
နွေကံ့ကော်(မြို့လှ)
လာမည့် ၂၀၂၃ ခုနှစ်တွင် ကျွန်ုပ်တို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ စိန်ရတုလွတ်လပ်ရေး ကာလကို ရောက်ရှိပေတော့မည်။ တကယ်တော့ (၇၅) နှစ် စိန်ရတုတည်းဟူသော ကာလတစ်ခုသည် နည်းလှသော သက်တမ်းတစ်ခုတော့ မဟုတ်ပေ။ နယ်ချဲ့တို့အုပ်စိုးမှုအောက်၌ နေခဲ့ရစဉ် လွတ်လပ် ရေးအတွက် တိုက်ပွဲဝင်ရင်း ကိုယ်နှင့်စိတ်များ ထွက်ပေါက်မရသည်အထိ တိုင်းရင်းသားပြည်သူတို့ မွန်းကျပ်ခဲ့ရသည်။ ကိုယ့်မြေကိုယ့်ရေပေါ်မှာနေပါ လျက် အစားဆင်းရဲ၊ အဝတ်ဆင်းရဲ၊ အနေဆင်းရဲခြင်း မျိုးစုံဖြင့် ဆင်းရဲမှုအပေါင်း သရဖူဆောင်းသည် အထိဖြစ်ခဲ့ရသည်။ ထိုဆင်းရဲမှုမျိုးစုံမှ လွတ်ကင်း ရန်အတွက် လွတ်လပ်ရေးကြီးပြန်လည်ရရှိအောင် တက်ကုန် ရွက်စုံလွှင့်ပြီး နည်းလမ်းရှာဖွေကြိုးစားခဲ့ ကြသည်။ နယ်ချဲ့ဗြိတိသျှများအနေဖြင့် လွတ်လပ် ရေးပေးချိန်တွင်လည်း တောင်တန်းနှင့်ပြည်မ ခွဲခြား ပေးလိုခဲ့ကြ၏။ သို့သော် တောင်တန်းဒေသမှ စော်ဘွားများက လက်မခံခဲ့ကြပေ။ ပေးဆပ်မှုများ နှင့်ထိုက်တန်စွာ လွတ်လပ်ရေးကြီး ပြန်လည်ရရှိခဲ့ သော်လည်း နယ်ချဲ့တို့၏ စနစ်ကျကျယုတ်မာမှုလှည့်ကွက်အောက်တွင် တိုင်းရင်းသားစည်းလုံး ညီညွတ်မှုပြိုကွဲခြင်းဟူသော ချိန်ကိုက်ဗုံးကြီးကကျန်ရစ်ခဲ့ရသည်။ အထူးသဖြင့် တောင်တန်းပြည်မ ခွဲခြားဆက်ဆံမှုကို ရေရှည်ခိုင်မြဲအောင်အသက် သွင်းပေးခဲ့ခြင်းပင်ဖြစ်၏။
နယ်ချဲ့အင်္ဂလိပ်တို့အနေဖြင့် ရှမ်းစော်ဘွားပိုင် နယ်ပေါင်း ၃၂ နယ်ကို ပဒေသရာဇ် ရှမ်းပြည်နယ်ဟု ခေါ်တွင်စေလျက် ပြည်မအစိုးရအုပ်ချုပ်မှုအောက် တွင်မထားဘဲ ဘုရင်ခံက ကော်မရှင်နာ မင်းကြီးမှ တစ်ဆင့် သီးခြားအုပ်ချုပ်ခဲ့ခြင်းဖြစ်၏။
လွတ်လပ် ရေးရသည့်တိုင် ထိုခေတ်အခါက ရှမ်းပြည်နယ်သည် နယ်ချဲ့တို့ဖန်တီးခဲ့သည့် အတိုင်း ပဒေသရာဇ်စနစ်ကို စွန့်လွှတ်ခြင်းမရှိသေးဘဲ ထုံးတမ်းစဉ်လာဓလေ့ များဖြင့် စော်ဘွားများ၏ ဦးဆောင်မှုနှင့်အတူ အုပ်စိုးမှုပြုခဲ့ကြသည်။ ၁၉၅၉ ခုနှစ် မတ်လ ၉ ရက် တွင်ကျင်းပသော ရှမ်းပြည်နယ်ကောင်စီအရေးပေါ် ညီလာခံတွင် မိုင်းရှူးစော်ဘွားကြီး စဝ်ဖန်ဖက စော်ဘွားများ အာဏာစွန့်မည့်အစီအစဉ်ကို အဆို တစ်ရပ်အဖြစ် တင်သွင်းခဲ့ရာ အတည်ပြုခြင်းခံခဲ့ရပြီး