ရွေးကောက်ပွဲကျင်းပရာတွင် စဉ်းစားသုံးသပ်သင့်သည့် ကြိုတင်မဲပေးခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ

Type

 

မဲဆန္ဒရှင်တစ်ဦး
 

“ရွေးကောက်ပွဲများသည်  ဒီမိုကရေစီအတွက်အခြေခံအုတ်မြစ်ဖြစ်သည် … ဒီမိုကရေစီရှင်သန်စေရေးအတွက်  ရေသောက်မြစ်ဖြစ်သည် …ဒီမိုကရေစီဖြစ်ထွန်းရေးအတွက် ပင်စည်ပင်မဖြစ်သည် ...” ဟု မှတ်သားမိသည်။ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ် ခိုင်မြဲရေးအတွက် ရွေးကောက်ပွဲ များသည် ဥပဒေနှင့်ညီညွတ်၍ လွတ်လပ်ပြီး တရားမျှတရမည်ဖြစ်သည်။ 
ရွေးကောက်ပွဲစက်ဝန်း
လွတ်လပ်ပြီးတရားမျှတသော      ရွေးကောက်ပွဲများအတွက် ရွေးကောက်ပွဲလုပ်ငန်းစဉ်အဆင့်ဆင့်ကို   ရွေးကောက်ပွဲစက်ဝန်းဖြင့် ကာလသတ်မှတ်ဆောင်ရွက်လေ့ရှိသည်။  ရွေးကောက်ပွဲစက်ဝန်းတွင် ရွေးကောက်ပွဲအကြိုကာလ၊ ရွေးကောက်ပွဲကာလနှင့် ရွေးကောက်ပွဲ လွန်ကာလတို့ပါရှိပြီး  ရွေးကောက်ပွဲဆိုင်ရာ ဥပဒေရေးရာမူဘောင်နှင့် လုပ်ထုံးလုပ်နည်းပြဋ္ဌာန်းချက်များမှအစပြု၍  ရွေးကောက်ပွဲလုပ်ငန်း တာဝန်အဆင့်ဆင့်  ဆောင်ရွက်ခြင်း၊  ရွေးကောက်ပွဲများကျင်းပခြင်း၊ ကျင်းပခဲ့သည့်ရွေးကောက်ပွဲအပေါ်             ပြန်လည်လေ့လာသုံးသပ်၍ အကဲဖြတ်ဆန်းစစ်ခြင်း၊ နောင်ကျင်းပမည့်  ရွေးကောက်ပွဲများအတွက် ဥပဒေရေးရာမူဘောင်များ   ပြင်ဆင်ပြဋ္ဌာန်းခြင်းနှင့်    ရွေးကောက်ပွဲ စီမံချက်များ ဆက်လက်ဆောင်ရွက်ခြင်းတို့ကို စက်ဝန်းသဖွယ် ကာလ တို၊ ကာလရှည်  စဉ်ဆက်မပြတ်ဆောင်ရွက်ရသော လုပ်ငန်းစဉ်များ ပါရှိသည်။
ရွေးကောက်ပွဲလုပ်ငန်းစဉ်အဆင့်ဆင့်
အခြေခံအားဖြင့်      ရွေးကောက်ပွဲလုပ်ငန်းစဉ်   အဆင့်ဆင့်တွင် ရွေးကောက်ပွဲဆိုင်ရာစီမံချက်များ ရေးဆွဲခြင်း၊ ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ   ပြင်ဆင်ရေးဆွဲခြင်းနှင့်   အသစ်ပြဋ္ဌာန်းခြင်း၊ ရွေးကောက်ပွဲစီမံခန့်ခွဲသူများအား     လေ့ကျင့်သင်တန်းပေးခြင်း၊ နိုင်ငံရေးပါတီများအား  မှတ်ပုံတင်ခြင်းနှင့် ကြီးကြပ်ခြင်း၊  မဲဆန္ဒရှင် စာရင်းများပြုစုခြင်း၊ မဲဆန္ဒရှင်အသိပညာပေးလုပ်ငန်းများ ဆောင်ရွက် ခြင်း၊ ရွေးကောက်ပွဲနေ့ရက်နှင့် ရွေးကောက်ပွဲဆိုင်ရာကြေညာချက်များထုတ်ပြန်ခြင်း၊ လွှတ်တော်ကိုယ်စားလှယ်လောင်း  အမည်စာရင်း တင်သွင်းခြင်း၊ စိစစ်ခြင်းနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ  အမည်စာရင်းကြေညာခြင်း၊ ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်း