ရှေ့နေနှင့် မြန်မာဥပဒေအညွှန်း

Type
၁

ဆောင်းပါး

========

 

ရှေ့နေနှင့် မြန်မာဥပဒေအညွှန်း

====================

 

 

ဦးဟန်ညွန့် (ဥပဒေ)

 

နိဒါန်း

“ဆရာ”

“ဗျာ”

“ဒီတစ်ပတ်ဆောင်းပါးခေါင်းစဉ်က ဘာလဲဆရာ”

“ရှေ့နေနှင့် မြန်မာဥပဒေအညွှန်းပါတဲ့ ”

“ဘာကိုဆိုလိုပါသလဲ ဆရာ”

“တရားလွှတ်တော်ရှေ့နေနှင့် နိုတြီပဗ္ဗလစ် ဦးစန်းလွင် ရေးသားပြုစုတဲ့ မြန်မာနိုင်ငံ ဥပဒေပေါင်းချုပ် အထွေထွေအညွှန်း(စတုတ္ထအကြိမ် တည်းဖြတ်ခြင်း) ၂၀၂၀ စာအုပ်အကြောင်း မိတ်ဆက်ရေးသား တင်ပြချင် လို့ပါ”

“စိတ်ဝင်စားပါတယ်ဆရာ”

“ဒါဖြင့် ၊ ဖတ်ကြည့်ကြစို့”

 

ဦးစန်းလွင်

စာအုပ်ပြုစုသူ ဦးစန်းလွင်သည် တရားလွှတ်တော် ရှေ့နေနှင့် နိုတြီပဗ္ဗလစ်တစ်ဦးဖြစ်သည်။ ပြည်ထောင်စု ရှေ့နေချုပ်ရုံးတွင် ညွှန်ကြားရေးမှူး တာဝန်ထမ်းဆောင်ခဲ့ ဖူးသူလည်း ဖြစ်သည်။ ဥပဒေရေးဆွဲရေးနှင့်ဘာသာပြန် တာဝန်ကို ထမ်းဆောင်ခဲ့သူ၊ ပြည်တွင်းပြည်ပ ဥပဒေ ရေးရာ အတွေ့အကြုံရှိသူ၊ ဥပဒေစာအုပ် စာတမ်းများ ရေးသားပြုစုဖူးသူ၊ ယနေ့တိုင်လည်း ဥပဒေအလုပ်များ လုပ်နေသူ ဖြစ်သည်။

 

အညွှန်း

စာအုပ်အမည် အပြည့်အစုံမှာ “မြန်မာနိုင်ငံဥပဒေ ပေါင်းချုပ်၊ အထွေထွေအညွှန်း” ဖြစ်သည်။ စတုတ္ထအကြိမ် တည်းဖြတ်ခြင်း(၂၀၂၀) ဖြစ်သည်။ GENERAL INDEX OF MYANMAR LAWS ဟု အင်္ဂလိပ်ဘာသာဖြင့်ပါ ပြန်ဆို ဖော်ပြသည်။

 

ရှေ့နေရှေ့ရပ်ကောင်းတစ်ယောက်

ရှေ့နေရှေ့ရပ်ကောင်းတစ်ယောက်ဆိုသည်မှာ ဥပဒေ များကို အလုံးစုံသိသူကို ဆိုလိုသည်မဟုတ်။ သက်ဆိုင်ရာ ဥပဒေကို မည်သည့်နေရာတွင် ရှာဖွေရမည်ဖြစ်ကြောင်း သိသူကို ဆိုလိုကြောင်း၊ လက်တွေ့နယ်ပယ်တွင်လည်း မြားမြောင်လှသော ပြဋ္ဌာန်းဥပဒေများ၊ ဓလေ့ထုံးတမ်း ဥပဒေများကို အလုံးစုံသိသူ အလွတ်ရသူဖြစ်ရန် မလွယ်ကူ ကြောင်း ….. စသည်ဖြင့် ဦးစန်းလွင်က ၎င်း၏ အမှာစာ တွင် ရေးသားတင်ပြထားသည်။

