
ရေကြည် ဇန်နဝါရီ ၃
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ၂၀၂၂/၂၀၂၃ ခုနှစ် ဘဏ္ဍာရေးနှစ် ရေကြည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အိမ်တွင်းမှုသက်မွေး ပညာသင်ကျောင်းတို့ ပူးပေါင်းဖွင့်လှစ်သော အခမဲ့ အခြေခံတန်ဖိုးမြှင့် စားသောက်ကုန် မုန့်လုပ်နည်းသင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၁၀ နာရီ က ရေကြည်မြို့နယ် ကျေးလက်ဦးစီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ကျုံပျော်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှူး ဦးတင်မောင်ဌေးက အမှာစကားပြောကြားပြီး အိမ်တွင်းမှု သက်မွေးပညာသင်ကျောင်း(ပုသိမ်)မှ လက်ထောက်နည်းပြ ဒေါ်စန္ဒာဆွေဦးက သင်ကြားပို့ချမည့်သင်ခန်းစာများ ရှင်းလင်း ပြောကြား ကာ ရေကြည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးဇေယျာလင်းက သင်တန်းဖွင့်လှစ်ရခြင်း ရှင်းလင်းပြောကြား သည်။
အဆိုပါသင်တန်းကို ရေကြည်မြို့နယ် ကျေးရွာများမှ သင်တန်းသူ ၂၅ ဦး တက်ရောက်ပြီး သင်တန်းကာလ ဇန်နဝါရီ ၃ ရက်မှ ဇန်နဝါရီ ၁၇ ရက်အထိ နတ်သုဒ္ဓါ၊ ဒံပေါက် စသည့် စားစရာလုပ်နည်း အမျိုးပေါင်း ၁၄ မျိုးကို အခမဲ့သင်ကြားပေးမည်ဖြစ်ပြီး အိမ်တွင်း မှု သက်မွေးပညာသင်ကျောင်း(ပုသိမ်)မှ လက်ထောက်နည်းပြ ဒေါ်စန္ဒာ ဆွေဦးနှင့် ရေကြည်မြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများက စာတွေ့လက်တွေ့ သင်ကြားပို့ချမည်ဖြစ်သည်။
သိန်းဇော် (ရွှေလီဦး)