နှင့် မဲဆွယ်စည်းရုံးခြင်း၊ ရွေးကောက်ပွဲသုံးပစ္စည်းများ စီမံခန့်ခွဲခြင်း၊ မဲရုံများ ခင်းကျင်းပြင်ဆင်ခြင်း၊ ရွေးကောက်ပွဲနေ့မတိုင်မီ ကြိုတင်ဆန္ဒမဲ ပေးခြင်းနှင့် ရွေးကောက်ပွဲနေ့မဲရုံများတွင် ဆန္ဒမဲပေးခြင်း၊ အငြင်းပွားမှု များဖြေရှင်းခြင်း၊ ဆန္ဒမဲများ ရေတွက်ခြင်းနှင့် ဆန္ဒမဲရလဒ်ကြေညာခြင်း၊ ရွေးကောက်တင်မြှောက်ခံရသည့်           လွှတ်တော်ကိုယ်စားလှယ်  အမည်စာရင်းကြေညာခြင်း၊   လွှတ်တော်ကိုယ်စားလှယ်လောင်းများ ရွေးကောက်ပွဲ  ကုန်ကျစရိတ်စာရင်းတင်သွင်းခြင်း၊    ရွေးကောက်ပွဲ ကန့်ကွက်လွှာအမှုများအား ရွေးကောက်ပွဲခုံအဖွဲ့များဖြင့် စစ်ဆေးခြင်း၊ ကျင်းပခဲ့သည့် ရွေးကောက်ပွဲအပေါ်  ပြန်လည်သုံးသပ်၍ အကဲဖြတ် ဆန်းစစ်ခြင်းနှင့် နောင်ရွေးကောက်ပွဲများအတွက် စီမံကိန်းများရေးဆွဲ ခြင်းတို့ ဆောင်ရွက်ရပါသည်။
ဆန္ဒမဲပေးခြင်း နှစ်မျိုး
ရွေးကောက်ပွဲလုပ်ငန်းစဉ်အဆင့်ဆင့်တွင် ဆန္ဒမဲပေးခြင်း နှစ်မျိုးရှိ ပြီး ရွေးကောက်ပွဲနေ့မတိုင်မီ ကြိုတင်မဲပေးခြင်းနှင့် ရွေးကောက်ပွဲနေ့ တွင် သက်ဆိုင်ရာမဲရုံများ၌ ကိုယ်တိုင်သွားရောက်၍ ဆန္ဒမဲပေးခြင်း တို့ဖြစ်သည်။ ကြိုတင်မဲပေးခြင်းတွင်  စာတိုက်၊  အွန်လိုင်းမှတစ်ဆင့် မဲပေးခြင်း၊ ကြိုတင်မဲပေးရန် သတ်မှတ်သည့် နေ့ရက်နှင့်နေရာများတွင် ကြိုတင်မဲပေးခြင်းတို့ ပါဝင်ပါသည်။ မဲဆန္ဒရှင်တစ်ဦးချင်းစီက ကြိုတင် မဲဖြင့်ဖြစ်စေ၊ မဲရုံမဲဖြင့်ဖြစ်စေ ဆန္ဒပြုလိုက်သော ထောက်ခံဆန္ဒမဲရလဒ် ဖြင့် လွှတ်တော်ကိုယ်စားလှယ်များကို ရွေးကောက်တင်မြှောက်ရသည် ဖြစ်ရာ  ဆန္ဒမဲပေးခြင်း  နှစ်မျိုးတွင် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှု များ ကင်းစင်ရန်  လိုအပ်မည်ဖြစ်ပါသည်။ တစ်နည်းအားဖြင့် နိုင်ငံရေး အာဏာအတွက် ဝင်ပေါက်ဖြစ်သော ရွေးကောက်ပွဲတွင် မိမိပါတီအနိုင် ရရှိရေးအတွက် မသမာသောမဲ၊ တရားမဲ့ပြုကျင့်မှုကြောင့်  ရရှိသော မဲတို့ဖြင့် ရွေးကောက်မှုအခွင့်အရေးကို မတရားသောနည်းလမ်းဖြင့် ရယူမည်ဆိုပါက    တရားမျှတမှုမရှိသည့်    အကျည်းတန်သော ရွေးကောက်ပွဲအဖြစ် ရှုမြင်ရမည် ဖြစ်ပါသည်။
ကမ္ဘာ့နိုင်ငံများတွင် ကြိုတင်မဲစနစ်ကျင့်သုံးမှုအခြေအနေ
