
ထရီပိုလီ စက်တင်ဘာ ၂၈
မကြာသေးမီက ကြောက်မက်ဖွယ်ရေကြီးမှုဒဏ် ခံစားခဲ့ရသည့် လစ်ဗျားနိုင်ငံအရှေ့ပိုင်းဒေသတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူ အညီများလိုအပ်နေသည်ဟု စက်တင်ဘာ ၂၇ ရက် တွင် လစ်ဗျားနိုင်ငံဆိုင်ရာကုလသမဂ္ဂ ထောက်ပံ့ရေး အထူးမစ်ရှင်အဖွဲ့က မီးမောင်းထိုးပြခဲ့သည်။
လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လိုအပ်နေဆဲဖြစ်ပြီး ဒါနာမြို့နှင့် အယ်ဂျာဘာအယ်ကာဒါရှိ အစိတ်အပိုင်းများတွင် ကျန်းမာရေးဆိုင်ရာ အဆောက်အအုံများမှာ လည်ပတ်နိုင်ခြင်းမရှိသေးချေ။ ရေများတစ်ရှိန်ထိုး တက်လာခြင်းကြောင့် ရေပေးဝေမှုစနစ်နှင့် မိလ္လာ စနစ်ကို ပျက်စီးစေခဲ့သည်ဟု လစ်ဗျားနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ထောက်ပံ့ရေးအထူးမစ်ရှင်အဖွဲ့က ပြောသည်။
ရေကြီးမှုကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည့် ပြည်သူများမှာ စာသင်ကျောင်းများတွင် နေထိုင် နေရဆဲဖြစ်သည်။ စာသင်နှစ်အစ စာသင်ကျောင်း များပြန်မဖွင့်မီ အဆိုပါလူများကို နေရာထိုင်ခင်း ပြန်လည်ချထားပေးရန် အရေးကြီးလျက်ရှိသည်။
ရေကြီးမှုဒဏ် အဆိုးရွားဆုံးခံစားခဲ့ရသည့် ဒါနာ မြို့တွင် အပျက်အစီးများကိုဖယ်ရန်၊ လမ်းများ ကို ပြန်လည်ပြုပြင်ရန်နှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများပေးရန် ကြိုးပမ်းအားထုတ်ရာတွင် တိုးတက်မှုများကို လစ်ဗျားနိုင်ငံဆိုင်ရာကုလသမဂ္ဂ ညှိနှိုင်းရေးမှူး ဂျော်ဂျက်ဂန်နွန်က ဦးစားပေးဖော်ပြခဲ့သည်။
စက်တင်ဘာ ၁၀ ရက်က မြေထဲပင်လယ်မုန်တိုင်း ဒန်နီရယ်ကြောင့် လစ်ဗျားနိုင်ငံတွင် ဆယ်စုနှစ် များစွာအတွင်း အဆိုးရွားဆုံးမုန်တိုင်းနှင့် ကြုံတွေ့ခဲ့ ရသည်။ လူပေါင်းထောင်နှင့်ချီ၍ သေဆုံးပျောက်ဆုံး ခြင်းများဖြစ်ပေါ်ခဲ့ပြီး အဆိုပါဒေသရှိ အခြေခံ အဆောက်အအုံများမှာ ဆိုးဆိုးရွားရွားပျက်စီးခဲ့ရ သည်။ ရေဘေးဒုက္ခခံစားရသည့် လူပေါင်း ၂၅၀၀၀၀ အတွက် လာမည့်သုံးလအတွင်း လိုအပ်သည့် အကူအညီများပေးနိုင်ရန် အမေရိကန်ဒေါ်လာ ၇၁ ဒသမ ၄ သန်းကို ကုလအေဂျင်စီများက အကူအညီ တောင်းခံထားသည်။
ဆင်ဟွာ