
မိုးကေနိုင်
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အကြိုဂုဏ်ပြုဆောင်းပါး
ငြိမ်းချမ်းမှုမရှိလျှင် တိုင်းပြည်မတိုးတက်၊ တိုင်းပြည် မတိုးတက်လျှင် ငြိမ်းချမ်းရေးမရနိုင်၊ ငြိမ်းချမ်းရေး နှင့် နိုင်ငံတိုးတက်မှု၊ တည်ငြိမ်မှုနှင့် သာယာဝပြောမှု အပြန်အလှန် ဆက်စပ်နေသည်။ ထာဝရငြိမ်းချမ်း ရေးနှင့်အတူ စစ်မှန်သောပြည်ထောင်စုကို တည်ဆောက်နိုင်ရေးသည် ပဓာနကျသည်ဟု ရှုမြင် သည့်အတွက်လည်း ရှေ့လုပ်ငန်းစဉ် (၅) ရပ်တွင် ထာဝရငြိမ်းချမ်းရေးနှင့် ပတ်သက်၍ အလေးထား လုပ်ဆောင်မည့် လမ်းစဉ်တစ်ခုကို မဖြစ်မနေ ထည့်သွင်းထားသည်ကို မှတ်သားမိပါသည်။ ဦးတည်ချက်(၉)ရပ်အနက် နိုင်ငံရေးဦးတည်ချက်၊ လူမှုရေးဦးတည်ချက်များတွင် ပြည်ထောင်စု ငြိမ်းချမ်းရေးသည် အဓိကအချက်များအဖြစ် ပါဝင်နေသည်ကို လေ့လာနိုင်ပါသည်။
NCA လမ်းကြောင်းသည် ငြိမ်းချမ်းရေးအတွက်
အာမခံချက်တစ်ခုဖြစ်
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) ပါသဘောတူညီချက် များက တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးအတွက် အသက်ဖြစ်သည်။ ထိုအချက်ကို နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်တွင် အတိအလင်းဖော်ကျူး ထားခြင်းသည် ထာဝရငြိမ်းချမ်းရေးအတွက် NCA ကို ပေးထားချက်တစ်ခုဖြစ်ကြောင်း အလေး အနက် မှတ်ယူသင့်ပါသည်။ မပြီးဆုံးနိုင်သော ပဋိပက္ခများကို ဖြေရှင်းရာတွင် NCA သည် ထိရောက်သည့် ယန္တရားတစ်ခုဖြစ်သည့်အပြင် နောက်ပြန်လှည့်၍မရသော အခြေခံဘုံသဘော တူညီချက်တစ်ခုလည်းဖြစ်ပါသည်။
ထို့ပြင် ၁၃၅ မျိုးသော မူလဘူတ တိုင်းရင်းသား လူမျိုးများဖြင့် ဖွဲ့စည်းတည်ဆောက်ထားသော စစ်မှန်သောပြည်ထောင်စုကြီးအတွက် အခြေခံရ မည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို ငြိမ်းချမ်းရေး အာမခံချက်တစ်ခုအဖြစ် ပေးထားသည်ကို တွေ့ရ ပြန်ပါသည်။ NCA ပါအတိုင်း ငြိမ်းချမ်းရေးကို အလေးထား လုပ်ဆောင်မည်ဆိုသည်ကိုလည်း နိုင်ငံရေးဦးတည်ချက်များတွင် တွေ့ရသည်။ ဆိုလိုသည်မှာ ဒီမိုကရေစီ၊ ဖက်ဒရယ်နှင့် NCA တို့သည် ငြိမ်းချမ်းရေးနှင့် ပြည်ထောင်စုအတွက် အခြေခံရမည့်အချက်များဖြစ်သည် ဆိုသည့် သဘော ဖြစ်ပါသည်။ သင်ခန်းစာယူသင့်သည်ကို ယူ၍ အနာဂတ်တွင် ဆက်လက်ကျင့်သုံးမည့် ဒီမိုကရေစီကျင့်စဉ်ကို ပြောင်းလဲကျင့်သုံးတော့မည့် တရားမျှတမည့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ များမှတစ်ဆင့် ပုံဖော်ကြည့်မြင်နိုင်ပါသည်။ စစ်မှန် သည်၊ စည်းကမ်းပြည့်ဝမည်ဟု အတိအလင်း ဆိုထားပြန်၍ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး အတွက် တရားမျှတမှုအပြည့်ဖြင့် ကျင့်သုံး ဖော်ဆောင်နိုင်မည့်စနစ်တစ်ရပ်အဖြစ် မြင်မိပါသည်။
ပူးပေါင်းပါဝင်ဆောင်ရွက်၊ အတူမျှဝေခံစား
ထို့အတူ ဖက်ဒရယ်ဟူသောအဓိပ္ပာယ်သည် အတူတကွ ပူးပေါင်းပါဝင်ဆောင်ရွက်ပြီး ရရှိလာ သည့် အသီးအပွင့်များကို မျှဝေခံစားကြရသည့် မူဖြစ်သည်။ ဖက်ဒရယ်တွင် တိုင်းရင်းသားလူမျိုး များအကြား ခွဲခြားဆက်ဆံမှုမရှိစေဘဲ တန်းတူ ညီမျှမှုနှင့် လူနည်းစုအခွင့်အရေးကို လူများစု နည်းတူ အပြည့်အဝ အကာအကွယ်ပေးထားနိုင်မှု အပေါ် အခြေခံထားသည်။ အပြန်အလှန်လေးစား အသိအမှတ်ပြုမှု၊ ပြည်သူလူထုအတွက် အနီးစပ် ဆုံးနှင့် ထိရောက်သော လုပ်ပိုင်ခွင့်အာဏာ အပ်နှင်းထားမှုဟူသော အခြေခံစံတန်ဖိုးများ ပါဝင်နေသည့်အတွက် ငြိမ်းချမ်းရေးနှင့် ပြည်ထောင်စု စနစ် တည်ဆောက်ရေးဆိုင်ရာ ယန္တရားတစ်ခုကို ကောင်းစွာတည်တံ့အောင် လည်ပတ်နိုင်မည့် အကျိုးကျေးဇူးများ များစွာဖြစ်ထွန်းလာလိမ့်မည်ဟု ယုံကြည်မိပါသည်။
အကြောင်းမှာ စစ်မှန်၍ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီကျင့်စဉ်များနှင့်အညီ တန်းတူညီမျှမှု၊ တရားမျှတမှု၊ နိုင်ငံ၏ ပကတိအခြေအနေများနှင့် စပ်ဟပ်၍ လက်တွေ့ကျသော ဖက်ဒရယ်စံနှုန်းများပါဝင်နေသည့်အတွက် အလေးအနက်ယုံကြည်မိ ခြင်း ဖြစ်ပါသည်။
ဖက်ဒရယ်အတွက် အာမခံချက်ကို နိုင်ငံအတွက် စိတ်ချရမည့်၊ တိုင်းရင်းသားအားလုံး နားလည်လက်ခံ နိုင်မည့် အခြေခံအချက်တစ်ခုအဖြစ် မြင်ကြည့်၍ ထာဝရတည်တံ့မည့် ငြိမ်းချမ်းရေးကိုဖော်ဆောင်ရာ တွင် ခိုင်မာသည့်ပေးထားချက်တစ်ခုအဖြစ် ယုံကြည် ကြစေလိုပါသည်။ ဒီမိုကရေစီနှင့် ဖက်ဒရယ်အတွက် ဖောက်လုပ်ပေးထားသော လမ်းပြမြေပုံအတိုင်း လျှောက်လှမ်းပါက ငြိမ်းချမ်းမှုနှင့် သာယာဝပြောမှုဆီ အမှန်ရောက်ရှိနိုင်မည်ဟု ခံယူထားစေချင်ပါသည်။
ဆက်စပ်နေသောမျိုးချစ်စိတ်နှင့်
ပြည်ထောင်စုစိတ်ဓာတ်