ရွေးကောက်ပွဲဆိုင်ရာ    လေ့လာဆန်းစစ်သူတို့၏   အဆိုအရ ကုလသမဂ္ဂအဖွဲ့ဝင် ကမ္ဘာ့နိုင်ငံပေါင်း ၁၉၃ နိုင်ငံတွင် ကြိုတင်မဲပေးခွင့်ပြဋ္ဌာန်းချက်မရှိသည့် နိုင်ငံ ၁၂၃ နိုင်ငံရှိကြောင်း သိရှိရသည်။ နိုင်ငံ ပေါင်း ၇၀ တွင်သာ ကြိုတင်မဲပေးခြင်းစနစ် လက်ခံကျင့်သုံးကြသည်ဟု ဆိုပါသည်။ ထိုနိုင်ငံ ၇၀ အနက် ၅၄ နိုင်ငံတွင် ပြည်တွင်းနှင့်ပြည်ပ ကြိုတင်မဲ နှစ်မျိုးလုံးခွင့်ပြုပြီး ၁၆ နိုင်ငံတွင် ပြည်တွင်းကြိုတင်မဲသာ ခွင့်ပြု၍   နိုင်ငံပြင်ပရောက်ရှိနေသူများအတွက်  ကြိုတင်မဲပေးခွင့် ပြဋ္ဌာန်းထားခြင်းမရှိကြောင်း သိရှိရသည်။ ထိုသို့ ကြိုတင်မဲပေးခြင်း ခွင့်ပြုရာတွင်လည်း   နိုင်ငံ  ၁၅  နိုင်ငံကသာ  မဲဆန္ဒရှင်အားလုံးကို လွတ်လပ်စွာ  ကြိုတင်မဲပေးခွင့်ပြုထားပြီး  ကျန်နိုင်ငံ ၅၅ နိုင်ငံတွင် ကြိုတင်မဲပေးခွင့်ရှိသူ မဲဆန္ဒရှင် အမျိုးအစားများကို သီးခြားသတ်မှတ် ထားကြောင်း သိရှိရသည်။ 
မြန်မာနိုင်ငံ  ရွေးကောက်ပွဲဥပဒေများ၏ ကြိုတင်မဲစနစ်
လွတ်လပ်ရေးရပြီး ပါလီမန်ခေတ် ၁၉၄၈ ခုနှစ် ပါလီမန်ရွေးကောက်ပွဲ အက်ဥပဒေများအရ ကျင်းပခဲ့သော ပါလီမန်ရွေးကောက်ပွဲများတွင် ကြိုတင်မဲပေးခြင်းပြဋ္ဌာန်းချက်မတွေ့ရဘဲ  မဲရုံတွင်သာ မဲပေးရသည်။ ယင်းအက်ဥပဒေ၏ နည်းဥပဒေ ၆၇ တွင် ပုံစံ(၁၈)ဖြင့် ရွေးကောက်ပွဲ တာဝန်ခံအရာရှိထံ   လျှောက်လွှာတင်သွင်း၍  မိမိမဲပေးရမည့် မဲရုံ မဟုတ်သော အခြားမဲရုံတစ်ခုခုတွင်  ရွေးကောက်ပွဲတာဝန်ပေးအပ်ခြင်း ခံရသည့် မဲရုံမှူး၊ မဲရုံအဖွဲ့ဝင်၊ မဲရုံကိုယ်စားလှယ်၊ အစိုးရအမှုထမ်းတို့ကို တာဝန်ကျသည့်  မဲရုံတွင်  မဲပေးခွင့်ပြုသည့် ပြဋ္ဌာန်းချက်မျိုးသာရှိကြောင်း သိရှိရသည်။ 
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်     ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ကောင်စီအဆင့်ဆင့် ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ ဥပဒေ နှင့် နည်းဥပဒေများ၊    ၁၉၉၀  ပြည့်နှစ်၊  ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအတွက် ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေနှင့် နည်းဥပဒေများတွင် နိုင်ငံပြင်ပရောက်ရှိနေသူများ   ကြိုတင်မဲပေးခြင်း နှင့် ပြည်တွင်းကြိုတင်မဲပေးခြင်းပြဋ္ဌာန်းချက်များ ပါရှိခဲ့သည်။ လက်ရှိ ရွေးကောက်ပွဲဥပဒေနှင့် နည်းဥပဒေများတွင်လည်း မဲဆန္ဒနယ်ပြင်ပ ကြိုတင်မဲနှင့် မဲဆန္ဒနယ်အတွင်း ကြိုတင်မဲပေးခြင်းပြဋ္ဌာန်းချက်များ ပါဝင်ပါသည်။
မဲဆန္ဒနယ်ပြင်ပရောက်ရှိနေသူများအတွက် ကြိုတင်မဲပေးခြင်းနှင့် စပ်လျဉ်း၍ -
(၁)        တပ်မတော်သားများနှင့် အတူနေအိမ်ထောင်စုဝင်များ၊
(၂)        မဲဆန္ဒနယ်ပြင်ပရောက် ကျောင်းသားများ၊ 
