ရေကြည်မြို့နယ် ဆီဆုံကုန်းကျေးရွာ အမှတ်(၁၊ ၂၊ ၃၊ ၄) ကုန်ထုတ်လမ်းဖောက်လုပ်နေမှုစစ်ဆေး

 

ပုသိမ်    နိုဝင်ဘာ  ၂


ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ် ဇရပ်ကွင်းအုပ်စု ကျေးရွာမုန်းသီတာကုမ္ပဏီလီမိတက်၏ ကန်ထရိုက်လယ်ယာ ၆၀၁ ဧက၌ ဆာဖိုးသာ-၁ စပါးမျိုးသစ်  စမ်းသပ်မိုးစပါးစံကွက်ရိတ်သိမ်းပွဲကို အောက်တိုဘာ ၃၀ ရက်ကပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးဝန်ကြီးများ နှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြသည်။
 

 

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တောင်သူ များနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံ၍ စပါးစိုက်ပျိုးရာတွင် ယူရီးယားဓာတ်မြေဩဇာလျှော့ချသုံးစွဲရေး၊ ပိုက်ဆံ လျှော် (သစ်စိမ်းမြေဩဇာ)  ထည့်သွင်းသုံးစွဲရေး၊ မျိုးသန့်စပါးများ ပိုမိုစိုက်ပျိုးနိုင်ရေးတို့ကို မှာကြား သည်။ ယင်းနောက် မိုးစပါးစံကွက်ရိတ်သိမ်းမှုအား ကြည့်ရှုအားပေးရာ တစ်ဧကစပါး   အထွက်နှုန်းမှာ အ‌‌ခြောက် ၁၄၈ ဒသမ  ၂၆  တင်းထွက်ရှိခဲ့သည်။ ဆက်လက်၍  တိုင်းဒေသကြီးဝန်ကြီးချုပ်သည် လမ်း ဦးစီးဌာန  လမ်းအထူးအဖွဲ့(၂၁)  မှ   ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက် လျက်ရှိသည့် ကြိမ်ပင်ဆယ်-စက္ကော့-ဓနုဖြူ-ဇလွန် လမ်း တစ်မိုင်နှစ်ဖာလုံ ပေ၃၃၀ ကွန်ကရစ်လမ်းခင်း နေမှုကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆောင်ရွက် ရာတွင်  သတ်မှတ်အရည်အသွေး  စံချိန်စံညွှန်းများ ပြည့်မီရေး၊ သတ်မှတ်ထားသော ဘဏ္ဍာနှစ်အတွင်း လုပ်ငန်းများပြီးစီးစေရေးနှင့်   လုပ်ငန်းခွင်အတွင်း အန္တရာယ်ကင်းရှင်းစေရေးအတွက်   အလေးထား ဆောင်ရွက်‌ရေးတို့ကို မှာကြားသည်။

 


ဆက်လက်၍ တိုင်းဒေသကြီး  ဝန်ကြီးချုပ်နှင့် အဖွဲ့သည်  ဇလွန်မြို့နယ်   မေရီလန်းကျေးရွာရှိ တောင်သူ ဦးဝင်းမြင့်ဦး၏  ပိုက်ဆံလျှော် (သစ်စိမ်း မြေဩဇာ)   ထည့်သွင်းစိုက်ပျိုးထားသည့်   လယ် ၁၂ ဧက၌ ဆင်းသုခမျိုး မိုးစပါးစံကွက်ရိတ်သိမ်းနေမှု ကို ကြည့်ရှုအားပေးခဲ့ရာ တစ်ဧက စပါးအထွက်နှုန်းမှာ အခြောက် ၁၀၇ တင်းထွက်ရှိခဲ့သည်။

 


ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ရေကြည်မြို့နယ် ဆီဆုံကုန်းကျေးရွာ အမှတ်(၁၊၂၊၃၊၄)ကုန်ထုတ်လမ်းဖောက်လုပ်နေမှုနှင့် ဆီဆုံကုန်း - ကြို့ကုန်း-လှေဆွဲရိုး-မဲဇလီကုန်းလမ်းပေါ်ရှိ ကြို့ကုန်း ကွန်ကရစ်တံတားတည်ဆောက်နေမှုများကို ကြည့်ရှု စစ်ဆေးပြီး အရည်အသွေးပြည့်မီရေး၊ သတ်မှတ် ဘဏ္ဍာနှစ်အတွင်းလုပ်ငန်းများ   ပြီးစီးစေရေးနှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစေရေးအတွက် အလေး  ထားဆောင်ရွက်‌ရေးတို့ကို မှာကြားခဲ့ကြောင်း သိရ သည်။


တိုင်းဒေသကြီး(ပြန်/ဆက်)