
ဆောင်းပါး
======
ရှေ့နေနှင့် စီရင်ထုံး
==========
ဦးဟန်ညွန့် (ဥပဒေ)
==========
နိဒါန်း
“ဆရာ”
“ဗျာ”
“ဒီတစ်ပတ်ဆောင်းပါးခေါင်းစဉ်က ဘာလဲဆရာ”
“ရှေ့နေနှင့် စီရင်ထုံးပါတဲ့”
“ဘာကိုရေးချင်တာလဲဆရာ”
“ရှေ့နေတစ်ယောက်အနေနဲ့ စီရင်ထုံးတွေကို လေ့လာ ဖတ်ရှုသင့်တဲ့အကြောင်း ဆွေးနွေးရေးသားချင်တာပါ”
“ဘယ်စာအုပ်ကို ရည်ညွှန်းကိုးကားချင်ပါသလဲဆရာ”
“တရားလွှတ်တော်ရှေ့နေ(မလှိုင်) ဦးခင်မောင်ဆွေ ရေးသားပြုစုတဲ့ စီရင်ထုံးများအကြောင်းစာအုပ်တွေကို မိတ်ဆက်ကိုးကား ရေးသားသွားမှာပါ”
“စိတ်ဝင်စားပါတယ်ဆရာ”
“ဒါဖြင့်၊ ဖတ်ကြည့်ရအောင်”
စီရင်ထုံးဆိုတာဘာလဲ
မြန်မာနိုင်ငံတွင် အစောဆုံးထုတ်ဝေခဲ့သော စီရင်ထုံး များမှာ လက်ရွေးစင်စီရင်ထုံးများ (Selected Judgments, 1872-1892) ဖြစ်သည်။ ထို့နောက် ပုံနှိပ်ထားသော စီရင် ထုံးများ(Printed Judgments, 1893-1900) ကို ထုတ်ဝေခဲ့သည်။ ၁၈၉၀ ပြည့်နှစ်တွင် အောက်မြန်မာပြည်၌ တရားရုံးချုပ်(Chief-Court)ကို တည်ထောင်ခဲ့၍ အောက် မြန်မာပြည်စီရင်ထုံးများ(L.B.R)ကို ၁၈၉၀ ပြည့်နှစ်မှ ၁၉၂၂ ခုနှစ်အထိကာလအတွင်း အတွဲ ၁၁ တွဲ ထုတ်ဝေခဲ့ ကြောင်း လေ့လာတွေ့ရှိသည်။
၁၉၂၂ ခုနှစ်တွင် ရန်ကုန်၌ တရားလွှတ်တော် (High Court) ကို တည်ထောင်ခဲ့သည်။ မြန်မာနိုင်ငံသည် ထိုစဉ် က အိန္ဒိယနိုင်ငံ၏ ပြည်နယ်တစ်ခုဖြစ်၍ စီရင်ထုံးများကို အိန္ဒိယစီရင်ထုံးများ၊ ရန်ကုန်( Indian Law Reports, Rangoon Series) ဟူသောအမည်ဖြင့် ထုတ်ဝေခဲ့သည်။
၁၉၄၈ ခုနှစ်မှစ၍ မြန်မာနိုင်ငံတရားစီရင်ထုံးများ (B.L.R)ကို နှစ်စဉ် ထုတ်ဝေသည်။ ၁၉၄၈ ခုနှစ်စီရင်ထုံးတွင် တရားလွှတ်တော်ချုပ်နှင့် တရားလွှတ်တော်တို့၏စီရင်ထုံးများကို တပေါင်းတည်း ထုတ်ဝေခဲ့သည်။ ၁၉၆၂ ခုနှစ် စီရင်ထုံးတွင်မူ တရားလွှတ်တော်ချုပ်(S.C)၊ တရား လွှတ်တော်(H.C) နှင့် တရားရုံးချုပ်(C.C)တို့၏ စီရင်ချက် များတပေါင်းတည်းပါဝင်နေသဖြင့် စီရင်ထုံးကိုးကားရာ ၌ အဆိုပါရုံးသုံးရုံးကို သုံးမျိုးခွဲခြား၍ ရည်ညွှန်းဖော်ပြရသည်။