(၃)        မဲဆန္ဒနယ်ပြင်ပရောက် သင်တန်းသားများ၊ 
(၄)        မဲဆန္ဒနယ်ပြင်ပရောက် အခြားမဲဆန္ဒရှင်များ၊
(၅)        အချုပ်ခံနေရသူများ၊ 
(၆)        ဆေးရုံသို့ တက်ရောက်နေရသော အတွင်းလူနာများ၊
(၇)        အစိုးရ၏ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပတွင် ရောက်ရှိနေသူများ စသည့် မဲဆန္ဒရှင်အမျိုးအစား ၇ မျိုးကို သတ်မှတ်နည်းလမ်းများ နှင့်အညီ ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ကြိုတင်မဲပေး ခွင့်ပြု ထားပါသည်။ 
မဲဆန္ဒနယ်အတွင်း ကြိုတင်မဲပေးခြင်းနှင့်စပ်လျဉ်း၍  မဲဆန္ဒနယ် အတွင်းရှိနေသော်လည်း  မဲရုံသို့  ကိုယ်တိုင်လာရောက်ဆန္ဒမဲမပေးနိုင်သည့် အောက်ဖော်ပြပါ မဲဆန္ဒရှင်အမျိုးအစား ၈ မျိုးကိုလည်း ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲပေးနိုင်ရန်  သက်ဆိုင်ရာရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက စီစဉ် ပေးရမည်ဟု ပြဋ္ဌာန်းချက်ပါဝင်ပါသည် -
    (၁)    အနာကြီးရောဂါစွဲကပ်နေခြင်း၊
    (၂)    ရောဂါဝေဒနာပြင်းထန်စွာခံစားနေရခြင်း၊
    (၃)    အသက်အရွယ်ကြီးရင့်နေခြင်း၊
    (၄)    သားဖွားနေခြင်း၊
    (၅)    ရဲအချုပ်စခန်း  သို့မဟုတ်  အကျဉ်းစခန်းတွင်  အချုပ်ခံ နေရခြင်း၊
    (၆)    ဆေးရုံ၌ အတွင်းလူနာအဖြစ် ဆေးဝါးကုသမှုခံယူနေရခြင်း၊
    (၇)    နိုင်ငံ့ဝန်ထမ်း   သို့မဟုတ်   တပ်မတော်သား  သို့မဟုတ် ရဲတပ်ဖွဲ့ဝင်တစ်ဦးသည် မဲစာရင်း ပါရှိရာဒေသမှကျော်လွန်၍ ယာယီတာဝန်သွားရောက်ထမ်းဆောင်ရခြင်း၊
    (၈)    ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတစ်ဦးသည် ရွေးကောက်ပွဲကျင်းပသည့် နေ့တွင် မိမိအမည်စာရင်း ပါရှိသော မဲဆန္ဒနယ်မှကျော်လွန်၍ ခရီးဝေးသွားလာရန်ရှိခြင်း။
ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ကြိုတင်မဲပေးကြရာတွင် 
မဲဆန္ဒနယ်ပြင်ပကြိုတင်မဲပေးခြင်း လုပ်ထုံးလုပ်နည်း အဆင့်ဆင့် ဖြစ်သော   ကြိုတင်မဲလက်မှတ်  တောင်းခံခြင်း၊  ကြိုတင်မဲပေးမည့် အမည်စာရင်းပြုစုခြင်း၊ ကြိုတင်မဲလက်မှတ်နှင့် စာအိတ်များပေးပို့ ခြင်း၊ ဆန္ဒပြုပြီးသော ကြိုတင်မဲလက်မှတ်များပါသည့် စာအိတ်များကို သက်ဆိုင်ရာမြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများသို့ ပြန်လည် ပေးပို့ခြင်းစသည့်   လုပ်ငန်းအဆင့်ဆင့်ကို  သတ်မှတ်အချိန်ကာလ အတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်ရပါသည်။ 