ငြိမ်းချမ်းရေးကို အလေးအနက်ထားပုံကို လူမှုရေး ဦးတည်ချက်များတွင်လည်း လေ့လာနိုင်ပါသည်။ နိုင်ငံသူ နိုင်ငံသားအားလုံးတွင် ကိန်းအောင်းနေရ မည့် အရေးကြီးဆုံးသော ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ထက်မြက်ရေးအတွက် ဦးတည်ထားပုံကို တွေ့ရသည်။ ပြည်ထောင်စုစိတ်ဓာတ်ကို စစ်မှန်သော မျိုးချစ်စိတ်နှင့်လည်း ချိတ်ဆက်ထားသည်။
အကြောင်းမှာ လူမျိုးအသီးသီး၏ မျိုးချစ် စိတ်ဓာတ်များကို အရင်းခံ၍သာ မြန်မာတစ်မျိုးသား လုံး၏ မျိုးချစ်စိတ်နှင့် စုစည်းညီညွတ်မှုကို ပေးစွမ်း နိုင်သောကြောင့်ဖြစ်သည်။ ပြည်ထောင်စုစိတ်ဓာတ် ဟူသည် အေးအတူပူအမျှ၊ တစ်ဦးအရေးကြုံက အများက ရိုင်းပင်းကူညီ၍ ကျောသားရင်သားမခွဲခြား၊ ရေကိုသား အကြားမထင်သည့်စိတ်ဓာတ်မျိုးဖြစ်သည်။ ထိုထို စစ်မှန်သော ပြည်ထောင်စုစိတ်ဓာတ်ကို မျိုးချစ် စိတ်ဓာတ်ကသာ တည်ဆောက်ပေးနိုင်သည်။ ကိုယ့်အမျိုး၊ ကိုယ့်ဘာသာသာသနာ၊ ကိုယ့်ယဉ်ကျေး မှု၊ ကိုယ့်ဓလေ့ထုံးစံ၊ ကိုယ့်ပိုင်နက်ကို အသက်တမျှ တန်ဖိုးထားချစ်မြတ်နိုးသည့်စိတ်၊ အသက်ပေး ကာကွယ်စောင့်ရှောက်လိုသည့် စိတ်သည်ပင် မျိုးချစ်စိတ်ဖြစ်သည်။
မျိုးချစ်စိတ်ကို ပြည်ထောင်စုစိတ်ဓာတ်နှင့် လည်း တစ်ထပ်တည်းစဉ်းစား ထပ်တူခံယူထားစေ ချင်ပါသည်။ မျိုးချစ်စိတ်သည် ပြည်ထောင်စု၏ ဝိညာဉ်ပင်ဖြစ်၍ မျိုးချစ်စိတ်ကင်းမဲ့က ပြည်ထောင် စုယိုင်လဲမည်ဖြစ်သည်။ ပြည်ထောင်စုစိတ်ဓာတ် အားနည်းလျှင် ကမ္ဘာ့အလယ်တွင် နိုင်ငံမှာချည့်နဲ့ပြီး အချုပ်အခြာအာဏာပိုင်ဆိုင်မှုနှင့် လွတ်လပ်စွာ ရပ်တည်နိုင်မှု ခဲယဉ်းသွားမည်ဖြစ်သည်။ မျိုးချစ်စိတ် နှင့် ပြည်ထောင်စု စိတ်ဓာတ်ရှိမှသာ ရေပက်မဝင် သော တိုင်းရင်းသားစည်းလုံးညီညွတ်မှုကိုရရှိမည် ဖြစ်ပြီး အချုပ်အခြာနှင့် လွတ်လပ်ရေးကိုလည်း လေးစားတတ်လာမည်ဖြစ် သည်။ မျိုးချစ်စိတ်ဓာတ် နှင့် ပြည်ထောင်စုစိတ်ဓာတ်မွေးမြူရန် ခိုင်မာ ရင့်ကျက်သော အတွေးအခေါ်များ ရှိရန်တော့ လိုအပ်နေပါသေးသည်။
ကိုယ်ပိုင်ဝိသေသလက္ခဏာများသည်
အမျိုးသားနိုင်ငံရေးအတွက် ခွန်အား
