
ရန်ကုန် စက်တင်ဘာ ၅
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (ရေပေးဝေရေးနှင့်သန့်ရှင်းမှု) နှင့် North Gate Engineering & Technology Co.,Ltd. တို့ပူးပေါင်း၍ ရေမီတာတိုင်းတာခြင်း Smart Water Metering နည်းပညာဆိုင်ရာ နှီးနှောဖလှယ်ပွဲကို ယနေ့ မွန်းလွဲ ၂ နာရီက ဗိုလ်တထောင်မြို့နယ် ကုန်သည်လမ်းရှိ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ၁၂ ထပ်ခွဲရုံး၌ ကျင်းပရာ ရန်ကုန်တိုင်း ဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော် ဝန်) ဦးဗိုလ်ဌေး၊ ကော်မတီဝင် ဒေါက်တာဇော်ဝင်းနှင့် North Gate Engineering &Technology Co.,Ltd. နှင့် Global Wave Technology Co., Ltd. တို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ မြို့တော်ဝန်က ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီသည် ရန်ကုန်မြို့နေ ပြည်သူများအတွက် နေ့စဉ်ရေဂါလန် သန်း ၂၂၀ အား ဖြန့်ဖြူးပေးလျက်ရှိကြောင်း၊ တိုးတက်လာသော လူဦးရေအတွက် ရေဖူလုံအောင်ဖြန့်ဖြူးပေးနိုင်ရေး သမိုင်းအစဉ်အဆက်ကပင် လှော်ကားရေလှောင်ကန် ကို ရေအားဖြည့်ခဲ့ရကြောင်း၊ ဂျိူးဖြူရေလှောင်ကန်မှ ရေအားဖြည့်ပေးရာတွင် မလုံလောက်၍ ငမိုးရိပ် ရေလှောင်ကန်မှရေကို ညောင်နှစ်ပင်ရေသန့်စင် စက်ရုံမှလည်းကောင်း၊ ဘာလားချောင်းမှ ရေကို အောင်တံခွန်ရေသန့်စင်စက်ရုံမှ လည်းကောင်း ရယူ ၍ လှော်ကားကန်ကို ဖြည့်ခဲ့သလို ယခုအစိုးရ လက်ထက်မှာ လှော်ကားသဘာဝဥယျာဉ်အတွင်းရှိ ဇုက္ကနုတ်ရေကန်မှလည်းကောင်း၊ မှော်ဘီမြို့နယ် လှိုင်မြစ်-လှော်ကားရေအားဖြည့်စီမံကိန်းမှ လာမည့် ဖေဖော်ဝါရီလတွင် ရေဂါလန် သန်း ၆၀ ထပ်မံအားဖြည့် ၍လည်းကောင်း၊ အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိကြောင်း၊ မည်သို့ပင် ရေအားဖြည့်ပေးနေစေ ကာမှု ရေလေလွင့်ဆုံးရှုံးမှု Non-Revenue Water (NRW) Rate မြင့်တက်နေရာ ခေတ်မီရေမီတာစနစ် ပြောင်းလဲတပ်ဆင်ခြင်းဖြင့် NRW ကို ထိန်းသိမ်းနိုင် မည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ North Gate Engineering & Technology Co.,Ltd Director ဦးဉာဏ်လွင်အောင်က ဒိန်းမတ်နိုင်ငံထုတ် KAMPSTRUP Water Solutions စနစ်၏ အဆင့်မြင့်နည်းပညာများနှင့် ပတ်သက်၍ “KAMPSTRUP Ultrasonic Water Meter များသည် နှစ်ပေါင်း ၂၀ အသုံးပြုနိုင်သော ဘက်ထရီကို အသုံး ပြုထားခြင်း၊ ယင်းမီတာသည် ရေယိုစိမ့်ခြင်း၊ ရေပိုက် များပေါက်ခြင်း၊ ရေများပြောင်းပြန်စီးခြင်းများကို လည်း မီတာဖတ်သူ၏ Mobile Phone Application သို့အချက်ပေးနိုင်ခြင်း၊ ရေမြုပ်သည့် ဒဏ်ခံနိုင်ခြင်း၊ မီတာ၏ လားရာနှစ်ဖက်စလုံး ရေစီးဆင်းမှုများကို တိုင်းတာနိုင်ခြင်း၊ လွယ်ကူစွာတပ်ဆင်အသုံးပြုနိုင် ခြင်း၊ အသံလှိုင်းဖြင့် တိုင်းတာခြင်း နည်းပညာအသုံး ပြုထားသောကြောင့် ရေအမျိုးအစား နေရာဒေသ မရွေးအသုံးပြုနိုင်ခြင်း၊ ရေမီတာဖတ်သူမှ မီတာ ၂၀၀ အကွာအဝေးမှ Radio Receiver အသုံးပြု၍ မီတာ ဖတ်နိုင်ခြင်း၊ ရေမီတာဖတ်သော Software အသုံးပြု ထားသောကြောင့် မီတာဖတ်သူမှာ ပြုပြင်ပြောင်းလဲ မှုမလုပ်နိုင်ဘဲ ရေမီတာခအပြည့် အဝကောက်ခံနိုင် ခြင်း၊ စီးပွားရေးလုပ်ငန်းများ၊ စက်ရုံများနှင့် ရေပေး ဝေရေးစီမံကိန်းကြီးများမှာပါ ကောက်ခံနိုင်သော စနစ်အမျိုးမျိုး တပ်ဆင်ပေးနိုင်ခြင်းစသည့် အားသာ ချက်များရှိကြောင်း၊ ရေယူနစ်ကောက်ယူရာတွင် မီတာကောက်ခံသူက ယာဉ်ဖြင့် ဖြတ်သန်းမောင်းနှင် စဉ် မီတာ၂၀၀ ပတ်လည်အတွင်း Radio Receiver အသုံးပြု၍ Mobile Phone သို့မဟုတ် Tablet သို့ Wireless စနစ်ဖြင့် မီတာဖတ်သူ သုံးဦးလျှင် တစ်ရက်အတွင်း ရေမီတာအလုံး ၁၀၀၀၀ မှ ရေသုံးစွဲ မှု ယူနစ်များကို တိကျစွာရရှိနိုင်ပြီး သက်ဆိုင်ရာ ရုံးသို့ Data များ ပေးပို့နိုင်ကြောင်း ဆွေးနွေးပြီး Global Wave Technology Co.,Ltd. နှင့် ပူးပေါင်း၍ ရေဖိုးရေခ Online Payment ဆောင်ရွက်နိုင်မည့် အစီအစဉ် ရှင်းလင်းတင်ပြသည်။
ထို့နောက် တက်ရောက်လာသူများက သိလိုသည် များ မေးမြန်းဆွေးနွေးချက်အပေါ် ကုမ္ပဏီတာဝန် ရှိသူများမှ ပြန်လည်ရှင်းလင်းဖြေကြားခြင်း၊ မြို့တော် ဝန်နှင့် ကော်မတီဝင်များက ဖြည့်စွက်ဆွေးနွေးခြင်း တို့ပြုလုပ်ကြပြီး နှီးနှောဖလှယ်ပွဲကို ညနေ ၄ နာရီ တွင် ရုပ်သိမ်းကြောင်း သိရသည်။
သတင်းစဉ်