မဲဆန္ဒနယ်ပြင်ပရောက် သင်တန်းသားများနှင့် ကျောင်းသားများ အတွက်  သက်ဆိုင်ရာ  တက္ကသိုလ်၊   ကျောင်း၊  သင်တန်းများတွင် လည်းကောင်း၊   အချုပ်ခံနေရသူများအတွက်   ရဲအချုပ်စခန်းတွင် လည်းကောင်း၊ ဆေးရုံတက်ရောက်နေရသည့်   အတွင်းလူနာများ အတွက်    ဆေးရုံတွင်လည်းကောင်း၊   တပ်မတော်သားများနှင့်    အတူနေ အိမ်ထောင်စုဝင်များအတွက်  သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့၊ သင်တန်းကျောင်းနှင့်   စစ်အခြေစိုက်စခန်းများတွင်လည်းကောင်း၊ နိုင်ငံပြင်ပရောက်ရှိနေသူများအတွက် သက်ဆိုင်ရာ  သံရုံး၊  အမြဲတမ်း ကိုယ်စားလှယ်ရုံး၊ ကောင်စစ်ဝန်ရုံးတို့တွင်လည်းကောင်း၊ မဲရုံကဲ့သို့ပင် သက်ဆိုင်ရာ  နိုင်ငံ့ဝန်ထမ်းဌာနအကြီးအမှူးများ၏  ကြီးကြပ်စီမံ ခန့်ခွဲမှုဖြင့် သတ်မှတ်ပြဋ္ဌာန်းချက်များနှင့်အညီ ကြိုတင်ဆန္ဒမဲပေးခြင်း လုပ်ငန်းစဉ်များ  ဆောင်ရွက်ရသည်ဖြစ်ရာ လုပ်ငန်းစဉ်အဆင့်ဆင့် များပြားသော်လည်း စနစ်တကျဆောင်ရွက်နိုင်သည့် အခြေအနေမျိုးရှိ ကြောင်း လေ့လာတွေ့ရှိရပါသည်။
သို့ရာတွင်   ရပ်ကွက်   သို့မဟုတ်   ကျေးရွာအုပ်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများက တာဝန်ယူဆောင်ရွက်သည့် မဲဆန္ဒနယ်အတွင်း ကြိုတင်မဲပေးခြင်းလုပ်ငန်းစဉ်တွင် အနာကြီးရောဂါစွဲကပ်နေသူများ၊ ရောဂါဝေဒနာပြင်းထန်စွာ   ခံစားနေရသူများ၊  အသက်အရွယ်ကြီး ရင့်နေသူများနှင့် သားဖွားနေသူများအတွက်  ရပ်ကွက်   သို့မဟုတ် ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင် နှစ်ဦးက နေအိမ် များတွင် အိမ်တိုင်ရာရောက် ကြိုတင်မဲလိုက်လံကောက်ယူရသည်။ ထို့အတူ ရဲအချုပ်စခန်းနှင့်   အကျဉ်းစခန်းတွင် အချုပ်ခံနေရသူများ အတွက် သက်ဆိုင်ရာ  ရဲစခန်း၊  အကျဉ်းစခန်းတွင်လည်းကောင်း၊ ဆေးရုံ၌ အတွင်းလူနာအဖြစ် ဆေးဝါးကုသမှုခံယူနေရသူများအတွက် သက်ဆိုင်ရာဆေးရုံတွင်လည်းကောင်း၊ ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင် နှစ်ဦးက နေရာအရောက် ကြိုတင်မဲ သွားရောက်ကောက်ယူရပါသည်။

ထိုသို့   ကောက်ယူရာတွင်  လွှတ်တော်ကိုယ်စားလှယ်လောင်း များ၊  ရွေးကောက်ပွဲကိုယ်စားလှယ်များ၊   နိုင်ငံရေးပါတီများမှ  မဲရုံ ကိုယ်စားလှယ်များ၊   အကူကိုယ်စားလှယ်များနှင့်    ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာသူများအား လိုက်ပါကြည့်ရှုခွင့်ပြုထားသဖြင့် နိုင်ငံရေးပါတီများက