ဥပဒေပြင်ဆင်ချက်များရှိပါက ယင်းနောက်ဆုံးပြင်ဆင် ချက်များ၊ ဆက်နွှယ်သည့်ဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့် ကြော်ငြာစာများ၊ အမိန့်များ၊ သက်ဆိုင်ရာညွှန်ကြားချက် များ၊ စီရင်ထုံးများ၊ စီရင်ချက်များကို သိရှိရန်မှာ ရုတ်ခြည်း စွမ်းဆောင် ရရှိနိုင်သောအရာမဟုတ်ကြောင်း၊ နှစ်ပေါင်း များစွာ ဆရာကောင်းများထံ နည်းနာခံခြင်း၊ စာပေ စုဆောင်းခြင်း၊ လေ့လာခြင်း၊ လက်တွေ့ကိစ္စရပ်များတွင် စပ်ဟပ်အသုံးချ၍ မှတ်မိစေခြင်းဖြင့် ပျိုးထောင်ယူကြရ ပါကြောင်း၊ တစ်ဖက်တွင် ဥပဒေများကို နောက်ဆုံး ပြင်ဆင်ချက်များ၊ ဆက်စပ်သည့် ဥပဒေစည်းမျဉ်းများနှင့် တကွ ပြည့်စုံမှန်ကန်စွာသိရှိခြင်းဖြင့် မိမိကိုယ်တိုင် ဗဟု သုတ၊ ပညာတိုးပွားခြင်း၊ မိမိလိုက်ပါဆောင်ရွက်သော အမှုများအောင်နိုင်ခြင်း၊ မိမိပါဝင်သော အဖွဲ့အစည်း တိုးတက်ရေးတို့တွင် အထောက်အကူပြုခြင်းစသည့် အကျိုးတရားများ ဖြစ်ထွန်းစေသကဲ့သို့ အခြားတစ်ဖက် တွင် ဥပဒေများကို ပြည့်စုံမှန်ကန်စွာမသိရှိဘဲ ပေါ့ပေါ့ လွယ်လွယ် ဆောင်ရွက်မိပါက မိမိကိုယ်တိုင် အရည် အသွေးနိမ့်ကျခြင်း ဖြစ်သည်သာမက မိမိ၏အဖွဲ့အစည်း သိက္ခာကျခြင်း၊ မိမိလိုက်ပါသောအမှုရှုံးနိမ့်ခြင်း၊ ဥပဒေ ပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးတို့တွင် ထိရောက်စွာ မကူညီနိုင်ခြင်း၊ တစ်ခါတစ်ရံအနှောင့်အယှက်သဖွယ် ဖြစ်ပွားရခြင်းအစရှိသည်တို့ ပေါ်ပေါက်နိုင်ကြောင်းလည်း ဦးစန်းလွင်က ရေးသားတင်ပြထားပါသည်။

 

ဤစာအုပ်

ဤစာအုပ်သည် ဥပဒေကို သိရှိနားလည်လိုက်နာကြစေ ရေးအတွက် မည်သည့်ဥပဒေကို မည်သည့်စာအုပ်၊ မည်သည့်စာမျက်နှာတွင် ရှာဖွေတွေ့ရှိနိုင်ကြောင်း ညွှန်ပြ ထားသည်။ ၂၀၂၀ ပြည့်နှစ်၊ မတ်လ (၃၁)ရက်နေ့အထိ ပြည်ထောင်စုမြန်မာနိုင်ငံတော်တွင် ပြဋ္ဌာန်းခဲ့သော ဥပဒေများအနက် ရုပ်သိမ်းခဲ့သောဥပဒေများ၊ ပယ်ဖျက်ခဲ့ သောဥပဒေများ၊ ပျက်ပြယ်ပြီးသောဥပဒေများအား နုတ်ပယ်၍ တည်ဆဲဥပဒေများကို တင်ပြထားပါသည်။ တရားလွှတ်တော်ရှေ့နေနှင့် နိုတြီပဗ္ဗလစ် ဆရာကြီး ဦးမြသိန်း၏ လမ်းညွှန်ကူညီမှုဖြင့် ဤစာအုပ် ပြုစုနိုင်ခဲ့ ကြောင်းလည်း ဖော်ပြထားပါသည်။

ဥပဒေများကို တင်ပြရာတွင် တည်ဆဲပြင်ဆင်ချက် ဥပဒေအဆင့်ဆင့်ကိုပါ တင်ပြထား၍ နောက်ဆုံးပြင်ဆင် ချက်များကိုပါ ရှာဖွေတွေ့ရှိနိုင်ပါသည်။ ထို့ပြင် အထွေထွေ အညွှန်းမာတိကာဖြစ်၍ မိမိသိရှိလိုသော ဥပဒေအမည် အပြည့်အစုံကို မမှတ်မိသည့်တိုင် ဥပဒေ၏အမည် တစ်စိတ်တစ်ပိုင်း၊ အကြောင်းအရာ တစ်စိတ်တစ်ပိုင်းကို သိရုံဖြင့် မိမိသိရှိလိုသော ဥပဒေကို ရှာဖွေတွေ့ရှိနိုင်ရန် စီစဉ်ပြုစုထားပါသည်။ မြန်မာနိုင်ငံဥပဒေ အတွဲ အမှတ်(၁၃) တွင် ၁၉၅၄ ခုနှစ်၊ ဒီဇင်ဘာလ (၃၁)ရက်နေ့ အထိ မြန်မာနိုင်ငံတွင် ပြဋ္ဌာန်းခဲ့သောဥပဒေများကို အထွေထွေအညွှန်း မာတိကာ ပြုစုဖော်ပြထားပါသည်။ ၁၉၅၅ ခုနှစ်မှစ၍ ယနေ့အထိကာလအတွက်မူ နှစ်အလိုက် ဥပဒေပေါင်းချုပ်စာအုပ် (YEAR BOOK) များသာ ထုတ်ဝေခဲ့ပါသည်။

