
ကောင်းထက်
မိုးခေါင်ခြင်း၊ မြေအောက်ရေတွေ ခန်းခြောက်လာ ခြင်း၊ မြေဆီလွှာ ခန်းခြောက်လာခြင်းတို့သာမက ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခြင်း၊ ရေခဲမြစ်များ အရည်ပျော်ခြင်း၊ အင်အားပြင်းတဲ့ မုန်တိုင်းတွေ၊ ငလျင်တွေ ဖြစ်ပေါ်လာခြင်း၊ တောမီးတွေ လောင်ကျွမ်းခြင်း စတဲ့ရာသီဥတုဖောက်ပြန် ပြောင်းလဲမှုဖြစ်စဉ်တွေကြောင့် သဘာဝဘေး အန္တရာယ် ဆိုးကျိုးများစွာကို ဖြစ်ပေါ်စေပါတယ်။
ယခုနှစ်မှာ တောင်အာရှနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ပါကစ္စတန်နိုင်ငံရဲ့ ဆင်းဒ်ပြည်နယ်၊ ဘာလူချီစတန် ပြည်နယ်၊ ခီဘာပါ့ခ်တွန်ကွာပြည်နယ်၊ ဂီလ်ဂစ် ဘယ်တစ်တိန်၊ ပန်ဂျပ်ပြည်နယ် စတဲ့ပြည်နယ် တွေမှာ မိုးသည်းထန်စွာရွာသွန်းမှုနဲ့အတူ ရေကြီး ရေလျှံမှုကြောင့် နိုင်ငံလူဦးရေရဲ့ သုံးပုံတစ်ပုံဖြစ်တဲ့ လူဦးရေ ၃၃ သန်းဟာ အတိရေဘေးဒုက္ခရောက်နေ ကြောင်း နိုင်ငံတကာသတင်းစာမျက်နှာတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြထားပါတယ်။ ယခုနှစ် ဇွန်လနောက်ပိုင်း ပါကစ္စတန်နိုင်ငံမှာ မိုးရွာသွန်းမှုနဲ့ ဆက်စပ်တဲ့ဖြစ်စဉ်ကြောင့် ကလေးငယ် ၅၅၅ ဦး အပါအဝင် အတည်ပြုသေဆုံးသူ စုစုပေါင်း ၁၆၀၀ ကျော်ရှိလာပြီလို့ သိရပါတယ်။
စီးပွားရေးဆုံးရှုံးမှု ကန်ဒေါ်လာ ၄၀ ဘီလီယံထက်မနည်းရှိ
ဒါ့အပြင် ထိခိုက်ဒဏ်ရာရရှိသူလည်း ၁၂၈၆၃ ဦး အထိ ရှိလာပြီဖြစ်ပါတယ်။ ရေကြီးရေလျှံမှု ကြောင့် ပါကစ္စတန်နိုင်ငံမှာရှိတဲ့ လူဦးရေ ၃၀၀၀၀၀ ကျော်ဟာ ယာယီကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေရကြပါတယ်။ စီးပွားရေးဆုံးရှုံးမှုအနေနဲ့ အမေရိကန်ဒေါ်လာ ၄၀ ဘီလီယံထက်မနည်း ရှိတယ်လို့ ပါကစ္စတန်ဘဏ္ဍာရေးဝန်ကြီး မစ်တာ အစ်မေးလ်က ပြောပါတယ်။
ဒါဟာ ပါကစ္စတန်နိုင်ငံမှာ ၂၀၁၀ ပြည့်နှစ် နောက်ပိုင်းနဲ့ ကမ္ဘာတစ်ဝန်းမှာတော့ ၂၀၁၇ ခုနှစ် နောက်ပိုင်း လူသေဆုံးမှုအများဆုံးနဲ့ ထိခိုက်မှုအများ ဆုံး ရေဘေးကြုံတွေ့မှုဖြစ်တယ်လို့ နိုင်ငံတကာ သတင်းတွေမှာ ဖော်ပြထားပါတယ်။ ၂၀၁၀ ပြည့်နှစ် က ပါကစ္စတန်နိုင်ငံမှာ ရေကြီးရေလျှံမှုကြောင့် လူပေါင်း ၂၀၀၀ နီးပါး သေဆုံးမှုဖြစ်ခဲ့တယ်လို့ အချက်အလက်တွေအရ သိရပါတယ်။
ပါကစ္စတန်နိုင်ငံမှာ ရေကြီးမှုကြောင့် နိုင်ငံရဲ့ နယ်မြေ သုံးပုံတစ်ပုံဟာလည်း ရေအောက်ကျရောက် ခဲ့ပြီး ရေတွေကို ဖောက်ထုတ်လို့ရမယ့် ခြောက်သွေ့တဲ့ မြေနေရာ မရှိကြောင်းနဲ့ ရေဘေးရဲ့ ဆိုးကျိုးဟာ ခန့်မှန်းလို့ မရနိုင်လောက်အောင် ကြီးမားလှပါတယ် လို့ ရာသီဥတုဝန်ကြီး ရယ်ရီရေးမန်းက ပြောပါတယ်။ ရေကြီးမှုကြောင့် ကောက်ပဲသီးနှံစိုက်ဧကများစွာ လည်း ပျက်စီးမှုဖြစ်ပေါ်ခဲ့သလို အိုးအိမ်များစွာဟာ လည်း ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့ပါတယ်။
ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေဆဲ ဖြစ်ပေမယ့် ရေကြီးမှုက အချို့နေရာတွေမှာ ရှစ်ပေ အထိ မြင့်တက်ပြီး အဲဒီထက် ဆက်လက်မြင့်တက် လာနိုင်တယ်လို့ ဆိုပါတယ်။ ကလေးငါးယောက်မိခင် နာဂျီမာနဲ့ ၎င်းရဲ့ခင်ပွန်းတို့ ရေတက်လာပြီးနောက် ပေအနည်းငယ်အကွာက သစ်ပင်အောက်မှာ နေထိုင်ခဲ့ရတယ်လို့ ဆိုပါတယ်။ နောက်ပြီး ရွက်ဖျင် တဲလည်း မရှိကြောင်း၊ ဒီသစ်ပင်တစ်ပင်သာရှိကြောင်း၊ ရေကြီးမှုကနေ လုံခြုံဘေးလွတ်ရာကို ပြေးရင်းလွှား ရင်း မိုးထဲရေထဲမှာ တစ်ညလုံး အချိန်ကုန်ခဲ့ရကြောင်း၊ နောက်ဆုံးမှာတော့ ကယ်ဆယ်ရေးစခန်းတစ်ခုကို ရောက်ရှိခဲ့ကြောင်း ပြောပါတယ်။
ကယ်ဆယ်ရေးစခန်းတစ်ခုရှိ ကလေးရှစ်ယောက် မိခင် မာယွန်အက်ဘာ့စ်က ၎င်းအနေနဲ့ နောက်ထပ် မီးဖွားဖို့ရက် နီးလာပြီဖြစ်ကြောင်း၊ တစ်ခါတစ်ရံ ရက်အနည်းငယ်ကြာအောင် ထမင်းမစားရကြောင်း၊ ထမင်းမစားရတဲ့အတွက် ၎င်းရဲ့ ကျန်းမာရေးကို စိတ်မပူဘဲ မီးဖွားတော့မယ့်ကလေးအတွက် စိတ်ပူ ကြောင်း ပြောပါတယ်။ နောက်ပြီး ဆေးရုံဆေးခန်းသွားပြဖို့အတွက်လည်း ငွေရေးကြေးရေးအခက်အခဲ ရှိကြောင်းနဲ့ ၎င်းနေထိုင်မကောင်းဖြစ်ပါက ဘာလုပ် လို့ ဘာကိုင်ရမှန်းမသိအောင် ဖြစ်နေကြောင်း ဆက်ပြောပါတယ်။
ရေဘေးကယ်ဆယ်ရေးရန်ပုံငွေအတွက် တစ်လစာ လှူဒါန်းသွားမယ်
ဝန်ကြီးချုပ် ရှိဘတ်ဇ်ရှာရစ်ဖ်သည် နိုင်ငံအတွင်း ထိုကဲ့သို့ ရေကြီးရေလျှံမှု ဖြစ်ပွားပြီးနောက် ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ကိုင်ဆောင်ရွက်ဖို့ ဆုံးဖြတ်ထားသူဖြစ်ပြီး နိုင်ငံတကာမိတ်ဖက်အဖွဲ့ အစည်းတွေကလည်း ပါကစ္စတန်နိုင်ငံကို ဒေါ်လာ သန်း ၅၀၀ ထောက်ပံ့လှူဒါန်းဖို့ ကတိပြုထားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် တပ်မတော်အရာရှိများ၊ ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များနဲ့ လွှတ်တော် အမတ်များကလည်း ရေဘေးကယ်ဆယ်ရေး ရန်ပုံငွေအတွက် တစ်လစာ လှူဒါန်းသွားမယ်လို့ ဆိုပါတယ်။
ကမ္ဘာ့ဘဏ်က ရေဘေးကူညီကယ်ဆယ်ရေး အတွက် ပါကစ္စတန်နိုင်ငံသို့ အမေရိကန်ဒေါ်လာ သန်း ၃၇၀ ခွဲဝေချထားပေးထားတယ်လို့ ဆိုပါ တယ်။ ဒါ့အပြင် Apple အမှုဆောင်အရာရှိချုပ်ဖြစ်သူ တင်ကွတ်ခ်သည် ရေဘေးသင့်ဒေသ ပြန်လည် ထူထောင်ရေး ဆောင်ရွက်နိုင်ရန်အတွက် ကယ်ဆယ်ရေးပစ္စည်းတွေ လှူဒါန်းသွားမယ်လို့ လည်း ပြောကြားထားပါတယ်။ Google ကလည်း ပါကစ္စတန်နိုင်ငံရှိ ရေဘေးသင့်ပြည်သူများအတွက် အမေရိကန်ဒေါ်လာ ၀ ဒသမ ၅ သန်း လှူဒါန်း သွားမယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။