ပြည်ထောင်စုအစိုးရမှလည်း တစ်လုံးတစ်ခဲတည်း သော ပင်စင်များ ခံစားခွင့်ပေးခဲ့ပါသည်။ ရှမ်း စော်ဘွားများအနေဖြင့် သူတို့၏အုပ်ချုပ်မှုအာဏာ ကို စွန့်လွှတ်ခဲ့ခြင်းမှာ နိုင်ငံတော်၏ လိုလားချက်နှင့် ရှမ်းပြည်သူအများစု၏ လိုလားချက်အတိုင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်သည့်အပြင် နောက်တစ်ချက် အနေဖြင့် တိုးတက်လာသော ခေတ်စနစ်အမြင်များ နှင့်အညီ မိမိတို့ရှေ့တွင် လွတ်လပ်ရေးရရှိခဲ့သည့် အိန္ဒိယနိုင်ငံမှ မဟာရာဇာစော်ဘွားကြီးများ၏ လမ်းစဉ်ကို အတုယူခဲ့ခြင်းဖြစ်ပါသည်။ ၁၉၅၉ ခုနှစ် ဧပြီလ ၂၉ ရက်တွင် တောင်ကြီးမြို့၌ ရှမ်းပြည်နယ် ပြည်သူ့ အုပ်ချုပ်ရေးပန္နက်ချပွဲကျင်းပခဲ့ပြီး ထိုနေ့ သည် ရှမ်းစော်ဘွားများ အာဏာစွန့်ပြီး ရှမ်းပြည်သူ တို့ လက်သို့ အုပ်ချုပ်ရေးအာဏာများ စတင်ရောက် ရှိသောနေ့ဖြစ်ခဲ့ပါသည်။
ရှမ်းပြည်နယ်ရှိ နယ်ရှင်စော်ဘွားများ(စဝ်ဖလုံ)များသည် ထုံးတမ်းစဉ်လာ မျိုးရိုးအရိုက်အရာများ အတိုင်း မိမိတို့နယ်များအတွင်း အရပ်ရပ်စီရင် အုပ်ချုပ်မှုအာဏာ၊ တရားစီရင်မှုအာဏာ၊ အခွန် တော်ခန့်ခွဲကောက်ခံမှုအာဏာစသည်ဖြင့် ကျယ်ပြန့် သောအာဏာများနှင့် ခံစားအုပ်ချုပ်လာခဲ့သည်ဖြစ် ရာ အာဏာစွန့်ရန်အတွက် မနည်းကြိုးစားခဲ့ကြရပါ သည်။ သို့သော်ငြား နိုင်ငံတော်နှင့် ပြည်သူတို့၏ လိုလားချက်အတိုင်း ခေတ်စနစ်နှင့်လျော်ညီသည့် ပြည်သူ့အုပ်ချုပ်ရေးအား သဘောထားကြီးစွာ ပြောင်းလဲလက်ခံခဲ့သည့်အတွက် ရှမ်းပြည်နယ် အတွက်သာမက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ အတွက်ပါ အကျိုးရှိစေခဲ့ပါသည်။ ထိုနေ့က အခမ်း အနား၌ ဗိုလ်ချုပ်ကြီးနေဝင်း ပြောကြားခဲ့ သည့် မိန့်ခွန်းကို ကောက်နုတ်တင်ပြလိုပါသေး သည်။
“လွတ်လပ်ရေးခေတ်ကြိုအချိန်က ဗိုလ်ချုပ် အောင်ဆန်းတို့အဖို့ ပြဿနာအမျိုးမျိုးရှိတဲ့ အထဲမှာ အခက်ဆုံးပြဿနာတစ်ခု ပေါ်ပေါက်ခဲ့တယ်၊ အင်္ဂလိပ်အစိုးရအနေနှင့် ဗမာပြည်ကို လွတ်လပ်ရေး ပေးရသည့်တိုင်အောင် အရင်အခေါ်တောင်တန်း ဒေသ ယခုအခေါ် ပြည်နယ်တွေကို ပြည်မမှခွဲထုတ် ပြီး တတ်နိုင်လျှင် အရင်ကအတိုင်း ဆက်လက် အုပ်စိုးရန်နှင့် ထိုသို့မဖြစ်နိုင်မှ ဓနသဟာယ အဖွဲ့ အစည်းအတွင်းမှာနေဖို့ အပြင်းအထန်ကြိုးစားခဲ့ပါ တယ်၊ ပြည်နယ်သားတွေရဲ့ ရိုးသားမှု၊ အတွေ့အကြုံ နည်းမှု၊ အတွေးအခေါ်နောက်ကျမှုတို့ကို အခွင့် အရေးယူပြီး အမျိုးမျိုးကုန်းချောခဲ့ကြတဲ့အတွက် ပြည်နယ်သားတွေအနေနဲ့ ပြည်မက ဗမာများအပေါ် မယုံသင်္ကာဖြစ်ခဲ့ကြပါတယ်၊ ထိုအယုံအကြည် ကင်းမှုပပျောက်အောင် ဗိုလ်ချုပ်အောင်ဆန်းတို့ အနေနှင့်အမျိုးမျိုး ကြံဆောင်ခဲ့ရပါတယ်၊
ထိုကြိုးစားချက် ထမြောက်အောင် စော်ဘွားကြီးများ ရဲ့ ဆန္ဒကို လိုက်လျောကာ စော်ဘွားအုပ်ချုပ်မှုကို ဆက်လက် ကျင့်သုံးစေခဲ့ပါတယ်၊ စော်ဘွားကြီး များအတွက် အထူးအခွင့်အရေးဖြစ်စေမဲ့ ပုဒ်မများ ကိုလဲထည့်သွင်းခဲ့ရပါတယ်၊ စော်ဘွားအုပ်ချုပ်မှုရဲ့ အပြစ်အနာအဆာ စော်ဘွားအချို့ရဲ့ အတွေးအခေါ် အယူအဆ အကျင့်အကြံတွေအပေါ် အပြစ်ပြောစရာ အရင်ကတွေ့ခဲ့ပေမဲ့ ယနေ့တော့ဖြင့် စော်ဘွားကြီး များဟာ မိမိတို့ခံစားနေရတဲ့ အခွင့်အရေးတွေ အာဏာတွေကို ရက်ရက်ရောရော လက်တွေ့ စွန့်လွှတ်ပြလိုက်ကြတာကို တွေ့ရပြီဖြစ်တဲ့အတွက် ကျွန်တော့်အနေနဲ့ မချီးကျူးဘဲမနေနိုင်တော့ပါဘူး၊ ဒီလိုမှမစွန့်လွှတ်ကြဘဲ မိမိတို့ရဲ့ အာဏာအခွင့် အရေးတွေကို ဆက်ပြီးကိုင်ထားချင်ကြသေးတယ် ဆိုရင်တော့ ရှမ်းပြည်နယ်နဲ့ ပြည်ထောင်စုမှာ နိုင်ငံရေးရော အုပ်ချုပ်ရေးရော နှစ်ခုစလုံးနဲ့ ပတ်သက်တဲ့ ပြဿနာတွေ ပေါ်ပေါက်လာနိုင်ပါ တယ်၊ အုပ်ချုပ်ရေးအစီအစဉ်သစ်တစ်ရပ်ကို ပြေပြေ ပြစ်ပြစ်နဲ့ပြောင်းလဲပေးခဲ့ကြတဲ့ စော်ဘွားကြီးတွေ စောဖျာတွေကို အဲဒီပြဿနာများ မပေါ်ပေါက်နိုင် အောင် ဖန်တီးတဲ့ ပုဂ္ဂိုလ်တွေအနေဖြင့် မှတ်တမ်း တင်ရပါလိမ့်မယ်”ဟု ထည့်သွင်းပြောကြားခဲ့ရာ နှောင်းလူတို့အတွက် မှတ်သားစရာနိုင်ငံရေးသမိုင်း ကြောင်း ဗဟုသုတများပင် ဖြစ်ပါသည်။
၂၀၂၂ ခုနှစ် ဧပြီလ ၂၂ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ငြိမ်းချမ်းရေးနှင့် ပတ်သက် ၍ မိန့်ခွန်းပြောကြားခဲ့ရာ “နိုင်ငံတော်အစိုးရနဲ့ တပ်မတော်အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အစဉ်အဆက်တောင်းဆိုလာခဲ့တဲ့ ဒီမို ကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုနိုင်ငံ တည်ဆောက်ရေးကို ခိုင်ခိုင် မာမာအာမခံထားပြီး ဖြစ်ပါတယ်။ လာမဲ့ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ဟာ စိန်ရတုလွတ်လပ် ရေးနေ့ဖြစ်ပါတယ်။ ၇၅ နှစ်ကာလ ကြာပြီဖြစ်တဲ့ လွတ်လပ်ရေးရဲ့အနှစ်သာရများကို တိုင်းရင်းသား ပြည်သူများ အပြည့်အဝ မခံစားရသေးတာကိုလည်း လက်ရှိ ပကတိဖြစ်ရပ်များက ပြဆိုနေပါတယ်။ အဓိကအကြောင်းအရာကတော့ သဘောထား ကွဲလွဲမှုများအပေါ်မှာ အခြေခံပြီး ဖြစ်ပေါ်လာခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင်ပဋိပက္ခများကြောင့်ပဲဖြစ်ပါတယ်။ ဒါကို ကျွန်တော်တို့ဖြေရှင်းနိုင်မှသာ ဒီမိုကရေစီရဲ့ အနှစ်သာရလွတ်လပ်ရေးအနှစ်သာရ ကို အပြည့်အဝ ခံစားနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ဒီ ၂၀၂၂ ခုနှစ်ဟာ ငြိမ်ချမ်းရေးနှစ်ဖြစ်ကြောင်းနဲ့ တစ်နိုင်ငံလုံးမှာ လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးကို ဆောင်ရွက်သွားမယ်လို့ ကျွန်တော် ပြောခဲ့ပါတယ်” ဟု ထည့်သွင်းပြောကြားခဲ့ပါ သည်။ ခေတ်အဆက်ဆက် နိုင်ငံတော်အစိုးရများ အနေဖြင့် ငြိမ်းချမ်းရေးအတွက် ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ ကြိုးစားခဲ့ကြပါသော်လည်း ငြိမ်းချမ်းရေးရလဒ်များက ထင်သလောက်ခရီး မပေါက်နိုင်ခဲ့ပါချေ။ ထို့ကြောင့် အဖိုးတန်အချိန်များ အလေအလွင့်ဖြစ်ခဲ့ရပါသည်။ သူတစ်လူ ငါတစ်မင်း အပြိုင်အဆိုင်မာန်တင်းမှုများကြောင့် ထိခိုက်ခဲ့ရ သည်က တိုင်းပြည်ပင်ဖြစ်သည်။ တိုင်းပြည်ကို အမှန်တကယ်ချစ်မြတ်နိုးစိတ်ရှိပါလျှင် မြန်မာ့နိုင်ငံ ရေးသမိုင်းတွင် ရှမ်းစော်ဘွားများ အာဏာစွန့်သည့် ဥပမာကို နမူနာယူသင့်ပါသည်။ အများအကျိုး၊ နိုင်ငံ့ အကျိုးနှင့်ယှဉ်လာလျှင် မိမိတို့အကျိုးစီးပွားကို ဥပေက္ခာပြုနိုင်ရမည်ဖြစ်၏။ စွန့်ရဲသည့် သတ္တိရှိဖို့ သာလိုပါသည်။ ထိုအရာမှသာ စစ်မှန်သည့် သတ္တိဟု ဆိုရပါမည်။ တစ်ကိုယ်ရေကောင်းစားရေးနှင့် တစ်ပြည်ထောင် ကောင်းစားရေးအတွက် စွန့်စား ခြင်းသည် စစ်မှန်သော သတ္တိ၏ပြယုဂ်မဟုတ်ပါချေ။ တိုင်းတစ်ပါး၏ အမြှောက်အပင့်များကြားတွင် ကိုယ့်တိုင်းပြည်မြေပုံပျက်ယွင်းမှုမရှိစေရေး သတိ ပြုရန်လိုအပ်ပါသည်။ မြန်မာ့နိုင်ငံရေးဖြစ်စဉ်တွင် လေ့လာမှတ်တမ်းတင်၍ မကုန်နိုင်သော ဖြစ်ရပ်များ စွာ ရှိနေပါသည်။ ထိုအထဲမှ အကောင်းအဆိုးတို့ကို ချင့်ချိန်ခွဲခြားပြီး တိုင်းပြည်တိုးတက်ရေးအတွက် ပူးပေါင်းလုပ်ဆောင်ကြမှသာ တိုင်းရင်းသားပြည်သူ များ မျှော်လင့်တောင့်တနေသည့် နိုင်ငံတော်ကြီး တစ်ခုကို တည်ဆောက်နိုင်လိမ့်မည်ဖြစ်ပေသည်။
