
မောင်ကောင်းဆု
ဒီမိုကရေစီနှင့်ရွေးကောက်ပွဲ
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၇ တွင် နိုင်ငံတော်သည် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီ စနစ်ကို ကျင့်သုံးသည် ဟု ဖော်ပြထားသည်။ ဒီမို ကရေစီ ကျင့်သုံးရာတွင်လည်း Direct Democracy နှင့် Representative Democracy ဟု နှစ်မျိုးရှိရာ ကမ္ဘာ့ဒီမိုကရေစီနိုင်ငံအများစုသည် ကိုယ်စားပြု ဒီမိုကရေစီစနစ်(Representative Democracy System) ကို ကျင့်သုံးကြသည်။ ယင်းစနစ်အရ ပြည်သူများက ဆန္ဒမဲပေးပြီး ရွေးကောက် တင်မြှောက်ခံရသည့် ပြည်သူ့ကိုယ်စားလှယ်များက နိုင်ငံ၏အချုပ်အခြာအာဏာကို ပြည်သူ့ကိုယ်စား ကျင့်သုံးကြခြင်း ဖြစ်သည်။ သို့ဖြစ်ရာ ဒီမိုကရေစီ စနစ်ကို ဖော်ဆောင်ရာတွင် ရွေးကောက်ပွဲများသည် အဓိကကျသည့် အခြေခံအုတ်မြစ်ဖြစ်သည်ဟု မှတ်ယူရပါမည်။
ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးသည့် မိမိတို့ နိုင်ငံတွင် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက် ပွဲများ ကျင်းပရန်တာဝန်မှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ တာဝန်ဖြစ်သည်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၃၃၀၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ၁၆၈ ဦး၊ တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် တစ်မြို့နယ် လျှင် နှစ်ဦးစီနှင့် တိုင်းရင်းသားလူမျိုး လွှတ်တော် ကိုယ်စားလှယ်များ ရွေးကောက်တင်မြှောက်ပေး ရပါမည်။ ရွေးကောက်ပွဲကျင်းပသည့်နေ့ တစ်ရက် တည်းတွင် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ မြို့နယ်ပေါင်း ၃၃၀၊ ရပ်ကွက်/ ကျေးရွာအုပ်စုပေါင်း ၁၇၀၀၀ ခန့်ရှိ မဲရုံပေါင်း လေးသောင်းကျော်တွင် မဲဆန္ဒရှင်ပြည်သူပေါင်း သန်း ၃၀ ခန့်က ဆန္ဒမဲပေး ခြင်းကို စနစ်တကျပြီးမြောက်အောင် ဆောင်ရွက် ရသည့် လုပ်ငန်းပမာဏကို စဉ်းစားကြည့်လျှင် သိနိုင်ပါသည်။
ရွေးကောက်ပွဲစက်ဝန်း
ရွေးကောက်ပွဲကျင်းပသည့် ရက်ပိုင်းတွင်သာ အလုပ်ရှိသည်ဟုထင်ရသော ရွေးကောက်ပွဲ ကော်မရှင်နှင့် ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်တို့၏ လုပ်ငန်းတာဝန်ဟူသည် ရွေးကောက်ပွဲတစ်ခုနှင့် တစ်ခုကြား၊ အကြားအလပ်မရှိ တစ်ဆက်တည်း ရှိနေ၏။
ဤသဘောသရုပ်ကို ရွေးကောက်ပွဲ ရာသီစက်ဝန်း (Electoral Circle) ဖြင့် ဖော်ပြကြပြီး အချိန်ကာလအားဖြင့် အောက်ပါအတိုင်း ပိုင်းခြား သတ်မှတ်ထားပါသည်-
