
ရန်ကုန် ဩဂုတ် ၅
ရန်ကုန်တိုင်း ဒေသကြီးနှင့် ကျန်သော တိုင်းဒေသနှင့်ပြည်နယ် များသို့ ရေထွက်ကုန်ပစ္စည်း အဓိကတင်ပို့နေသော ရန်ကုန်မြို့ လှိုင်မြို့နယ်ရှိ ရွှေပိတောက် ငါး ဈေးကြီး၌ တစ်ရက်လျှင်ရေချို ပစ္စည်း ကုန်ချိန်နှစ်သိန်းနှင့် ရေငန် ပစ္စည်းကုန်ချိန် ငါးသောင်းဖြင့် ကုန်စည်စီးဆင်းနေကြောင်း သိရ သည်။
ယခင်က တစ်ရက်လျှင် ရေထွက်ပစ္စည်းကုန်ချိန် သုံးသိန်း မှငါးသိန်းကြား အရောင်းအဝယ် ရှိခဲ့ပြီး ဇွန်လပိုင်းမှစ၍ ရေထွက် ကုန် ဝင်ရောက်မှုနှင့်တစ်ဆင့် ပြန်လည်ရောင်းချမှု လျော့ကျ ခဲ့ခြင်းဖြစ်ရာ ဩဂုတ်လ ပထမ ပတ်၌ တစ်ရက်လျှင် ကုန်ချိန် နှစ်သိန်းခွဲဖြင့် ရောင်းဝယ်လျက် ရှိသည်။ အစာဈေးမြင့်လာမှု ကြောင့် ငါးမွေးကန်များ သားပေါက် ပြန်လည်မွေးမြူမှု နည်းလာခြင်း၊ ရေချိုမွေးမြူသူများ အမြတ်ရရှိမှု အခွင့်အလမ်း နည်းလာခြင်းနှင့် အလတ်စားနှင့် အသေးစား မွေးမြူ မှု လျော့နည်းလာခြင်းကြောင့် လည်းကောင်း၊ ပင်လယ်ငါး ဝင်ရောက်မှုတွင် ငါးကြီးများကို ထိုင်းနိုင်ငံသို့တင်ပို့ပြီး ဈေးကွက် နည်းသော ငါးအသေးများကို ဈေးကွက်သို့တင်ပို့ခြင်း၊ ရန်ကုန် ငါးဈေးတွင် ရောင်းချနိုင်ရန် စစ်တွေနှင့် ထားဝယ်တွင်ဒိုင်ဖွင့်၍ ငါး/ပုစွန် တစ်ဆင့်ဝယ်ယူကာ ရန်ကုန်ဈေးကွက်သို့ တစ်ဆင့် ပြန်လည် တင်ပို့နေရခြင်းတို့ ကြောင့် လည်းကောင်း ရန်ကုန် တွင် ငါး/ပုစွန်ဈေးနှုန်း မြင့်တက် လာခြင်းဖြစ်သည်။
“ကျွန်တော်တို့ ဈေးမှာ ရေထွက်ကုန်ဈေးနှုန်း တက် တယ်။ အကြောင်းရင်းက ပင်လယ်ပြင်မှာ ငါးအထိအမိ ရှိပေမယ့် ရန်ကုန်ဆိပ်ကမ်းကို ငါးလှေတွေ ဝင်လာရင်ငါးကောင်း တွေမပါတော့ဘူး။ ငါးအသေးတွေ ပဲ ပါလာတယ်။ ရေငန်ငါးက သိသိသာသာကို အဝင်နည်းသွား တာ တစ်လနီးပါးရှိပြီ။ ရေချိုမွေး ငါးဆိုရင် အစာဈေးနှုန်းမြင့်တဲ့ အတွက် မွေးမြူမှုလျော့သွားပြီးလုပ်ငန်းရှင်ကြီးတွေပဲ မွေးမြူနိုင် တော့တယ်။ ဝယ်လိုအားနဲ့ ရောင်းလိုအားမှာ အခက်အခဲရှိ လာတာကြောင့် အရောင်းအဝယ် ဆက်ပြီး ယိုင်မသွားအောင် ဌာန ဆိုင်ရာနဲ့ ဈေးသာယာရေး ကော်မတီအားလုံး ဝိုင်းဝန်းပြီး ပူးပေါင်း ဆောင်ရွက်နေကြပါ တယ်။ အရှုံးများလာရင်တော့ ငါးဒိုင်တွေ ရပ်သွားနိုင်တယ်” ဟု ရွှေပိတောက်ငါးဈေးမှ ဈေး သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးရှင်စောက ပြောသည်။
ရွှေပိတောက်ငါးဈေးသို့ ရေချို ငါး/ပုစွန် ၁၅ မျိုးနှင့် ရေငန်ငါး/ပုစွန်ခုနစ်မျိုး ဝင်ရောက်လျက်ရှိပြီး လက်ရင်းဈေး တစ်ပိဿာလျှင် ငါးသလောက် ငွေကျပ် ၄၀၀၀၀ မှ ၅၀၀၀၀၊ ပုစွန်အကြီး ငွေကျပ် ၃၀၀၀၀၊ ပုစွန်အသေးငွေကျပ် ၂၀၀၀၀ ၊ ငါးကြင်းအကြီး ငွေကျပ် ၈၀၀၀၊ အသေးငွေကျပ် ၇၀၀၀ ၊ ငါးတန်ငွေကျပ် ၄၅၀၀၊ ရေချို ငါးမုတ် ငွေကျပ် ၃၀၀၀၊ ငါးခေါင်းပွ ငွေကျပ် ၅၅၀၀၊ ငါးမြစ်ချင်း ငွေကျပ် ၄၅၀၀၊ ပြည်ကြီးငါး ငွေကျပ် ၂၇၀၀၀၊ ကင်းမွန် ငွေကျပ် ၁၉၀၀၀ ၊ ရေဘဝဲငွေကျပ် ၁၈၀၀၀၊ ပလာတူး ငွေကျပ် ၃၀၀၀၊ ရွှေငါး ငွေကျပ် ၁၂၀၀၀ ဖြင့် ရောင်းချလျက်ရှိကြောင်း သိရ သည်။
ညိမ်းသူ(သတင်းစဉ်)
ဓာတ်ပုံ - ကနူး