အမိနိုင်ငံတော်ကြီး ပျက်စီးပြိုကွဲရေးကို ထာဝစဉ်ကြိုးပမ်းနေသော ပြည်ပအဖျက်သမား များ၏ အန္တရာယ်ကို မေ့လျော့ပေါ့ဆနေမည်ဆိုပါ လျှင် ပြည်တွင်းစည်းလုံးညီညွတ်ရေးကို ထိပါးလာ မည်ဖြစ်ပါသည်။ စည်းလုံးညီညွတ်မှု ပြိုကွဲခြင်း မှတစ်ဆင့် တိုင်းပြည်ကို စိတ်တိုင်းကျ ခြယ်လှယ် သွားသည့် အတိတ်ကဖြစ်စဉ်ကို မေ့လျော့၍မရပါ ချေ။ တစ်ချိန်တစ်ခါက ရှမ်းစော်ဘွားများကို နယ်ချဲ့ ဗြိတိသျှတို့က မြှောက်စားမှုများပေးပြီး တောင်တန်း ပြည်မသွေးကွဲမှုများဖြစ်အောင် ဖန်တီးသကဲ့သို့ ယနေ့ထိတိုင်လည်း အလားတူ ဖန်တီးမှုမျိုးကို ခေတ်သစ်ကျားငစဉ်းလဲတို့က ကျင့်ကြံနေကြဆဲဖြစ် ပါသည်။
တပ်မတော်သည် အတိတ်သမိုင်းမှဖြစ်စဉ် များအပေါ် ဆင်ခြင်သုံးသပ်မှုအပြည့်ဖြင့် လွတ်လပ် ရေးရပြီးချိန်မှသည် ယနေ့ကာလတိုင် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ပေးလျက်ရှိပါသည်။ ကျွန်ုပ် တို့အားလုံးသည် မြန်မာဖြစ်သည်ဟူသော ခံယူချက် စိတ်ထားများရှိပါက မည်သည့်သွေးခွဲမှိုင်းတိုက်မှု မျိုးကိုမဆို တွန်းလှန်နိုင်မည်ဖြစ်ပေသည်။ ကျွန်တော်တို့ ငယ်စဉ်က သင်ခဲ့ရသည့် “ဇွန်ပန်းရုံ အနီး လှည်းဘီးနွံထဲကျွံနေသည် ကူ၍တွန်းပေးကြပါ၊ လေးလွန်း၍မတွန်းနိုင်ဘူးလား ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်” ဟူသော ကဗျာလေးက အကောင်း ဆုံး သာဓကပင်ဖြစ်ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ အစည်းအဝေး(၄/၂၀၂၂) တွင် အမှာစကား ပြောကြားခဲ့ရာ “ ဒီမိုကရေစီစနစ်ဆိုသည်မှာ အများ ဆန္ဒနှင့်အညီ ရွေးချယ်တင်မြှောက်သည့် အစိုးရစနစ် ဖြစ်ပြီး ပြည်သူ့အုပ်ချုပ်ရေးစနစ်ဖြစ်ကြောင်း၊ တိုင်းရင်းသားနယ်မြေများအလိုက် လိုအပ်ချက်များ၊ တောင်းဆိုချက်များနှင့် အခွင့်အာဏာများခွဲဝေခံစား ခြင်း၊ မျှဝေခံစားခြင်းများ ရရှိစေရန်လိုကြောင်း၊ ထို့ကြောင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုစနစ်ကို သွားရမည် ဖြစ်ကြောင်း” ထည့်သွင်း