 

အထွေထွေအညွှန်းပြုစုခြင်း

အထွေထွေအညွှန်းမာတိကာပြုစုရာတွင် ၁၉၅၄ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက်နေ့အထိ ကာလအတွင်း ပြဋ္ဌာန်းခဲ့ သော ဥပဒေများအတွက် မြန်မာနိုင်ငံဥပဒေအတွဲ(၁)မှ အတွဲ(၁၃)အထိ ဥပဒေစာအုပ်များ၊ ၁၉၅၅ ခုနှစ်မှ ၁၉၆၁ ခုနှစ်အထိ ကာလအတွက် နှစ်အလိုက်ထုတ်ပြန်သော အစိုးရပုံနှိပ်တိုက်ထုတ် ဥပဒေစာအုပ်များ၊ ၁၉၆၂ ခုနှစ်မှ ၁၉၇၄ ခုနှစ်အထိ ကာလအတွက် တော်လှန်ရေးကောင်စီ ဥပဒေများ (ပထမတွဲ) (ဒုတိယတွဲ) (တတိယတွဲ) စာအုပ် များ၊ ၁၉၇၅ ခုနှစ်မှ ၁၉၈၇ ခုနှစ်အထိ ကာလအတွက် ပြည်သူ့လွှတ်တော်ရုံးမှ ထုတ်ဝေသော နှစ်အလိုက် ဥပဒေ စာအုပ်များ၊ ၁၉၈၈ ခုနှစ်မှ ၂၀၁၉ ခုနှစ်ကာလအတွက် ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ထုတ်ဝေသော နှစ်အလိုက် ဥပဒေစာအုပ်များကို ကိုးကားပါသည်။ ၁၉၇၄ ခုနှစ် ပြည်သူ့လွှတ်တော်ဥပဒေများ စာအုပ်တွင်မူ နှစ်ချုပ် စာအုပ်ထုတ်ဝေခဲ့သော်လည်း ဥပဒေတစ်ခုချင်းအတွက် သာ သီးခြားစာမျက်နှာတပ်ထား၍ ယင်းနှစ်တွင် ထုတ်ပြန်သော ဥပဒေများအား ဤစာအုပ်အတွက် ညွှန်း ဆိုရာတွင် ဥပဒေအမှတ်ကိုသာ ဖော်ညွှန်းထားပါသည်။ ၂၀၁၉ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်တွင် ပြဋ္ဌာန်းခဲ့သောဥပဒေ များအတွက် နှစ်အလိုက် ဥပဒေစာအုပ် မထုတ်ဝေရသေး၍ ဥပဒေစာရင်းကိုသာ ဖော်ပြပါသည်။ အညွှန်းပြုစုရာတွင် ဥပဒေများကိုသာမက ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်များကိုပါ ထည့်သွင်းပြုစုပါသည်။ လက်တွေ့ လုပ်ငန်းခွင်တွင် အသုံးချနိုင်စေရန်ဦးတည်၍ စီစဉ်ထား ကြောင်း လေ့လာတွေ့ရှိပါသည်။

 

အစဉ်အဆက် ဥပဒေများ

(၁) ရာဇသတ်ကြီး ( The Penal Code, 1860 ) အိန္ဒိယအက်ဥပဒေ XIV.1.5.1861

(၂) သက်သေခံအက်ဥပဒေ ( The Evidence Act, 1872) အိန္ဒိယအက်ဥပဒေ I.1.9.1872

(၃) ပဋိညာဉ်အက်ဥပဒေ ( The Contract Act, 1872) အိန္ဒိယအက်ဥပဒေ IX. 1.9.1872

(၄) ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေ(The Transfer of Property Act, 1882) 1.7.1882

(၅) ရုံးခွန်အက်ဥပဒေ (The Court Fees Act, 1870)---- 1.4.1870

(၆) သီးခြားသက်သာခွင့်အက်ဥပဒေ ( The Specific Relief Act, 1877)---1.5.1877

(၇) ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ (Cr.P.C., 1898)---1.7.1898

(၈) တရားမကျင့်ထုံးဥပဒေ ( C.P.C., 1898)-----1.7.1909

(၉) အမှုတန်ဖိုးဖြတ်အက်ဥပဒေ (The Suits Valuation Act, 1887)---11.2.1887

(၁၀) မှတ်ပုံတင်အက်ဥပဒေ (The Registration Act, 1908)---1.1.1909

(၁၁) ကာလစည်းကမ်းသတ်အက်ဥပဒေ (The Limitation Act, 1908)----1.1.1909

(၁၂) မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေ(The Burma Companies Act, 1913)