(က) ရွေးကောက်ပွဲအကြိုကာလ (PRE-ELECTION PERIOD)
( ခ ) ရွေးကောက်ပွဲကာလ (ELECTION PERIOD)
( ဂ ) ရွေးကောက်ပွဲအလွန်ကာလ (POST ELECTION PERIOD) တို့ဖြစ်ပြီး
သက်ဆိုင်ရာ အချိန်ကာလအလိုက် ဆောင်ရွက် ရမည့် လုပ်ငန်းများစွာ ရှိကြပါသည်။
ရွေးကောက်ပွဲအကြိုကာလလုပ်ငန်းများ
ရွေးကောက်ပွဲတစ်ခု ကျင်းပပြီးနောက် ဆောင်ရွက်ရမည့် ရွေးကောက်ပွဲအလွန်ကာလ လုပ်ငန်းများပြီးစီးချိန်မှ နောက်ကျင်းပမည့် ရွေးကောက်ပွဲအတွက် နေ့ရက် သတ်မှတ်သော ကြေညာချက်ထုတ်ပြန်သည့်ရက်နေ့အထိ ကာလ အတွင်း ဆောင်ရွက်ရမည့် လုပ်ငန်းများဖြစ်သည်။ သက်ဆိုင်ရာလုပ်ငန်းအလိုက် အသေးစိတ် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်နှင့် ပြီးစီးရမည့်အချိန် ကာလကို လျာထားသတ်မှတ် စီမံဆောင်ရွက်ရ သည်။ ရွေးကောက်ပွဲအကြိုကာလ လုပ်ငန်းများစွာ ရှိသည့်အနက် အရေးကြီးသည်များကို ထုတ်နုတ် ဖော်ပြပါမည်။
ဥပဒေမူဘောင်ပြင်ဆင်ရေးသည် အရေးကြီး ပြီး အဓိကထားဆောင်ရွက်ရသည့် လုပ်ငန်းဖြစ် သည်။ ယခင်ရွေးကောက်ပွဲ အတွေ့အကြုံအရ အားနည်းအားသာချက်များ၊ ပြည်တွင်းနှင့်နိုင်ငံ တကာ ရွေးကောက်ပွဲလေ့လာရေးအဖွဲ့များ၏ အကြံပြုချက်များ၊ နိုင်ငံရေးပါတီများနှင့် အရပ်ဘက် အဖွဲ့အစည်းများ၏ အကြံပြုတင်ပြချက်များ၊ ကော်မရှင်အဖွဲ့ခွဲအသီးသီးက လက်တွေ့ဆောင်ရွက် ရာတွင် တွေ့ရှိရသည့် အခက်အခဲများ၊ ပြန်လည် သုံးသပ်သည့် အစည်းအဝေးတွေ့ရှိချက်နှင့် နိုင်ငံ တကာတွင် ကျင့်သုံးဆောင်ရွက်မှုများကို ဆန်းစစ် လေ့လာသုံးသပ်ပြီး မိမိနိုင်ငံ၏အခြေအနေနှင့် ကိုက်ညီလက်တွေ့ကျင့်သုံးနိုင်မည့် ဥပဒေ၊ နည်းဥပဒေ များ ပြင်ဆင်ပြဋ္ဌာန်းရေး ဆောင်ရွက်ခြင်းဖြစ်သည်။ ထိုသို့ ဆောင်ရွက်ရာတွင် ဥပဒေပြုရေး လုပ်ငန်းစဉ် များအတိုင်း အဆင့်ဆင့်ဆောင်ရွက်ခြင်းမှသည် အတည်ပြုပြဋ္ဌာန်းပြီး ဥပဒေ၊ နည်းဥပဒေများကို ပုံနှိပ်ထုတ်ဝေဖြန့်ချိရေးအထိ လုပ်ငန်းစဉ်များကို အချိန်ကိုက်ဆောင်ရွက်ရပါသည်။
အလားတူ လွှတ်တော်ရွေးကောက်ပွဲများကို ကျင်းပခြင်းနှင့်ကြီးကြပ်ခြင်း ဆောင်ရွက်ရမည့် တိုင်းဒေသကြီး/ ပြည်နယ်အဆင့်မှ ရပ်ကွက် / ကျေးရွာအဆင့်အထိ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့် ဖွဲ့စည်းခြင်း၊ ပြင်ဆင်ဖွဲ့စည်းခြင်းနှင့် သင်တန်းများ ဖွင့်လှစ်ပို့ချခြင်းများဆောင်ရွက်ရသည်။ ကော်မရှင် ရုံးအဆင့်ဆင့်ရှိ ဝန်ထမ်းများ ဖြည့်တင်းခန့်ထား ခြင်း၊ စွမ်းရည်မြှင့်တင်ခြင်းများကိုလည်း လုပ်ထုံး လုပ်နည်းနှင့်အညီ ဆောင်ရွက်ရသည်။ ပြည်သူလူထု နှင့်မဲဆန္ဒရှင်များအား ရွေးကောက်ပွဲအသိပညာပေး ဆောင်ရွက်ခြင်းကို ပြန်ကြားရေးဝန်ကြီးဌာန၊ ပြင်ပ မီဒီယာများ၊ နိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့အစည်း များနှင့်ပူးပေါင်း၍ ထိရောက်ကျယ်ပြန့်စွာ ဆောင်ရွက်ရပါသည်။
ထို့အတူ အချိန်ကာလအလိုက်ဆောင်ရွက် ရမည့် ရွေးကောက်ပွဲလုပ်ငန်းစဉ်များ အချိန်မီ ပြီးမြောက်ရန်အတွက်လိုအပ်သော အသုံးစရိတ်များ ရရှိရေး ဘဏ္ဍာငွေ လျာထားတောင်းခံခြင်း၊ ရွေးကောက်ပွဲတွင် အသုံးပြုမည့် မဲလက်မှတ်နှင့် ကြိုတင်ဆန္ဒမဲစာအိတ်များ ရိုက်နှိပ်ရေး သက်ဆိုင်ရာဌာနများနှင့် ကြိုတင်ညှိနှိုင်းဆောင်ရွက် ခြင်း၊ ဆန္ဒပြုတံဆိပ်တုံး၊ ပလတ်စတစ်ခြင်းတောင်း၊ ချိပ်ထိုးတံဆိပ် အစရှိသည်များ အပါအဝင် ရွေးကောက်ပွဲအထောက်အကူပြု ပစ္စည်းများ ဖြည့်တင်းရေး စီမံဆောင်ရွက်ရသည်။
လွှတ်တော်သက်တမ်းအသစ်တစ်ရပ်အတွက် ကျင်းပပြုလုပ်သော အထွေထွေရွေးကောက်ပွဲ ဖြစ်ပါက တည်ဆဲဥပဒေပြဋ္ဌာန်းချက်များ၊ အသုံးပြုသည့်ရွေးကောက်ပွဲစနစ်တို့နှင့်အညီ မဲဆန္ဒနယ် များ သတ်မှတ်ခြင်း ကို ဆောင်ရွက်ရသည်။ ထိုသို့ ဆောင်ရွက်ရာတွင် တိုင်းဒေသကြီး/ ပြည်နယ် အလိုက် ခရိုင်၊ မြို့နယ်၊ ရပ်/ ကျေးများ လက်ရှိ ပြင်ဆင်ဖွဲ့စည်းထားရှိမှု၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ထုတ်ဝေသော တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်များစာရင်း၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ထုတ်ပြန်သည့်လူဦးရေစာရင်းနှင့် တိုင်းရင်းသားလူမျိုးစာရင်းများကို ရယူအခြေခံရသည်။ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဆင့်ဆင့်ကို မြေပြင်အခြေအနေနှင့် တိုက်ဆိုင်စစ်ဆေးစေပြီး မဲဆန္ဒနယ်များ ကြိုတင်လျာထားခြင်းလုပ်ငန်းစဉ် များကို ဆောင်ရွက်ရသည်။
ရွေးကောက်ပွဲအကြိုကာလ လုပ်ငန်းများ အနက် အရေးကြီးပြီး ပမာဏကြီးမားသည့် လုပ်ငန်းစဉ်မှာ မဲဆန္ဒရှင်စာရင်း ပြုစုရေးဆောင်ရွက် ခြင်း ဖြစ်သည်။ ပြည့်စုံမှန်ကန်သော မဲဆန္ဒရှင် စာရင်း ရရှိရန်အတွက် သက်ဆိုင်ရာမြို့နယ် ကော်မရှင်အဖွဲ့ခွဲများသည် လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး များနှင့် ပြည်ထဲရေးဝန်ကြီးဌာန၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးမှူးရုံးများထံမှ အခြေခံစာရင်းများ ကိုရယူပြီး ပူးပေါင်းပြုစုခြင်းဖြစ်သည်။ ထိုသို့ ဆောင်ရွက်ရန်အတွက် ဝန်ထမ်းအင်အားစုဖွဲ့ခြင်း၊ မဲဆန္ဒရှင်စာရင်းရေးသွင်းခြင်းနှင့် Software ဆိုင်ရာ သင်တန်းများပေးခြင်းနှင့် လက်တွေ့ဆောင်ရွက် ခြင်းများကို သတ်မှတ်အချိန်ဇယားအတိုင်း ဆောင်ရွက်ရသည်။ လုပ်ငန်းများ အချိန်မီပြီးစီးရေး အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များနှင့် အကြိမ်ကြိမ်ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ရသည်။
ထို့အပြင် မဲဆန္ဒရှင်စာရင်းပြုစုခြင်းအပါအဝင် ရွေးကောက်ပွဲလုပ်ငန်းစဉ်များ၊ နိုင်ငံရေးပါတီများ တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်ပြုခြင်း ဆိုင်ရာများ၊ နိုင်ငံရေးပါတီများနှင့် လွှတ်တော် ကိုယ်စားလှယ်လောင်းများ လိုက်နာရမည့်ကျင့်ဝတ် များ၊ မဲဆွယ်စည်းရုံးရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ နိုင်ငံရေးပါတီများကိုတွေ့ဆုံဆွေးနွေးခြင်းများ ဆောင်ရွက်ရသည်။
တစ်ချိန်တည်းတွင်ပင် နိုင်ငံတကာအဖွဲ့အစည်းများ၊ ပြည်တွင်းလူမှုအဖွဲ့ အစည်းများ၊ ကဏ္ဍစုံမှ ပါဝင်ပတ်သက်သူများနှင့် ထိတွေ့ဆက်ဆံခြင်း၊ ရွေးကောက်ပွဲလုပ်ငန်းစဉ်များ တွင် ကျား/မ တန်းတူညီမျှရေး၊ တိုင်းရင်းသားများ၊ မသန်စွမ်းသူများအပါအဝင် အရည်အချင်း ကိုက်ညီ သူအားလုံး ပါဝင်မှုမြှင့်တင်ရေးတို့အတွက် သက်ဆိုင် သူအားလုံးနှင့် ပူးပေါင်းဆောင်ရွက်ရပါသည်။
အလားတူ ကျင်းပမည့်ရွေးကောက်ပွဲ၏ လွတ်လပ်တရားမျှတမှု၊ ပွင့်လင်းမြင်သာမှုနှင့်အများ ယုံကြည်လက်ခံမှုရရှိရေးအတွက် ပြည်တွင်းနှင့်် နိုင်ငံတကာရွေးကောက်ပွဲလေ့လာသူများ၊ သတင်း မီဒီယာများကို လေ့လာခွင့်နှင့် သတင်းရယူခွင့်ပြုနိုင် ရေး ကြိုတင်ပြင်ဆင်ရသည်။ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒနယ် များ၏ လုံခြုံရေးအခြေအနေများစိစစ်ခြင်း၊ ရွေးကောက်ပွဲလုံခြုံရေးနှင့် ရွေးကောက်ပွဲကာလ တွင် ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ်စီမံခန့်ခွဲ ခြင်း (Electoral Risk Management Tool)တို့အတွက် သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်း များနှင့် ပေါင်းစပ်ညှိနှိုင်းပြီး ကြိုတင်ပြင်ဆင်ခြင်းများ ဆောင်ရွက်ရသည်။
ရွေးကောက်ပွဲကာလလုပ်ငန်းများ