ကော်မရှင်အဖွဲ့ခွဲနှင့် မဲဆန္ဒရှင်အပေါ် တိုက်ရိုက် သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း လွှမ်းမိုးနိုင်ခြင်း၊ ရပ်ကွက်နှင့်        ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ လုပ်ငန်းကျွမ်းကျင်မှုအားနည်းခြင်း၊ နယ်မြေဒေသ အခြေအနေအရ ကြိုတင်မဲကောက်ယူရမည့်နေရာ  ဝေးလံခက်ခဲပါက  မလိုလားအပ် သော   ပြဿနာများ   ဖြစ်ပွားနိုင်ခြင်း၊  ရွေးကောက်ပွဲဥပဒေ၏ အနှစ်သာရတစ်ရပ်ဖြစ်သော လျှို့ဝှက်ဆန္ဒမဲပေးခြင်းစနစ် ပျက်ယွင်း ခြင်းနှင့် မလိုလားအပ်သော မဲမသမာမှုနှင့် အငြင်းပွားမှုများဖြစ်နိုင်ခြေ အများဆုံးအခြေအနေ ဖြစ်ကြောင်း တွေ့ရှိရပါသည်။ ရွေးကောက်ပွဲနေ့ တွင် ခရီးသွားရန်ရှိကြောင်း  အကြောင်းအမျိုးမျိုးပြ၍   ကြိုတင်မဲ တောင်းဆိုမှုများကလည်း  ပါတီများ၊  မဲဆန္ဒရှင်များနှင့်  ရပ်ကွက်/ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့ကြားတွင် အငြင်းပွား အချင်းများရသည့်  ပြဿနာများဖြစ်ကြောင်း  ယခင်ရွေးကောက်ပွဲ များတွင် တွေ့ရှိခဲ့ရသဖြင့် ပြန်လည်သုံးသပ်သင့်ပါသည်။
ရွေးကောက်ပွဲတွင် ကြိုတင်မဲကို နည်းလမ်းအမျိုးမျိုးဖြင့် ခွင့်ပြု ခြင်းသည် မဲဆန္ဒရှင်အမျိုးမျိုးအတွက်  မဲပေးခွင့်ရရှိရေး ဖြစ်နိုင်သမျှ နည်းလမ်းများဖြင့်     ဆောင်ရွက်ပေးခြင်းဖြစ်သည်ဆိုသော်လည်း ကြိုတင်မဲအတွက် လုပ်ငန်းစဉ်အဆင့်ဆင့် ရှုပ်ထွေးခြင်း၊ လျှို့ဝှက်ဆန္ဒမဲ ပေးခြင်းစနစ်ပျက်ယွင်းခြင်း၊     လုပ်ထုံးလုပ်နည်း   မှားယွင်းနိုင်ခြင်း၊ မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှု ဖြစ်နိုင်ခြေရာခိုင်နှုန်းမြင့်မားခြင်း တို့ကို လေ့လာတွေ့ရှိရပါသည်။ 
၂၃-၇-၂၀၂၃  ရက်နေ့က  ကျင်းပခဲ့သည့်  ကမ္ဘောဒီးယားနိုင်ငံ အထွေထွေရွေးကောက်ပွဲတွင် ရွေးကောက်ပွဲဥပဒေပြဋ္ဌာန်းချက်များအရ ပြည်တွင်း၊ ပြည်ပကြိုတင်မဲပေးခြင်းကို ခွင့်ပြုထားခြင်းမရှိဘဲ ရွေးကောက်ပွဲတာဝန်ကျ   ဝန်ထမ်းများသည်ပင်လျှင်   မိမိတို့နှင့် သက်ဆိုင်သည့် မဲရုံများတွင်  ရွေးကောက်ပွဲကျင်းပသည့်နေ့၌သာ မဲပေးကြကြောင်း သိရှိရပါသည်။ ကမ္ဘောဒီးယားအစိုးရက ဝန်ထမ်း များ၊ ပုဂ္ဂလိကစက်ရုံနှင့် အလုပ်ရုံများမှ လုပ်သားပြည်သူမဲဆန္ဒရှင်များ လွယ်ကူအဆင်ပြေစွာ မဲပေးနိုင်ရေးအတွက်   ရွေးကောက်ပွဲနေ့နှင့် တစ်ဆက်တည်း ၃ ရက်ကို လုပ်ခလစာမဖြတ်တောက်ဘဲ ခွင့်ရက် အဖြစ် သတ်မှတ်ပေးကြောင်း သတင်းဖော်ပြချက်များအရ   လေ့လာ သိရှိရပါသည်။ 
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် 