ကိုယ့်အမျိုး၊ ကိုယ့်ဘာသာသာသနာ၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းနှင့် ကိုးကွယ်ယုံကြည်မှု အစဉ်အလာ များကို ချစ်မြတ်နိုးထိန်းသိမ်းစောင့်ရှောက်နိုင်မှသာ တစ်မျိုးသားလုံး၏ မျိုးချစ်စိတ်ကို ထက်သန်စေရုံမက ပြည်ထောင်စုစိတ်ဓာတ်ကိုပါ ရှင်သန်စေမည်ဟု ယုံကြည်ပါသည်။ ထို့ကြောင့် ဤအချက်ကို တိုင်းရင်းသားအသီးသီး၏ မူပိုင်သီးခြားအမှတ် လက္ခဏာများ မပျောက်ပျက် မတိမ်ကောရေး အတွက် ဦးတည်၍ ကာကွယ်စောင့်ရှောက်ရမည့် အရေးကြီးသော လူမှုရေးလမ်းညွှန်တစ်ရပ်အဖြစ် ထည့်သွင်းထားခြင်းဖြစ်သည်။
ကိုယ့်လူမျိုးသမိုင်းနှင့်တကွ ချစ်ခြင်းမေတ္တာ၊ စည်းလုံးညီညွတ်မှုနှင့် ငြိမ်းချမ်းမှုကို ဖော်ညွှန်း သော၊ သစ္စာတရားနှင့် အခက်အခဲကြားက ရှင်သန် နိုင်မှု သတ္တိ၊ ဗျတ္တိနှင့်ရဲရင့်မှုကို ထင်ဟပ်သော ဘာသာစကား၊ စာပေအမွေအနှစ်များကို မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် လက်ဆင့်ကမ်းပေးနိုင်ခြင်း သည်ပင် ထာဝရစည်းလုံးညီညွတ်မှုနှင့် ငြိမ်းချမ်းမှု စိတ်ဓာတ်ကို အစဉ်ရရှိနေရန် တွန်းအားပေးနေခြင်း ဖြစ်သည်ဟု ယူဆပါသည်။ တိုင်းရင်းသားများ၏ ဖြူစင်ဖြောင့်မတ်ရိုးသားတည်ကြည်မှု၊ အမျိုး ဘာသာသာသနာကို စောင့်ထိန်းမှုဟူသော ကိုယ်ပိုင် အမျိုးသားရေး ဝိသေသလက္ခဏာများကလည်း တစ်မျိုးသားလုံး၏ ဇာတိသွေးဇာတိမာန်ကို အခြေခံ သည့် အမျိုးသားနိုင်ငံရေးအတွက် ခွန်အားတစ်ခုကို ဖြစ်စေပါသည်။ လူမှုရေးဦးတည်ချက်များတွင် ပါဝင်သော ဤအချက်များကို စံနမူနာကောင်း လူမှုရေးလက္ခဏာရပ်များအဖြစ် ပေါ်လွင်ထင်ရှား စွာ တည်ရှိနေသည်ကို တွေးကြည့် မြင်ကြည့်နိုင်ပါ သည်။
သူငါဒေသမခွဲခြားသည့် ညီရင်းအစ်ကိုမောင်နှမ
စိတ်ဓာတ်ကသာ သွေးစည်းမှုကိုဖြစ်စေ
မျိုးချစ်စိတ်အခြေခံနှင့် စစ်မှန်သောပြည်ထောင်စု စိတ်ဓာတ်ကို အရင်းတည်၍ တိုင်းရင်းသားလူမျိုး အားလုံးနှင့် နိုင်ငံသားအားလုံးထံမှ ကျစ်လျစ်ခိုင်မာ ညီညွတ်သော စုစည်းမှုအင်အားကို မည်သို့ရယူ နိုင်ပါမည်နည်း။ တစ်အူထုံ့ဆင်း ညီရင်းအစ်ကို မောင်ရင်း နှမစိတ်ဓာတ်၊ မိသားစုစိတ်ထားမွေးနိုင် ရပါမည်။ မိမိလူမျိုးဂုဏ်ကိုထိန်းသိမ်းလျက် သူ့ လူမျိုးငါ့လူမျိုး သူ့ဒေသ ငါ့ဒေသမခွဲခြား၊ ငါတို့ အားလုံးသည် မြန်မာနိုင်ငံသားဖြစ်ကြသည်ဟူ သော အမှတ်လက္ခဏာ စွဲထင်နေရပါမည်။