1.4.1914 တို့သည် အိန္ဒိယဥပဒေများဖြစ်ခဲ့ပြီး မြန်မာ ပြည်သို့ ကိုလိုနီခေတ်က အစဉ်အဆက်ပြဋ္ဌာန်း ကျင့်သုံးခဲ့ ခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် ဆက်လက်ပြဋ္ဌာန်း ကျင့်သုံးခဲ့သော ဥပဒေများအဖြစ် ယနေ့တိုင် လေ့လာ မှတ်သားနိုင်ပေပြီ။ ဥပဒေများမှာ အင်္ဂလိပ်ဘာသာဖြင့် အများအားဖြင့် ပြဋ္ဌာန်းခဲ့သည်။ နောက်ပိုင်းကျမှ မြန်မာ ဘာသာတို့ဖြင့် ပြဋ္ဌာန်းထားသည်ကို သတိပြုမိကြပေလိမ့် မည်။

ကျမ်းမျိုးစုံ

“ကျမ်းမျိုးစုံမှ ဉာဏ်ဟုန်ပြင်း၊ နည်းမျိုးစုံမှ ရန်ပုံခွင်း” ဆိုသကဲ့သို့ ဥပဒေကျမ်းမျိုးစုံကို လေ့လာဖတ်ရှု၊ မှတ်သား နိုင်မှသာ ဥပဒေပညာရှင်တစ်ဦး ပီသမည် ဖြစ်ပေသည်။ ဦးစန်းလွင် ပြုစုသောစာအုပ်တွင် အင်္ဂလိပ်ဘာသာဖြင့် ပြဋ္ဌာန်းသော ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ တည်ဆဲ ဥပဒေများ၊ မြန်မာဘာသာဖြင့် ပြဋ္ဌာန်းထားသော တည်ဆဲ ဥပဒေများ၊ မြန်မာဘာသာဖြင့် ပြဋ္ဌာန်းခဲ့သော ရုပ်သိမ်းပြီး ဖြစ်သည့် ဥပဒေများနှင့် ရုပ်သိမ်းသည့် ဥပဒေများ၊ အင်္ဂလိပ်ဘာသာဖြင့် ပြဋ္ဌာန်းခဲ့သော ရုပ်သိမ်းပြီးဖြစ်သည့် ဥပဒေများနှင့် ရုပ်သိမ်းသည့် ဥပဒေများ ၊ မူရင်းဥပဒေများ နှင့် ပြင်ဆင်ချက်ဥပဒေ အဆင့်ဆင့် မျိုးတူစုအလိုက်၊ ဥပဒေအမည် အင်္ဂလိပ်ဘာသာပြန်ဆိုချက်များ ဥပဒေ ကဲ့သို့ အာဏာတည်သော အမိန့်များကို တစ်ခဏချင်း ရှာဖွေသိရှိနိုင်ရန် ရေးသားပြုစုထားပါသည်။ ဥပဒေ လေ့လာသူများအတွက် လက်တွေ့အသုံးချနိုင်သော စာအုပ်ကောင်းတစ်အုပ်ဖြစ်ကြောင်း တင်ပြအပ်ပါသည်။

 

ရုပ်သိမ်းပြင်ဆင်ပြီး၊ မပြီး

ရုပ်သိမ်းပြီးသော ဥပဒေများကို သတိမမူဘဲ ဆက်လက် သုံးစွဲ ရည်ညွှန်းကိုးကားမိပါက ဒုက္ခလှလှ တွေ့နိုင်ကြ သလို ပြင်ဆင်ပြဋ္ဌာန်းပြီးသော ဥပဒေများကို မသိရှိလိုက် သဖြင့် နစ်နာဆုံးရှုံးမှု များစွာဖြစ်နိုင်ကြောင်းလည်း ဥပဒေ လောကသားတိုင်း သိရှိကြပြီးဖြစ်ပါသည်။ ထို့ကြောင့် တည်ဆဲဥပဒေများ ဘယ်မှာရှိ၍ ၊ ဘယ်လိုသိသင့်ကြောင်း မှာ အရေးကြီးလှပါသည်။

 

နိဂုံး

(၁) ဥပဒေ ဘယ်မှာရှိပါသလဲ။ ဘယ်နေရာမှာ ရှာရ မည်လဲ။

(၂) မြန်မာနိုင်ငံ ဥပဒေပေါင်းချုပ်၊ အထွေထွေအညွှန်း တွင် ရှာဖွေတွေ့ရှိနိုင်မည် ဖြစ်ပါကြောင်း . . . ”