ကြိုတင်မဲဆိုင်ရာ မဲမသမာမှုများ
ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်း များကြီးမားစွာမှားယွင်းခြင်း၊ ရွေးကောက်ပွဲအပေါ်  မလျော်ဩဇာ လွှမ်းမိုးခြင်း၊  ဥပဒေနှင့်မညီဆောင်ရွက်ခြင်း၊ တရားမဲ့ပြုကျင့်မှုနှင့် မဲမသမာမှုဖြစ်စဉ်များ ဖြစ်ပွားခဲ့ခြင်းကြောင့် ကျူးလွန်သူများအား ဥပဒေအရ အရေးယူဆောင်ရွက်ခဲ့ရခြင်းတို့နှင့် စပ်လျဉ်း၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့           သတင်းစာ ရှင်းလင်းပွဲများနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ သတင်း ထုတ်ပြန်ချက်များတွင်    ဖော်ပြပါရှိခဲ့ပြီး ဖြစ်ပါသည်။  ကိုဗစ်-၁၉ ကူးစက်ရောဂါအကြောင်းပြု၍  ကြိုတင်မဲပေးခွင့်ပြဋ္ဌာန်းချက်တွင် မပါဝင်သူများကို  ယင်းတို့နှင့်သက်ဆိုင်သော   မဲဆန္ဒနယ်အတွက် ပုံစံ(၁၅)ဖြင့်  တောင်းဆို၍ ကြိုတင်မဲပေးခွင့်ပြုခဲ့ခြင်း၊ အသက် ၆၀ နှစ်အထက်  မဲဆန္ဒရှင်များနေအိမ်တွင်  ကြိုတင်မဲပေးရန်  ဥပဒေ ကျော်လွန်ခွင့်ပြုပေးခဲ့ခြင်းတို့ကြောင့်  ယခင်ရွေးကောက်ပွဲများတွင် ကြိုတင်မဲပေးသူရာခိုင်နှုန်း ၆ ရာခိုင်နှုန်းခန့်သာရှိခဲ့ရာမှ ၂၀၂၀  ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ကြိုတင်မဲပေးသူ ၂၁ ရာခိုင်နှုန်းကျော် အထိ  ဖောင်းပွခဲ့ကြောင်း    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် မှတ်တမ်းများအရ သိရှိရပါသည်။ 
ရပ်ကွက်နှင့် ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက  နေအိမ်များသို့   ကြိုတင်မဲများ   လိုက်လံကောက်ယူရာတွင်   ပါတီ အောင်နိုင်ရေးအဖွဲ့များက    ပုံသဏ္ဌာန်အမျိုးမျိုးဖြင့်   လိုက်ပါ၍ ဝင်ရောက်စွက်ဖက်မှုများ၊ ဥပဒေနှင့်မညီသောလုပ်ရပ်များကို စစ်ဆေး ဖော်ထုတ်တွေ့ရှိခဲ့ရသည်။    ဖွဲ့စည်းပုံအခြေခံ  ဥပဒေပုဒ်မ  ၃၉၁ ပုဒ်မခွဲ(ဃ)တွင်  “လျှို့ဝှက်ဆန္ဒမဲပေးခြင်းစနစ်ကို    ကျင့်သုံးရမည်” ဟု ပြဋ္ဌာန်းထားသည်ဖြစ်ရာ   ကော်မရှင်အဖွဲ့ခွဲများက    နေအိမ်တွင် ကြိုတင်မဲများ လိုက်လံကောက်ယူခြင်းဖြင့် လျှို့ဝှက်ဆန္ဒမဲပေးခြင်း အား ထိခိုက်ပျက်ယွင်းစေမည့် ဝန်ဆောင်မှုမျိုးကို ရွေးကောက်ပွဲဥပဒေ နှင့် နည်းဥပဒေများတွင်  ထည့်သွင်းထားခြင်းအား ပြန်လည်စဉ်းစားသုံးသပ်သင့်ကြောင်း မဲဆန္ဒရှင်ပြည်သူတစ်ဦးအနေဖြင့် ထင်မြင်ယူဆ ပါသည်။