အမြင့်ဆုံးတရားရုံး၏ စီရင်ချက်များကိုပင် အစိုးရ မဟုတ်သော ပြင်ပပုဂ္ဂိုလ်ဥပဒေပညာရှင်၊ အဖွဲ့အစည်းများ က ဖြတ်ထုံးများအဖြစ်စုစည်းလျက် အလွတ်သဘော ထုတ်ဝေကြသည်။ ယင်းတို့မှာ All-India Reporter, Rangoon(A.I.R.Ran.)၊ Burma Law Time( B.L.T)၊ Burma Law Journal(B.L.J)နှင့် အဂ္ဂါဘတ်၏ မြန်မာ နိုင်ငံဥပဒေဖြတ်ထုံးများ (Agabeg’s Burma Law Reports) တို့ဖြစ်ကြသည်။
မြန်မာနိုင်ငံတရားစီရင်ထုံးများ
အောက်ပါအတိုင်း စီရင်ထုံးသမိုင်းစဉ်အကျဉ်းကို ခွဲခြားလေ့လာနိုင်ပါမည်-
(၁) L.B.R Lower Burma Ruling
(၂) U.B.R Upper Burma Ruling
(၃) A.I.R All Indian Reports (Rangoon Series)
(၄) I.L.R Indian Law Reports (Rangoon Series)
(၅) S.J.L.B Selected Judgments of Lower Burma
(၆) P.J.L.B Printed Judgments of Lower Burma
(၇) B.L.T Burma (Myanmar) Law Time
(၈) B.L.J Burma Law Journal
(၉) B.L.R Burma (Myanmar )Law Reports
(၁၀) မြန်မာနိုင်ငံ တရားစီရင်ထုံးများ( ၁၉၇၆-၂၀၁၄)
(၁၁) Digest ( By Dunkley )
အကျယ်ကို ဆက်လက်လေ့လာ ရှာဖွေဖတ်ရှုနိုင်ကြပါမည်။
ပြင်ပပုဂ္ဂိုလ်ဥပဒေပညာရှင်များပြုစုထုတ်ဝေခဲ့မှုများ
လက်လှမ်းမီသမျှ ကောက်နုတ်တင်ပြရလျှင်အောက်ပါ အတိုင်း တွေ့ရှိရသည်-
(၁) တရားစီရင်ထုံးပေါင်းချုပ်( တရားမနှင့်ပြစ်မှု) ၁၉၅၆-၁၉၇၆။
( ဦးသိန်းဟန်၊ ဘီအေဘီအယ်လ်- (တရား ရုံးချုပ်ရှေ့နေ)
(၂) မြန်မာနိုင်ငံ နှစ်ငါးဆယ်စီရင်ထုံးပေါင်းချုပ် ပြစ်မှု
ဦးဘသောင်းတင် (အငြိမ်းစားတရားရေး ဝန်ထမ်း အဆင့်−၁)
(၃) မြန်မာနိုင်ငံတရားစီရင်ထုံးပေါင်းချုပ် (၁၉၇၇-၁၉၈၉)
ဦးဆယ်မောင်(တရား ရေး ဝန်ထမ်း)(ငြိမ်း)
(၄) မြန်မာနိုင်ငံတရားစီရင်ထုံးပေါင်းချုပ် (၁၉၇၃-၁၉၉၃)
ဦးမြင့်နိုင် (ဒုတိယ ရှေ့နေချုပ်) (ငြိမ်း)
(၅) A Digest of Burma Rulings Vol.I (1928) and Vol.II (1941) Eastern
Law House, Calcutta, India.
Dunkley, Herbert Francis
ဦးထွန်းလှိုင်နှင့် ဦးကြည်ဝင်း ပါ ၅ ၊ ၁၉၇၁ မတစ ၉၂ တွင်-
ကောင်းမြတ်သော ရှေးထုံးတို့ကို မပယ်ကောင်း၊ သို့ရာ တွင် ရှေးထုံးကိုသာလျှင် ရင်ဝယ်ပိုက်ကာ ပြုပြင်ပြောင်း လဲခြင်းမပြုလျှင်မူကား တရားဥပဒေသည် ရှေးခေတ်၌ပင် ဝပ်လျှိုး၍ နေရစ်မည်ဖြစ်ကြောင်းကိုလည်း အလျဉ်းသင့် သလို ညွှန်ပြခဲ့ကြဖူးသည်။ တရားရုံးချုပ်၏ တရားဥပဒေ သဘာဝယုတ္တိတို့နှင့်အညီ ချမှတ်ခဲ့သော စီရင်ထုံးတို့ကို အောက်ရုံးများက တညီတညွတ် လိုက်နာကြရန်ဖြစ် သော်လည်း တရားရုံးချုပ်၏ စီရင်ထုံးသည်ပင် မှားယွင်း ချွတ်ချော်နေသည် သို့မဟုတ် ခေတ်နှင့်မလျော်ဖြစ်နေသည် ကိုတွေ့ရလျှင် တရားရုံးချုပ်ကပင် လိုအပ်သလို ပြန်လည် သုံးသပ်ပြင်ဆင်ပေးရမည်ဖြစ်သည်။ ထိုသို့မဟုတ်က အမှား၏အသက်သည် ရှည်လိမ့်မည်။ တရားဥပဒေသည် လက်တွေ့အခြေအနေနှင့် ကင်းကွာနေလိမ့်မည်။
တရားရုံးသည် ဥပဒေကို ရှင်းလင်းထင်ရှားသလို ကျင့် သုံးရသည်။ ရှင်းလင်းထင်ရှားသော ဥပဒေစကားရပ်ကို တရားရုံးက အဓိပ္ပာယ်ဖွင့်ဆိုရန် ဋီကာချဲ့ရန်မလို၊ အဓိပ္ပာယ်ဖွင့်သလိုနှင့် ဥပဒေကို ချဲ့ခြင်း၊ ချုံ့ခြင်း၊ ထွင် ခြင်း ပြုမိတတ်သည်ကို ဆင်ခြင်ရမည်။ ယင်းသို့ပြုရန် လိုလျှင် ဥပဒေပြုအာဏာပိုင်အဖွဲ့ကသာ လုပ်ပိုင်ခွင့်ရှိ သည်ဟုလည်း မကြာခဏ သတိပေးခဲ့ဖူးပြီဟု ထုံးဖွဲ့ သည်။
မစ္စတာအူဟန်ဆင်းနှင့် အိပ်ချ်အာယန်၊ ၁၉၅၄ မတစ (လွှတ်ချုပ်) စာ ၃၀၆ တွင်-
စီရင်ချက်များသည် ဆုံးဖြတ်သောအမှုအတွက် အဖြေ သာဖြစ်သည်။ သို့မဟုတ် စီရင်ထုံးတစ်ရပ်သည် အမှုတွင် ပေါ်ပေါက်သော ဖြစ်ရပ်အတွက်သာ အဖြေဖြစ်သည်ဟု ထုံးဖွဲ့သည်။
ဦးစံသောင်းနှင့် ဦးအေးပါ ၂၊ ၁၉၈၆ မတစ ၁၀၀(၁၀၄) တွင်-
ပထမစီရင်ချက်နှစ်ခုနှင့် တတိယစီရင်ထုံးတို့သည် ဆန့်ကျင်နေပေသည်။ ပထမ စီရင်ချက်နှစ်ခုမှာ ထုံးဖွဲ့ထား ခြင်း မရှိသဖြင့် စီရင်ထုံးပါ ဥပဒေသကို လိုက်နာရန်သာ ဖြစ်သည်ဟုထုံးဖွဲ့သည်။
အလွဲသုံးစားမှုနှင့် ရာဇသတ်ကြီး
