
ပဲခူး နိုဝင်ဘာ ၂၄
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ရေကြီးနစ်မြုပ်မှုကြောင့် မိုးစပါးပျက်စီးခဲ့သည့် တောင်သူများအား ဆောင်းသီးနှံ အထွက်နှုန်း ကောင်း ပဲတီစိမ်း မျိုးကောင်းမျိုးသန့် မျိုးစေ့များ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို နိုဝင်ဘာ ၂၄ ရက် နံနက်က ဝေါမြို့နယ်၊ သနပ်ပင်မြို့နယ် နှင့် ပဲခူးမြို့နယ်တို့တွင် ကျင်းပသည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ဝေါမြို့ မြို့တော်ခန်းမ၌ မိုးစပါးစိုက်ဧကများ ရေကြီးနစ်မြုပ်ပျက်စီးခဲ့ သည့် ဒေသခံပြည်သူများနှင့်လည်းကောင်း၊ သနပ်ပင်မြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၌ မိုးစပါးစိုက်ဧကများ ရေကြီးနစ်မြုပ်ပျက်စီးခဲ့ သည့် ဒေသခံပြည်သူများနှင့်လည်းကောင်း၊ ပဲခူးမြို့ သီရိဟံသာခန်းမ၌ ရေကြီးနစ်မြုပ်ပျက်စီးမှုကြောင့် နစ်နာခဲ့ရသည့် မိုးစပါးစိုက်တောင်သူ များနှင့်လည်းကောင်း တွေ့ဆုံ၍ ဒေသ၊ ရာသီဥတုနှင့် ကိုက်ညီသော သီးနှံပုံစံများ စိုက်ပျိုးနိုင်ရေး၊ တစ်နှစ် သုံးသီး တိုးချဲ့စိုက်ပျိုးနိုင်ရေး မျိုး၊ မြေ၊ ရေ၊ နည်း စသည့် နည်းလမ်းလေးသွယ် ပြည့်စုံမှုရှိစေရေး ကြိုးပမ်းဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားသည်။ ထို့နောက် တောင်သူများအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီးတို့က ဆောင်းသီးနှံ စိုက်ပျိုးနိုင်ရေး အထွက် နှုန်းကောင်း ပဲတီစိမ်းမျိုးကောင်းမျိုးသန့်များ ထောက်ပံ့ပေးအပ်သည်။
ပဲခူးခရိုင်တွင် အောက်တိုဘာလအတွင်း မိုးသည်းထန်စွာ အဆက် မပြတ်ရွာသွန်းခဲ့မှုကြောင့် ပဲခူးမြို့နယ်၊ ဝေါမြို့နယ်၊ သနပ်ပင်မြို့နယ်နှင့် ကဝမြို့နယ်တို့တွင် မိုးစပါးစိုက်ဧက ၇၆၈၁ ဧက ပျက်စီးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူး မြို့နယ် မယင်းကျေးရွာ နေဝန်းနီ (သမဝါယမအသင်းလီမိတက်)၏ ငါးမွေးမြူရေးကန်သို့ ရောက်ရှိရာ တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီး မှူးက တိုင်းဒေသကြီးအတွင်း ငါးမွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် လုံခြုံ ရေးနှင့် နယ်စပ်ရေးရာဝန်ကြီးတို့က ငါးမွေးမြူရေးလုပ်ငန်းရှင်များ အတွက် ငါးသားပေါက်များ အခမဲ့ဖြန့်ဝေထောက်ပံ့ပေးခဲ့ပြီး ငါးကန် များအတွင်း ငါးသားပေါက်များ ထည့်ပေးခဲ့သည်။
ပဲခူးနယ်တွင် စုစုပေါင်းငါးမွေးမြူသူ ၃၂ဦး၏ ငါးကန် ဧရိယာ ၂၂၂၁ ဒသမ ၁၁ ဧကတွင် ရေကြီးနစ်မြုပ်မှုကြောင့် ငါးများ လွတ်ထွက်ဆုံးရှုံး ခဲ့ရမှုအပေါ် တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် ငါးမွေးကန် တစ် ဧကလျှင် ငါးသားပေါက်ကောင်ရေ ၃၀၀၀ နှုန်း အခမဲ့ပြန်လည် ထည့်သွင်းပေးခြင်းဖြစ်ကြောင်း သိရသည်။တိုင်းဒေသကြီး(ပြန်/ဆက်)