ထို့အတွက် သံယောဇဉ်ကြိုးတို့ ရစ်ပတ်နှောင် ဖွဲ့ထားနိုင်ဖို့တော့လိုပါသည်။ တစ်ဦးနှင့် တစ်ဦး သံယောဇဉ်ဟူသည် အပြန်အလှန်ထားအပ်သော မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာတရားများ အပေါ်တွင် အခြေခံသည်ဟု ယုံကြည်ပါသည်။ ထိုတရားများကသာ ကောင်းတူဆိုးဖက် တန်းတူ ညီမျှမှုနှင့် တရားမျှတမှုကိုပေးနိုင်သည်၊ ရန်လို မုန်းထား အာဃာတများကို လျှော့ချပေးနိုင်သည်။ တစ်ဦးအပေါ်တစ်ဦး ကူညီစောင့်ရှောက်၍ အကျိုး စီးပွား ဖြစ်ထွန်းမှုကို ပေးနိုင်သည်ဟူ၍ဖြစ်ပါသည်။ ထိုစိတ်ထား ထိုတရား ဤသို့သော ယုံကြည်ချက်၊ ခံယူချက်များကသာ အခက်အခဲတစ်စုံတစ်ရာနှင့် ထိခိုက်အစော်ကားခံရပါက အရေးကြီးသွေးနီးပြီး သွေးစည်းမှုကို ဖြစ်စေနိုင်ပါသည်။
ပြည်ထောင်စုစိတ်ဓာတ်ကသာ
သံသယနှင့်စိုးရိမ်စိတ်များ ပပျောက်စေနိုင်
နိုင်ငံသားတိုင်းတွင် စစ်မှန်သော ပြည်ထောင်စု စိတ်ဓာတ် မွေးမြူနိုင်ပြီဆိုမှသာ အနုတ်လက္ခဏာဆောင် သော လူမျိုးစွဲ၊ ဒေသစွဲ တစ်ယူသန်အမြင်ကျဉ်းသည့် မျိုးချစ်စိတ်များ လျော့နည်းသွားမည်ဟု ယုံကြည် ပါသည်။ သမိုင်းကြောင်းအရ ဖြစ်တည်လာသော မတူ ကွဲပြားခြားနားမှုကို အပေးအယူမျှမျှတတဖြင့် ဆင်ခြင် တုံတရားရှိစွာ နားလည်လက်ခံပေးလာနိုင်ရပါမည်။ ထိုသို့နားလည်မှုမျိုးကသာ တစ်ဦးနှင့်တစ်ဦး စိုးရိမ် စိတ်များကို ဖယ်ရှားပေးပြီး သံသယများကို ပပျောက် စေကာ ယုံကြည်မှုကို တိုးပွားစေပါသည်။
စိုးရိမ်စိတ်နှင့် သံသယစိတ်များကို အခြေခံသည့် ပဋိပက္ခများကို ညီညွတ်မှုစွမ်းအားဖြင့် မဖြေရှင်းနိုင်လျှင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အုတ်မြစ်များမချနိုင်ဘဲ ဖွံ့ဖြိုးတိုးတက်မှု နှောင့်နှေးနေမည်သာဖြစ်သည်။ ပြည်ထောင်စုစိတ်ဓာတ်ကပေးသော အပြန်အလှန် နားလည်မှုမျိုး၊ ယုံကြည်မှုမျိုးကသာ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ အချုပ် အခြာအာဏာတည်တံ့ခိုင်မြဲရေး ပန်းတိုင်သို့ ရောက်ရှိ စေမည်ဖြစ်ပါသည်။
ငြိမ်းချမ်းရေးအတွက် အကောင်အထည်ဖော်