အလွဲသုံးစားမှု၊ လိမ်လည် မှု၊ ယုံကြည်အပ်နှံရေး ဖောက် ဖျက်မှု စီရင်ထုံးများ (၁၉၆၃ မှ ၂၀၁၇) (ပထမ အကြိမ်)နှင့် ရာဇသတ်ကြီး၊ ရာဇဝတ် ကျင့်ထုံးဥပဒေ၊ တရားမ ကျင့်ထုံးဥပဒေ၊ သက်သေခံ အက် ဥပဒေစီရင်ထုံး အညွှန်း ၃၀၀၀ (၁၉၅၆ မှ ၂၀၁၈) (ပထမအကြိမ်) စာအုပ် နှစ်အုပ်ကို တရားလွှတ်တော်ရှေ့နေ (မလှိုင်) ဦးခင်မောင်ဆွေက ရေးသားပြုစုသည်။ နှစ်အုပ် စလုံးကို MAHLAING LAW FIRM က စီစဉ်သည်။ အလွဲသုံးစားမှု စာအုပ်ကို ၂၀၁၉ ခုနှစ် စက်တင်ဘာလ တွင်လည်းကောင်း၊ ရာဇသတ်ကြီး စာအုပ်ကို ၂၀၂၀ ပြည့် နှစ် အောက်တိုဘာလတွင်လည်းကောင်း ဒေါ်စန်းစန်းသွင် က ထုတ်ဝေသည်။ ယခင်ကလည်း အခွင့်အမိန့်အရ နေထိုင်သူကို နှင်လိုမှု (သို့မဟုတ်) အခမဲ့နေထိုင်သူအား ဖယ်ရှားပေးစေလိုမှု စာအုပ်ကို ၂၀၁၈ ခုနှစ်တွင် ထုတ်ဝေခဲ့ ဖူးသည်။
စာအုပ်အမည် အပြည့်အစုံ
ပထမစာအုပ်ဖြစ်သော အလွဲသုံးစားမှု၊ လိမ်လည်မှု၊ ယုံကြည်အပ်နှံရေးဖောက်ဖျက်မှု စီရင်ထုံးများစာအုပ်တွင် ရာဇသတ်ကြီးပုဒ်မ ၄၀၃၊ ၄၀၄၊ ၄၀၆၊ ၄၀၈၊ ၄၀၉၊ ၄၁၇၊ ၄၂၀ တို့အကြောင်း ပုဒ်မတစ်ခုချင်းအလိုက် စီရင်ထုံးများကို ခွဲခြားဖော်ပြထားသည်။ အခြားဆုံးဖြတ်ချက်များလည်း ပါဝင်သည်။ စီရင်ထုံးပေါင်း (၇၆)ခု တစုတစည်းတည်း ပြုစုထားသည်။
ဒုတိယစာအုပ်ဖြစ်သော ရာဇသတ်ကြီး၊ ရာဇဝတ် ကျင့်ထုံးဥပဒေ၊ တရားမကျင့်ထုံးဥပဒေ၊ သက်သေခံအက် ဥပဒေစီရင်ထုံးအညွှန်း ၃၀၀၀ စာအုပ်တွင် ၁၉၅၆ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ စီရင်ထုံးများ၏အညွှန်းများကို တစု တစည်းတည်း ဖော်ပြထားခြင်းဖြစ်သည်။ သက်ဆိုင်ရာ ပုဒ်မ၊ အမိန့်၊ နည်းဥပဒေတစ်ခုချင်းအလိုက် စီရင်ထုံး အညွှန်းများကိုလည်း ဖော်ပြထားသည်။ လွယ်လင့်တကူ ရှာဖွေနိုင်မည်ဖြစ်သည်။
ကောက်နုတ်ချက်(အချို့)
(မလှိုင်) ဦးခင်မောင်ဆွေ၏ ပထမစာအုပ် ပုံ(၁)တွင် ရာဇသတ်ကြီးပုဒ်မ ၄၀၆ မှ ၄၀၉ သို့ ပြောင်းလဲအပြစ် ပေးခြင်းအကြောင်း စီရင်ထုံးကို(စာ-၃၆၇) ဖော်ပြထား၍ မှတ်သားရသည်။
