ပုသိမ် ဩဂုတ် ၂၇
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယမန်နေ့ညနေပိုင်းကပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးစိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဝင် ဌာနဆိုင်ရာများ တက်ရောက် ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က မြစ်ရေကြီး မှုဖြစ်စဉ်များ၊ မိုးအဆက်မပြတ် ရွာသွန်းမှုဖြစ်စဉ်များ ကြောင့် တိုင်းဒေသကြီးအတွင်း၌ ရေကြီးနစ်မြုပ် ခဲ့သည့် စိုက်ဧကများတွင် မိုးစပါးပြန်လည်ဖြည့်တင်း စိုက်ပျိုးနိုင်ရေးအတွက် တိုင်းဒေသကြီးစိုက်ပျိုး ထုတ်လုပ်မှု တိုးတက်မြင့်မားရေး လုပ်ငန်းကြီးကြပ်မှု ကော်မတီဝင်များအနေဖြင့် ကွင်းဆင်းဆောင်ရွက်ရ မည်ဖြစ်ပါကြောင်း၊ ပျက်စီးစိုက်ဧကများတွင် အမြန် ပြန်လည်စိုက်ပျိုးနိုင်ရေးနှင့် ဒုတိယသီးနှံ အောင်ရေ ရရှိရေးအတွက် ဆောင်ရွက်သွားမည့် အစီအစဉ်များ ကိုလည်း တင်ပြကြရမည်ဖြစ်ပါကြောင်း၊ ပျက်စီး စိုက်ဧကများအား အစားထိုးပြန်လည်ဖြည့်တင်းဆောင်ရွက်ရာတွင် မျိုးစေ့ထုတ်ကုမ္ပဏီများ၊ သွင်းအားစု ကုမ္ပဏီများဖြင့် ချိတ်ဆက်၍ မျိုးစပါးနှင့်သွင်းအားစု များ အချိန်မီ ဈေးနှုန်းသက်သာစွာဖြင့် ထောက်ပံ့ ပေးရန် လိုအပ်မည်ဖြစ်ကြောင်း၊ မိုးစပါးပြန်လည် စိုက်ပျိုးရာတွင် မျိုး၊ မြေ၊ ရေ၊ နည်း နည်းလမ်း လေးသွယ်ဖြင့် စုစည်းမှုအားကောင်းကောင်းဖြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် စိုက်ပျိုးထုတ်လုပ် မှုတိုးတက်မြင့်မားရေး လုပ်ငန်းကြီးကြပ်မှုကော်မတီဝင် များက ဆွေးနွေးပေးရန် အမှာစကားပြောကြား သည်။
ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူးက မိုးသီးနှံများ ထိခိုက်ပျက်စီးမှုအပေါ် ပြန်လည်ကုစား အစားထိုးဆောင်ရွက်နေမှုအခြေ အနေများ၊ ရေမြုပ်ခံမျိုးစပါးစိုက်ပျိုးထားရှိမှု အခြေ အနေများ၊ မျိုးစေ့ထုတ်ကုမ္ပဏီ၊ ဆန်စက်လုပ်ငန်းရှင် များနှင့် တောင်သူများလက်ဝယ်တွင် မျိုးစပါးရရှိနိုင်မှု အခြေအနေများနှင့် မိုးသီးနှံထိခိုက်ပျက်စီးသော ဧကများကို မျိုးစပါးနှင့်သွင်းအားစု ထောက်ပံ့ပေး မှုအခြေအနေများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်လာသူများ၏ အထွေထွေဆွေးနွေး တင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးကာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)