကြားနိုင်ရေး  စီမံဆောင်ရွက်ပေးလျက်ရှိပါသည်။ ထို့ကြောင့်  တိုင်းရင်းသား ပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက် ရေးနှင့် နိုင်ငံတော်စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် ပုဂ္ဂလိကနှင့် အစိုးရ တို့မှ သက်ဆိုင်သူ၊  တာဝန်ရှိသူများက  ဝိုင်းဝန်းကြိုးပမ်းအကောင်အထည်ဖော်ကြရန် လိုအပ်ပါသည်၊ ဆက်လက်၍လည်း ခရိုင်အားလုံး တွင် တိုးချဲ့ဖွင့်လှစ်သွားပါမည်။

 


နိုင်ငံတော်အနေဖြင့် တိုင်းရင်းသားဒေသများအပါအဝင် တစ်နိုင်ငံ လုံး အကြားအလပ်မရှိ ဖွံ့ဖြိုးတိုးတက်ရေးအတွက်  ကဏ္ဍအလိုက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိရာ တိုင်းရင်း သား ညီအစ်ကိုမောင်နှမများအနေဖြင့် ယင်းအခွင့်အရေးကို အမိအရ ရယူပြီး အပြည့်အဝအသုံးချ၍ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည် ဖြစ်ပါသည်။  

 


ချစ်ခင်လေးစားအပ်ပါသော     ပြည်ထောင်စုဖွား   တိုင်းရင်းသား ညီအစ်ကိုမောင်နှမများခင်ဗျား
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည်  ပြည်ထောင်စုဖွား တိုင်းရင်းသားအားလုံး အေးအတူပူအမျှ၊ ဥမကွဲသိုက်မပျက်အတူတကွ ပေါင်းစည်းနေထိုင်လျက်ရှိသော   ပြည်ထောင်စုကြီးဖြစ်ပါသည်။ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ၏ ရင်းနှီးချစ်ကြည်မှု၊ စည်းလုံး ညီညွတ်မှု၊ စုစည်းလုပ်ဆောင်မှုတို့ဖြင့် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးပြီး ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီးကို တည်ဆောက်သွားနိုင်ရန် ဦးတည် ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ပါသည်။

 


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည်ချက်( ၁၂ )ရပ်တို့ကို ချမှတ်၍  ၎င်းလုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များကို    အောင်မြင်အောင်   အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ 
သို့သော်လည်း   ယခုအချိန်တွင်   မိမိတို့နိုင်ငံနှင့်    နိုင်ငံသား  တိုင်းရင်းသား ပြည်သူလူထု၏ အကျိုးကို ပျက်စီးဆုံးရှုံးစေလိုကြသည့် ပြည်တွင်း/ ပြည်ပ    အဖျက်အမှောင့်သမားများနှင့်   အကြမ်းဖက် အင်အားစုများက သွေးထိုးလှုံ့ဆော်မှုများ ပြုလုပ်နေကြသကဲ့သို့ ပြည်သူလူထုအတွင်း အတွေးမှား၊ အမြင်မှား၊ လုပ်ရပ်မှားများ ဖြစ်ပေါ် လာစေရန်အတွက်လည်း  သွေးဆောင်စည်းရုံးမှုများ  လုပ်ဆောင် လျက်ရှိနေပါသည်။  ထို့အပြင်   နိုင်ငံအတွင်း   စည်းလုံးညီညွတ်မှု ပျက်ပြားစေရန်နှင့် တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် နည်းလမ်း မျိုးစုံဖြင့် ပြုလုပ်နေကြသော ကိုလိုနီလက်သစ် ပြည်ပစွက်ဖက်မှုများနှင့် အတ္တအကျိုးစီးပွားကိုသာ ရှေးရှုလုပ်ဆောင်နေကြသူများကြောင့် ဖြစ်ပေါ်လာနိုင်သည့် နိုင်ငံတော်နှင့် ပြည်သူတို့အတွက် အန္တရာယ်ကို ဆင်ခြင်တုံတရားဖြင့်   သတိထားကြရန်  လိုအပ်ပါသည်။  လက်ရှိ အချိန်ကာလတွင် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်မှုမပြိုကွဲရေး၊   အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့ အတွက်  အင်တိုက်အားတိုက်  ပူးပေါင်းဆောင်ရွက်ကြရမည့်အချိန် ဖြစ်ပါကြောင်း အသိပေးမှာကြားလိုပါသည်။

 


ထို့ကြောင့်   ၂၀၂၃ ခုနှစ်၊  (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ အမျိုးသားရေးဦးတည်ချက်များဖြစ်သော -


(၁)    တိုင်းရင်းသားစည်းလုံးညီညွတ်မှု ထာဝစဉ်တည်တံ့ရေးနှင့် ပြည်ထောင်စုကြီး ထာဝရတည်တံ့ခိုင်မြဲအောင် ပြည်တွင်း အင်အားဖြင့် ကြိုးပမ်းတည်ဆောက်ရေး၊
(၂)    ရေရှည်တည်တံ့သော     ထာဝရငြိမ်းချမ်းရေးရရှိအောင် တိုင်းရင်းသားလူမျိုးများအားလုံး          ပူးပေါင်းပါဝင် ဆောင်ရွက်ရေး၊
(၃)    တိုင်းပြည်သာယာဝပြောရေးနှင့်   စားရေရိက္ခာဖူလုံရေး အမျိုးသားရေးလုပ်ငန်းစဉ်(၂)ရပ်   အောင်မြင်စေရေး ပြည်ထောင်စုစိတ်ဓာတ်ဖြင့်  တက်ညီလက်ညီ  လက်တွဲ ဆောင်ရွက်ရေး၊
(၄)    ပြည်နယ်နှင့် တိုင်းဒေသကြီးအားလုံး   တစ်ပြေးညီဖွံ့ဖြိုး တိုးတက်ရေးနှင့်    တစ်မျိုးသားလုံး  ကျန်းမာကြံ့ခိုင်ပြီး အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်အောင် ဆောင် ရွက်ပေးရေး၊
(၅)    တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၏ ရင်းနှီးချစ်ကြည်မှု၊ စည်းလုံးညီညွတ်မှု၊ စုစည်းလုပ်ဆောင်မှုတို့ဖြင့် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံး ပြီး    ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို   အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်ရေး၊
တို့ကို   အောင်မြင်အောင်   ပြည်ထောင်စုစိတ်ဓာတ်ဖြင့်  စည်းလုံး ချစ်ကြည်စွာ    အကောင်ထည်ဖော်လျက်   တိုင်းရင်းသားအချင်းချင်း ပေါင်းစုညီညာစည်းလုံးစွာဖြင့် ပြည်ထောင်စု၏ အသီးအပွင့်များကို မျှဝေခံစားကြပါစို့ဟု တိုက်တွန်းနှိုးဆော်ရင်း သဝဏ်လွှာပေးပို့အပ် ပါသည်။
    

    ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ
                             သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်
                               နိုင်ငံတော်ဝန်ကြီးချုပ်
    ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