လာမည့်ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့်    လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပ နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်နေပြီ ဖြစ်ပါသည်။ လာမည့်ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူလူထုအတွက် ဒီမိုကရေစီ၏အနှစ်သာရဖြစ်သော ကိုယ်စားပြုမှုကို မြှင့်တင်ပေးရန်၊ ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေးကဏ္ဍတွင်  တစ်ပါတီကြီးစိုးမှု လျှော့ချပြီး ပါတီစုံစနစ် ပိုမိုလမ်းဖွင့်ပေးနိုင်ရန်အတွက် အချိုးကျကိုယ်စားပြုစနစ် ပြောင်းလဲကျင့်သုံးမည့် အစီအစဉ်များ ဆောင်ရွက်လျက်ရှိပါသည်။
လုံခြုံမှုရှိပြီး  တည်ငြိမ်အေးချမ်းသောရွေးကောက်ပွဲ၊ ဥပဒေနှင့် ညီညွတ်သောရွေးကောက်ပွဲ၊   လွတ်လပ်ပြီး    တရားမျှတသော ရွေးကောက်ပွဲ၊ သန့်ရှင်းသောရွေးကောက်ပွဲ၊ မဲမသမာမှုနှင့် တရားမဲ့မှု ကင်းစင်သောရွေးကောက်ပွဲ၊ ဂုဏ်သိက္ခာရှိသောရွေးကောက်ပွဲ တစ်ရပ် ကျင်းပပေးနိုင်ရေးအတွက်      ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ဆောင်ရွက်လျက်ရှိရာတွင်   ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ  နိုင်ငံသား အားလုံး မဲပေးခွင့်မဆုံးရှုံးစေရေး  မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန် အောင်  ဆောင်ရွက်လျက်ရှိသည်။  ဆန္ဒမဲပေးခြင်း  မပေးခြင်းသည် သက်ဆိုင်ရာမဲဆန္ဒရှင်၏ ဆန္ဒသဘောဟုဆိုသော်လည်း မဲဆန္ဒရှင်များ မဲပေးရန် ရွေးကောက်ပွဲယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီများက  စည်းရုံး ရမည့်တာဝန်ရှိပါသည်။ 
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ရပ်ကွက်နှင့်ကျေးရွာ အုပ်စုများ၌ ကြိုတင်မဲ ကောက်ခံရာတွင် ဖြစ်ပွားခဲ့သည့် အငြင်းပွားမှု ဖြစ်စဉ်များကို  ပြန်လည်သုံးသပ်ပြီး မဲဆန္ဒရှင်များ သတ်မှတ်မဲရုံများ တွင်သာ အဆင်ပြေလွယ်ကူစွာဖြင့် စနစ်တကျမဲပေးနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်သင့်ပါသည်။   ရွေးကောက်ပွဲများတွင်  အငြင်းပွားမှု ပြဿနာများနှင့် မဲမသမာမှုများဖြစ်ပေါ်စေသည့် ရပ်ကွက်နှင့် ကျေးရွာ အုပ်စု  ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက  ကြိုတင်မဲများလိုက်လံ ကောက်ယူရသည့်    ဝန်ဆောင်မှုနှင့်   အငြင်းပွားအချင်းများဖွယ် ကြိုတင်မဲပေးခြင်းဆိုင်ရာလုပ်ငန်းစဉ်များကို ပြန်လည်စဉ်းစား သုံးသပ် ဆောင်ရွက်သင့်ပါကြောင်း မဲဆန္ဒရှင်ပြည်သူတစ်ဦးအနေဖြင့် ပုဂ္ဂလိက အမြင်အားဖြင့် ရေးသားတင်ပြလိုက်ရပါသည်။    ။