ပြောကြားခဲ့ပါသည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီးသည် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း တည်းဟူသော တိုင်းရင်းသားလူမျိုးစုများဖြင့် ဖွဲ့စည်းထားသော ပြည်ထောင်စုကြီးပင်ဖြစ်၏။ ထိုပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲဖို့၊ ပြည်သူလူထု လိုလားသည့် ပါတီစုံဒီမိုကရေစီစနစ် ပီပြင်စွာဖြစ်ပေါ် လာရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီးဖြစ်ပေါ်လာစေရေးအတွက် ပြည်ထောင်စုတိုင်းရင်းသားအားလုံးတွင် တာဝန်ရှိကြပါသည်။ ၎င်းတာဝန်ကို အတိတ်သမိုင်း ကြောင်း၌ မည်သို့ကြိုးပမ်း တည်ဆောက်ခဲ့ကြသည် ကို ရှမ်းပြည်နယ်ပြည်သူ့အုပ်ချုပ်ရေးပန္နက်ချပွဲ၌ ထင်ရှားစွာတွေ့နိုင်ပါသည်။
အချုပ်ဆိုရသော် အစိုးရအနေဖြင့် စစ်မှန်သော သဘောထားတို့ဖြင့် ထာဝရငြိမ်းချမ်းရေးအတွက် မည်မျှပင်ကြိုးပမ်းစေကာမူ သက်ဆိုင်သူအားလုံးက ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ကိုယ်ကျိုး မကြည့်ဘဲ ပူးပေါင်းပါဝင်လက်တွဲကြမှသာ ပြည်တွင်းလက်နက် ကိုင်ပဋိပက္ခများချုပ်ငြိမ်းပြီး တိုင်းပြည်အေးချမ်း မည်ဖြစ်သည်။ တိုင်းပြည်အေးချမ်းမှသာ ပြည်သူ များ၏လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ် ၏။ တိုင်းရင်းသားပြည်သူလူထု တစ်ရပ်လုံး၏ လူမှု စီးပွားဘဝ ဖူလုံပြည့်စုံခြင်းသည် တိုင်းပြည်စည်ပင် ဝပြောခြင်းကို ဖော်ထုတ်ပြသခြင်းပင်ဖြစ်၏။ တိုးတက်ပြောင်းလဲလျက်ရှိသော ကမ္ဘာကြီးနှင့် ကမ္ဘာ့နိုင်ငံရေးဖြစ်စဉ်များကို မျက်ခြည်ပြတ်မခံဘဲ အားလုံးသည် ဟုတ်သောအကြံ မှန်သောအကျင့် သင့်သောအယူ ဖြူသောနှလုံးဖြင့် တိုင်းပြည် ကောင်းရာကောင်းကျိုး ပူးပေါင်းဆောင်ရွက်ကြ မည်၊ စည်းလုံးညီညွတ်ကြမည်ဆိုပါလျှင် စိန်ရတု လွတ်လပ်ရေးကာလမှသည် နောင်နှစ်ပေါင်းများစွာ တိုင် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံမှု ကြောင့်ဖြစ်ပေါ်လာသည့် အသီးအပွင့်များစွာကို ခံစားကြရလိမ့်မည်မှာ မလွဲဧကန်ပင်ဖြစ်ပါသည်။
ကိုးကား
၁။ ပြည်ထောင်စုဝံသာနုရက္ခိတ (တက္ကသိုလ် မြတ်သူ)
၂။ ရှမ်းပြည်နယ် ပြည်သူ့အုပ်ချုပ်ရေးပန္နက် ချပွဲစာအုပ်
၃။ (၁၃-၅-၂၀၂၂) ရက်နှင့် (၂၃-၄-၂၀၂၂) ရက် ထုတ်မြဝတီသတင်းစာ
- Log in to post comments