
မကွေး ဧပြီ ၂၄
မကွေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနသည် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဘဏ္ဍာရန်ပုံငွေဖြင့် ရေနံချောင်းမြို့နယ် နဂါးရေလှောင်တမံအတွင်း ပိုက်လှောင်အိမ်စနစ်ဖြင့် ငါးမွေးမြူရေးလုပ်ငန်း (စမ်းသပ်စီမံကိန်း) ဆောင်ရွက်နေသည့် အခြေအနေ များကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးသန်းဆွေဝင်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဧပြီ ၂၁ ရက်က ကြည့်ရှုစစ်ဆေးသည်။
တိုင်းဒေသကြီးဝန်ကြီးချုပ်အား ရှင်းလင်းဆောင် ၌ တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှူးက တိုင်းဒေသကြီးအတွင်း ငါးမွေးမြူရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေပြီး ဒေသခံများအလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန်နှင့် ပုဂ္ဂလိကငါးမွေး တောင်သူများ စီးပွားဖြစ်မွေးမြူထုတ်လုပ်နိုင်စေရေးတို့အတွက် နဂါးရေလှောင်တမံအတွင်း ရေပေါ် လှောင်အိမ်စနစ်ဖြင့် ငါးမွေးမြူရေးလုပ်ငန်း(စမ်းသပ် စီမံကိန်း) ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
တိုင်းဒေသကြီးဝန်ကြီးချုပ်က နဂါးရေလှောင် တမံသည် ရေအရည်အသွေး၊ မြေပြင်အနေအထား လမ်းပန်းဆက်သွယ်ရေးအခြေအနေများ ကောင်းမွန် သောကြောင့် အောင်မြင်နိုင်သည့် စီမံကိန်းတစ်ခု ဖြစ်ကြောင်း၊ စီမံကိန်းကို ဆက်လက်အကောင် အထည်ဖော်နိုင်ရေးအတွက် လာမည့်ဘဏ္ဍာနှစ် အတွင်း တိုင်းဒေသကြီးအစိုးရအဖွဲ့က ပံ့ပိုးကူညီမည် ဖြစ်ကြောင်း၊ ထို့ပြင် ရေနံချောင်းတက္ကသိုလ် သတ္တ ဗေဒဌာနနှင့် ပူးပေါင်း၍ ပိုက်လှောင်အိမ်ဖြင့် ငါးမွေးမြူခြင်းဆိုင်ရာ စာတမ်းတစ်စောင်ရေးသားနိုင် ရေးကိုလည်း ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ စီမံကိန်းမှရရှိလာသည့် အတွေ့အကြုံများ ကို လေ့လာသုံးသပ်၍ ဒေသခံငါးမွေးတောင်သူများ ပါ ရေပေါ်လှောင်အိမ်စနစ်ဖြင့် ငါးမွေးမြူလာစေရန် အသိပညာဖြန့်ဝေခြင်း၊ ငါးမျိုးစိုက်ထည့်ပေးခြင်းတို့ကို ကြီးကြပ်ဆောင်ရွက်ခြင်းဖြင့် တိုင်းဒေသကြီး အတွင်း ငါးမွေးမြူရေးလုပ်ငန်းများ ပိုမိုတိုးတက်လာ စေပြီး ငါးရိက္ခာပိုမိုထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ နဂါးရေလှောင်တမံအနီး ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံတောင်သူများက မိမိကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လိုအပ်ချက်များ တင်ပြခဲ့မှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆက်စပ်ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် နဂါးရေလှောင်တမံအတွင်း ပိုက်လှောင်အိမ် စနစ်ဖြင့် ငါးမွေးမြူရေးလုပ်ငန်း စမ်းသပ်ဆောင်ရွက် ထားမှုကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် အဆိုပါစီမံကိန်းကို ဒေသတွင်းငါးရိက္ခာဖူလုံစေရေး၊ လူတစ်ဦးချင်း ငါးစားသုံးနိုင်မှုနှုန်း လက်ရှိထက်ပိုမို လာစေရေး၊ ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများပိုမိုရရှိလာကာ လူမှုစီးပွားဘဝ ပြည်စုံလာစေရေးရည်ရွယ်လျက် ဒေသတွင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် တောင်သူများ အတုယူ လိုက်နာဆောင်ရွက်နိုင်ရန် စမ်းသပ်စီမံကိန်းအဖြစ် စတင်အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ် ပြီး ငါးကဏ္ဍဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်း ဖြင့် တိုင်းဒေသကြီး၏ GDP ကို တိုးတက်စေမည်ဖြစ် ကြောင်း သိရသည်။ မောင်ညီညာ