တရားခံနှင့်ကျူးလွန်ပြီးနောက် ၃၂၉ ရက်ကြာမှ ကလေးမွေးခြင်း၊ အတည်တကျပေါင်းသင်းမည်ဟု ကတိပြုခြင်းသည် အဓိကဖြစ်သည်၊ ကိုယ်ဝန်ရှိခြင်း၊ မရှိ ခြင်းနှင့်မဆိုင်ကြောင်း စီရင်ထုံး (စာ-၁၅၈) ကိုလည်း ဖတ်ရှုရသည်။
အထည်ဖိုးငွေအစား အိမ်အရောင်းအဝယ်စာချုပ် ချုပ်ခြင်းဖြစ်၍ အထည်ဖိုးအကြွေးဆပ်ရန် ပျက်ကွက်ခြင်း သာဖြစ်သည်။ လိမ်လည်လိုသောဆန္ဒမရှိ၍ ငွေမပေးခြင်း ကို တရားမမှုသာစွဲရန် စီရင်ထုံး(စာ-၂၇၅) ကို လေ့လာနိုင် သေးသည်။
ဒုတိယစာအုပ် ပုံ(၂)တွင် စီရင်ထုံးအညွှန်း ၃၀၀၀ ပါဝင် သည်။ စီရင်ထုံးဆုံးဖြတ်ချက်၊ စီရင်ချက်များကိုကျိုးကြောင်း ဖော်ပြမထားပါ။ ရည်ညွှန်းပုဒ်မများသာ ဖော်ပြထားသည်။ ထို့ကြောင့် ရှာဖွေသုတေသနပြုလိုသူများအနေနှင့်ဆက် လက်ရှာဖွေဖော်ထုတ်ရန်ဖြစ်သည်။ စာဖတ်ရန်ဖြစ်သည်။
ဥပမာအားဖြင့် သက်သေခံအက်ဥပဒေပုဒ်မ ၅၉နှင့် စပ်လျဉ်း၍ ၁၉၅၆၊ ၁၉၆၉ ၊၁၉၇၀၊ ၁၉၇၄၊ ၁၉၆၆ စီရင် ထုံးများ၊ စာမျက်နှာများကို ညွှန်းထားသည်။ နှုတ် သက်သေခံချက်အကြောင်း ဖော်ညွှန်းစီရင်ထုံးပြုထား ခြင်း ဖြစ်သည်။ ဤဥပမာကဲ့သို့ ကျန်ရှိသောဖတ်ရှုစရာများ ကို ကျယ်ကျယ်ပြန့်ပြန့် ရှာဖွေလေ့လာနိုင်ပေမည်။
ကြိုဆိုလိုက်ပါသည်
မျက်မှောက်ကာလ၌ ပြည်ထောင်စုတရားလွှတ်တော်ချုပ် သည် မြန်မာနိုင်ငံစီရင်ထုံးများကို နှစ်အလိုက် စဉ်ဆက် မပြတ် ထုတ်ဝေလျက်ရှိသည်။
ဥပဒေပညာရှင်အသီးသီးကလည်း မိမိတို့လေ့လာဖတ်ရှု သမျှအတွေ့အကြုံများကို ဥပဒေဗဟုသုတရရှိစေရန် ရည်သန်လျက် စီရင်ထုံးစာအုပ်များ ပြုစုထုတ်ဝေနေကြခြင်း ဖြစ်သည်။ ထို့ကြောင့်(မလှိုင်) ဦးခင်မောင်ဆွေ ပြုစုသော စီရင်ထုံးစာအုပ်များကို ကျွန်တော်ကြိုဆိုလိုက်ပါသည်။
နိဂုံး
(၁) ရှေ့နေဟူသည် စာဖတ်ရသည်။ စီရင်ထုံးကိုးကားရ သည်။ အတွေ့အကြုံစုံရသည်။
(၂) ဥပဒေဗဟုသုတ အသိပညာကြွယ်ဝဖို့ စီရင်ထုံး များ ဖတ်ရှုလေ့လာကြပါစို့။ ။
- Log in to post comments