
နေပြည်တော် ဧပြီ ၅
ပြည်ပတွင်အလုပ်လုပ်ကိုင်မှုဆိုင်ရာ ကြီးကြပ်ရေး ကော်မတီ အစည်းအဝေး (၁/၂၀၂၄) ကို ယနေ့နံနက် ပိုင်းတွင် အလုပ်သမားဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ပြည်ပတွင်အလုပ်လုပ်ကိုင်မှု ကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ အလုပ်သမားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ ဒုတိယဥက္ကဋ္ဌ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ အတွင်းရေးမှူး အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးကြည်၊ ကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ ဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီးနှင့် အလုပ်သမား သံအရာရှိရုံးမှ အလုပ်သမားသံမှူးတို့က Online မှ တက်ရောက် ကြသည်။
အစည်းအဝေးတွင် ပြည်ပတွင်အလုပ်လုပ်ကိုင်မှု ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်က ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားများ ကို မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificates of Identity – CI) ထုတ်ပေးရေးစခန်း ငါးခုနှင့် Mobile Unit သုံးခုကို ဖေဖော်ဝါရီ ၂၃ ရက်မှစ၍ ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိရာ ဧပြီ ၄ ရက်အထိ ၁၆၀၉၀၃ ဦး ဆောင်ရွက်ပြီးစီးခဲ့ကြောင်း၊ CI စခန်းများတွင် ဝင်ငွေခွန်ကောက်ခံခြင်းလုပ်ငန်း စဉ်နှင့် e-ID အချက်အလက်ကောက်ယူသည့် လုပ်ငန်းစဉ်များကိုပါ တွဲဖက်ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ထိုင်းနိုင်ငံရှိ အထောက်အထားမဲ့ မြန်မာအလုပ်သမားများကို CI ထုတ်ပေးခြင်းအားဖြင့် အလုပ်သမားများအနေဖြင့် ထိုင်းနိုင်ငံအတွင်း နယ်ကျော်သွားလာခွင့်၊ ရွှေ့ပြောင်းအလုပ်သမားများ ၏ သတ်မှတ်ထားသောလုပ်ခလစာ၊ ဥပဒေပါ အကျိုး ခံစားခွင့်၊ အလုပ်လုပ်ကိုင်ခွင့်၊ နေထိုင်ခွင့်၊ ထိုင်းဘဏ် များ၌ ငွေစာရင်းဖွင့်လှစ်ခွင့်ရရှိ၍ မြန်မာနိုင်ငံသို့ တရားဝင်လမ်းကြောင်းမှတစ်ဆင့် မိသားစုလွှဲပို့ငွေ များ ပြန်လည်လွှဲပြောင်းရေး ဆောင်ရွက်နိုင်ခွင့်၊ ထိုင်းနိုင်ငံအတွင်း ခရီးသွားလာခွင့်နှင့် လေယာဉ် စီးနင်းခွင့်၊ မြန်မာနိုင်ငံသို့ လေကြောင်းမှတစ်ဆင့် ပြန်လည်ဝင်ရောက်ခွင့် အစရှိသည့် အကျိုးခံစားခွင့် များ ရရှိနိုင်မည်ဖြစ်ပါကြောင်း။
အလုပ်ခန့်ထားမှု သဘောတူစာချုပ်ချုပ်ဆို
ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်လျက်ရှိသည့် MoU သက်တမ်းလေးနှစ်ပြည့်မြောက်ပြီးသည့် အလုပ် သမားများကို ထိုင်းနိုင်ငံသို့ MoU U-turn စနစ်ဖြင့် နေ့ချင်းပြီး ပြန်လည်ဝင်ရောက်လုပ်ကိုင်နိုင်ရေး အတွက် အလုပ်ရှင်၊ အလုပ်သမား အလုပ်ခန့်ထားမှု ဆိုင်ရာ သဘောတူစာချုပ် ချုပ်ဆိုခြင်း၊ OWIC ရိုက်နှိပ်ခြင်းများကို One Stop Service ဖြင့် ဆောင်ရွက်ပေးသည့် MoU U-turn စခန်းများကို ၂၀၂၃ ခုနှစ် စက်တင်ဘာ ၁၁ ရက်တွင် မြဝတီမြို့နှင့် ကော့သောင်းမြို့များ၌ စတင်ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် ပြည်ပနိုင်ငံတွင် မိမိရရှိမည့်လုပ်ခလစာ၏ အနည်း ဆုံး ၂၅ ရာခိုင်နှုန်းကို မိသားစုဝင်များထံသို့ တရားဝင် ဘဏ်စနစ်ဖြင့်ဖြစ်စေ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ခွင့်ပြုထုတ်ပေးထားသည့် Remittance Business License (RBL) ရရှိသူများဖြင့်ဖြစ်စေ၊ ဘဏ်စနစ်ဖြင့် ချိတ်ဆက်ထားသော နိုင်ငံတကာ ငွေလွှဲဝန်ဆောင်မှု လုပ်ငန်းများဖြင့်ဖြစ်စေ တစ်လလျှင် တစ်ကြိမ်လုပ်ခ လစာ၏ ၂၅ ရာခိုင်နှုန်း သို့မဟုတ် အများဆုံး သုံးလ လျှင် တစ်ကြိမ် သုံးလစာ စုစုပေါင်း၏ အနည်းဆုံး ၂၅ ရာခိုင်နှုန်းကို မိသားစုဝင်များထံသို့ လွှဲပြောင်း ပေးပို့ရန် ကြီးကြပ်အသိပညာပေး ဆောင်ရွက်လျက် ရှိပါကြောင်း၊ ပြည်ပအလုပ်အကိုင်အကျိုးဆောင် လိုင်စင်ရအေဂျင်စီများမှ ပြည်ပနိုင်ငံများသို့ အလုပ် သမား စေလွှတ်ရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး အလုပ်ခေါ်စာတင်ပြခြင်း၊ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်ချုပ်ဆိုခွင့် တင်ပြခြင်းနှင့် စေလွှတ် ခွင့်တင်ပြခြင်းများကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ စတင်၍ Online စနစ်ဖြင့် စတင်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ယခုနှစ်တွင် ကျင်းပမည့် (၁၆)ကြိမ် မြောက် ကိုရီးယားဘာသာအရည်အချင်းစစ် စာမေးပွဲ (EPS-TOPIK) တွင် မြန်မာအမျိုးသမီးများ ကို ဝင်ရောက်ဖြေဆိုစေလျက် EPS စနစ်ဖြင့် စေလွှတ် မည့် ဝန်ဆောင်မှုလုပ်ငန်းများသို့ သွားရောက် လုပ်ကိုင်နိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။
တရားဝင်သွားရောက်လုပ်ကိုင်နိုင်စေရေး
ဆက်လက်၍ ပြည်ပတွင် အလုပ်လုပ်ကိုင်မှု ကြီးကြပ်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော် အစိုးရအနေဖြင့် နိုင်ငံတော်ခေတ်မီဖွံ့ဖြိုးတိုးတက် ရေးအတွက် လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည့် အလုပ်သမားများ၏ အခန်းကဏ္ဍကို စနစ်တကျ အကျိုးရှိစွာ အသုံးချနိုင်ရေး ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ ပြည်ပအလုပ်အကိုင်ရှာဖွေသူများ အတွက် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေပြီး ပြည်ပသို့ တရားဝင်သွားရောက်လုပ်ကိုင်နိုင်စေရေး နှင့် ရပိုင်ခွင့်နှင့် အခွင့်အရေးများ နစ်နာဆုံးရှုံးမှု မရှိစေရေးအတွက် ပြည်ပတွင် အလုပ်လုပ်ကိုင်မှု ကြီးကြပ်ရေးကော်မတီ၏ ဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် ပြည်ပအလုပ်အကိုင် အခွင့် အလမ်း ဖန်တီးဖော်ဆောင်ပေးနေမှု အခြေအနေများ ကို အသေးစိတ်ရှင်းလင်းဆွေးနွေးပြောကြားသည်။
ထို့နောက် ပြည်ပတွင် အလုပ်လုပ်ကိုင်မှုကြီးကြပ် ရေးကော်မတီ အတွင်းရေးမှူး အလုပ်သမားဝန်ကြီး ဌာန ဒုတိယဝန်ကြီးက ပြည်ပတွင် အလုပ် လုပ်ကိုင်မှုကြီးကြပ်ရေးကော်မတီ၏ အကောင် အထည်ဖော်ဆောင်ရွက်ခဲ့မှုများကို အသေးစိတ် ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ ပြည်ပတွင် အလုပ်လုပ်ကိုင်မှု ကြီးကြပ်ရေးကော်မတီ တွဲဖက်အတွင်းရေးမှူး အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးမောင်မောင်သန်းက ထိုင်းနိုင်ငံသို့ MoU U-turn စနစ်ဖြင့် အလုပ်သမားများစေလွှတ် နိုင်ရေး ဆောင်ရွက်မည့် အစီအစဉ်အသေးစိတ်နှင့် အလုပ်သမားများအတွက် ထိုင်းနိုင်ငံက ထုတ်ပေး ထားသည့် ပန်းရောင်ကတ်မှ CI ပြောင်းလဲထုတ်ပေးဆောင်ရွက်နိုင်ရေးကိစ္စရပ်များ၊ CI စခန်းများ ဖွင့်လှစ် နိုင်ရေး လုပ်ငန်းစဉ်များ၊ MOU U-turn Update အခြေအနေများ၊ လေကြောင်းလိုင်းမှ တစ်ဆင့် MoU စနစ်ဖြင့် အလုပ်သမားစေလွှတ်နိုင်ရေးကိစ္စရပ်များ၊ MoU လုပ်ငန်းစဉ်များ၊ ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေ (မူကြမ်း) ရေးဆွဲ ဆောင်ရွက်နေမှုအခြေအနေများ၊ ပြည်ပနိုင်ငံရောက် မြန်မာနိုင်ငံသားများမှ မိသားစုလွှဲပို့ငွေများကို တရားဝင် ဘဏ်စနစ်များမှတစ်ဆင့် ပြန်လည်လွှဲပို့ ပေးနိုင်ရေးအတွက် နိုင်ငံအားလုံးခြုံမိသည့် ပြည်ပ အလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရအေဂျင်စီ နှင့် အလုပ်သမားအကြား ချုပ်ဆိုမည့် စာချုပ် (မူကြမ်း) ကိစ္စရပ်များကို ရှင်းလင်းတင်ပြရာ အစည်း အဝေးသို့ တက်ရောက်လာသည့် ကော်မတီဝင်များ၊ Online မှ တက်ရောက်ကြသည့် အလုပ်သမား သံအရာရှိရုံးမှ အလုပ်သမားသံမှူးတို့၏ ရှင်းလင်း ဆွေးနွေးမှုများနှင့်ပတ်သက်၍ အကြံပြုဆွေးနွေး ခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးတင်ပြ ချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်