လျှောက်ခဲ့သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ငြိမ်းချမ်းရေးခရီးလမ်းသည် ခက်ခက်ခဲခဲ လျှောက်လှမ်း ကြိုးပမ်းခဲ့ရသောလမ်းဖြစ်သည်။ ငြိမ်းချမ်းရေးတံခါး မုခ်ဦးအဖြစ် တင်စားယူနိုင်သော NCA သည် အလွယ် တကူရရှိခဲ့သော သဘောတူညီချက်တစ်ခု မဟုတ်၍ ပျက်ပြယ်သွား၍ မသင့်ပါ။ ငြိမ်းချမ်းရေးကို စစ်ပွဲ နည်းလမ်းဖြင့် ဘယ်လိုမှဖြေရှင်း၍ မရနိုင်ဟူသော အချက်ကို သဘောပေါက်ခဲ့၍ အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားခေါင်းဆောင်များ၏ တွေ့ဆုံဆွေးနွေး ညှိနှိုင်းမှုပေါင်းများစွာဖြင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေဘောင်အတွင်းမှ ရယူခဲ့ရသော သဘောတူညီချက် တစ်ခုဖြစ်သည်။ သို့ဖြစ်၍ အားလုံးက လေးစားလိုက်နာ ပြီး ငြိမ်းချမ်းရေးအတွက် ဆက်လက်အကောင်အထည် ဖော်ရပါမည်။
ရှေ့လုပ်ငန်းစဉ်မှ လမ်းပြချက်များ၊ ဦးတည်ချက်မှ ပေးထားချက်များနှင့်အတူ အကောင်းမြင်မှုများစွာဖြင့် ငြိမ်းချမ်းရေးအတွက် ယုံကြည်ချက်များ တိုးပွားနေ သော်လည်း စိန်ခေါ်မှုများစွာရှိနေသည့်အချက်ကိုတော့ ထည့်မတွက်၍မရပေ။ သဘောထားကွဲလွဲမှုများ၊ မတူညီသောအမြင်များကို နီးစပ်အောင် များစွာကြိုးပမ်း အားထုတ်ရပါဦးမည်။ စစ်ကိုခေါ်လျှင် စစ်နှင့်တစ်ပါ တည်း အနိဋ္ဌာရုံများပါ ပါလာမည်ကို ပညာဉာဏ်ရှိစွာ ဖြင့် ထည့်တွက်ထားရပေမည်။ သို့သော်လည်း ငြိမ်းချမ်း သည့် အပြောင်းအလဲနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြင်းအထန် ကြိုးစားအကောင်အထည်ဖော်မှုများကို တွေ့မြင်နေရသည်မှာ အားတက်ဖွယ်ရာဖြစ်ပါသည်။ အရေးကြီးပြီး တန်ဖိုးထားရမည့် ငြိမ်းချမ်းရေးနှုတ်ခွန်း ဆက်သံ၊ ပဋိပက္ခများချုပ်ငြိမ်းရေး ငြိမ်းချမ်းရေး ဖိတ်ခေါ်သံများကို အဆက်မပြတ်ကြားနေရပါသည်။
ရလဒ်ကောင်းများ မကြာမီတွေ့မြင်ရဖွယ်ရှိ
အဓိကပါဝင်ပတ်သက်သူများ၏ မကြာခဏညှိနှိုင်း တွေ့ဆုံပွဲများက ငြိမ်းချမ်းရေးလမ်းစကို မြင်အောင်ပြပေး နေပါသည်။ သို့သော် တစ်ဖက်တည်း၏ ရှေ့ဆောင် ရှေ့ရွက်ပြုမှုတင်မကဘဲ နိုင်ငံသူနိုင်ငံသားအားလုံး တိုင်းရင်းသားလူမျိုးအားလုံး၏ ရေရှည်အကျိုးစီးပွား၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မျှော်ကိုး၍ အားလုံးက အလျင်အမြန်ပါဝင်လက်တွဲကြရန် အရေး တကြီး လိုအပ်နေပါသည်။ သို့မှသာ နိုင်ငံတော် ရှေ့လုပ်ငန်းစဉ်နှင့် ဦးတည်ချက်များမှ၊ ပေးထားချက် များမှ ပေါ်ထွက်လာမည့် ရလဒ်ကောင်းများကို မကြာမီတွေ့မြင်ရဖွယ်ရှိပါကြောင်း ရေးသားလိုက်ရ ပါသည်။ ။
- Log in to post comments