ဒါ့အပြင် ပါကစ္စတန်နိုင်ငံရဲ့ အကြီးမားဆုံး တယ်လီကွန်းနဲ့ အင်တာနက်ဝန်ဆောင်မှုပေးသူ PTCL Group ကလည်း ရေဘေးကြုံတွေ့နေတဲ့ ဒုက္ခသည်တွေအတွက် ပါကစ္စတန်ရူပီး ၁ ဒသမ ၇၅ ဘီလီယံကို ထောက်ပံ့ကူညီပေးသွားမယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။ ဒါ့အပြင် အမေရိ ကန်၊ တရုတ်၊ ဗြိတိန်၊ ကနေဒါ၊ တောင်ကိုရီးယား စတဲ့ ကမ္ဘာ့နိုင်ငံတွေနဲ့ ကုလသမဂ္ဂ၊ ဒဗလျူအိတ်ချ်အို စတဲ့ အဖွဲ့အစည်းအသီးသီးကလည်း ပါကစ္စတန် ရေဘေးသင့်ဒေသများကို ကူညီထောက်ပံ့မှုများ ပေးလျက်ရှိပါတယ်။
ဒါ့အပြင် ပါကစ္စတန်နိုင်ငံ၌ သွေးလွန်တုပ်ကွေး ရောဂါ ကူးစက်ဖြစ်ပွားမှုကလည်း သိသိသာသာ မြင့်တက်လာတာနဲ့အမျှ ယခုလ လက်ရှိအချိန် အထိ နိုင်ငံတောင်ပိုင်း ဆင်းဒ်ပြည်နယ်၌ အဲဒီ ရောဂါကြောင့် သေဆုံးသူ ၂၇ ဦး ရှိကြောင်း ပြည်နယ်ကျန်းမာရေးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဆင်းဒ်ပြည်နယ်မှာ သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ခံရသူ စုစုပေါင်း ၆၁၆၃ ဦးအထိရှိလာ
သွေးလွန်တုပ်ကွေးရောဂါကြောင့် သေဆုံးသူ အားလုံးဟာ ဆင်းဒ်ပြည်နယ်ရဲ့ အကြီးဆုံးမြို့တော် ကရာချိမှဖြစ်ပြီး စက်တင်ဘာလမှာ သွေးလွန် တုပ်ကွေးရောဂါ ကူးစက်ခံရသူအရေအတွက် စုစုပေါင်း ၃၅၉၄ ဦးရှိကြောင်းနဲ့ ယခုနှစ် အဆိုပါ ပြည်နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကူးစက် ခံရသူ စုစုပေါင်း ၆၁၆၃ ဦးအထိ ရှိလာပြီ ဖြစ်ကြောင်း မကြာသေးမီက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် နိုင်ငံအနောက်မြောက်ပိုင်း ခီဘာ ပတ်ခ်တွန်ကွာပြည်နယ်၌ စက်တင်ဘာလမှာ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ စုစုပေါင်း ၅၂၆၄ ဦးအထိ ရှိလာပြီဖြစ်ကြောင်း သိရပါတယ်။ ပန်ဂျပ်ပြည်နယ်မှာလည်း သွေးလွန်တုပ်ကွေး ဖြစ်ပွားသူ စုစုပေါင်း ၃၆၄၅ ဦးအထိ ရှိလာပြီ ဖြစ်ပါတယ်။
ပါကစ္စတန်နိုင်ငံတစ်ဝန်းရှိ ဆေးရုံများမှာ သွေးလွန်တုပ်ကွေးဖြစ်ပွားသူဦးရေ သိသိသာသာ မြင့်တက်လျက်ရှိတဲ့အတွက် ဖိအားတွေနဲ့ ရင်ဆိုင်ရလျက်ရှိပြီး ကရာချိမြို့မှ ကိုဗစ်-၁၉ ရောဂါ ကုသဆောင်အချို့ကို သွေးလွန်တုပ်ကွေးရောဂါ ကုသဆောင်အဖြစ် ပြောင်းလဲထားရကြောင်း ဒေသတွင်း မီဒီယာတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။ ။