ရွေးကောက်ပွဲကျင်းပပြုလုပ်မည့် နေ့ရက် သတ်မှတ်သော ကြေညာချက်ထုတ်ပြန်သည့်နေ့မှ စတင်၍ ရွေးကောက်ပွဲကျင်းပပြီး ဆန္ဒမဲရလဒ်များ ရေတွက်၍ လွှတ်တော်ကိုယ်စားလှယ်အမည် စာရင်း ထုတ်ပြန်ကြေညာပြီးချိန်အထိ ဆောင်ရွက် ရမည့်လုပ်ငန်းများဖြစ်သည်။ အရေးကြီးပြီး သတ်မှတ်သည့် အချိန်ကာလအတွင်း အချိန်ကိုက် ပြီးစီးအောင်ဆောင်ရွက်ရသည်။ ပထမဦးစွာ ဆောင်ရွက်ရသည့်လုပ်ငန်းမှာ ရွေးကောက်ပွဲနှင့် စပ်လျဉ်းသည့် ကြေညာချက်များ ထုတ်ပြန်ခြင်း ဖြစ်သည်။ ယင်းတွင် ရွေးကောက်ပွဲကျင်းပမည့် နေ့ရက်၊ ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းခြင်း၊ ရုပ်သိမ်းခြင်းနှင့်စိစစ်ခြင်းတို့ ပြုလုပ်မည့်နေ့ရက်များ၊ မဲစာရင်းထုတ်ပြန် ကြေညာမည့်ရက်များ၊ ပြည်ပရောက် မဲဆန္ဒရှင်များ အပါအဝင် မဲဆန္ဒနယ်ပြင်ပရောက် မဲဆန္ဒရှင်များ ပုံစံ (၁၅) ထုတ်ယူပေးပို့ရမည့် နေ့ရက်သတ်မှတ်ချက် များ၊ ကိုယ်စားလှယ်လောင်း အမည်စာရင်း ကြေညာချက်ကပ်ထားကြေညာမည့်ရက်၊ ပါတီ စည်းရုံးရေး၊ နယ်မြေစည်းရုံးရေးနှင့် မဲဆွယ်စည်းရုံး ခွင့်ဆိုင်ရာများ၊ မဲဆွယ်စည်းရုံးခြင်းရပ်နားရမည့် နေ့ရက်နှင့်အချိန် အစရှိသည်တို့ပါဝင်ပြီး သတ်မှတ် အချိန်ဇယားအတိုင်း ထုတ်ပြန်ခြင်းဖြစ်သည်။
အလားတူ ဆောင်ရွက်ရသည့်လုပ်ငန်းမှာ မဲဆန္ဒနယ်များသတ်မှတ်ကြေညာခြင်း ဖြစ်သည်။ ရွေးကောက်ပွဲအကြိုကာလ လုပ်ငန်းစဉ်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စိစစ် အတည်ပြုပြီးဖြစ်သည့် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်၊ တိုင်း ဒေသကြီး/ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်နှင့် တိုင်းရင်းသားလူမျိုး လွှတ်တော်မဲဆန္ဒနယ် စာရင်း များကို သတ်မှတ်ရက်အတိုင်း ထုတ်ပြန်ကြေညာရ သည်။ ထို့အတူ မဲဆန္ဒနယ်များ၏လက်ရှိလုံခြုံရေး နှင့် တည်ငြိမ်အေးချမ်းမှုအပါအဝင် ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်သည့်အခြေအနေ ရှိ၊ မရှိ အစရှိသည့် မဲဆန္ဒနယ်များ၏လုံခြုံရေးအခြေအနေများစိစစ်ခြင်းကို သက်ဆိုင်ရာကာကွယ်ရေးဝန်ကြီး ဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့သို့ အကြောင်း ကြားညှိနှိုင်းဆောင်ရွက်ရသည်။
အရေးကြီးသည့်အခြားလုပ်ငန်းစဉ်တစ်ခုမှာ ရွေးကောက်ပွဲတွင်အသုံးပြုမည့် မဲဆန္ဒရှင်စာရင်းပြု စုခြင်းဖြစ်သည်။ သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်သည် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က အတည်ပြုသတ်မှတ်သည့်နေ့ရက်များ အတိုင်း မဲဆန္ဒရှင်စာရင်းပြုစုခြင်း၊ ကပ်ထားကြေညာ ခြင်း၊ ပြင်ဆင်ပြုစုခြင်း လုပ်ငန်းစဉ်များကိုဆောင်ရွက် ခြင်းဖြစ်သည်။ မဲဆန္ဒရှင် ပြည်သူများအနေဖြင့် ကပ်ထားကြေညာသည့်မဲစာရင်းများကိုကြည့်ရှုပြီး မိမိအမည်မပါကတောင်းဆိုခြင်း၊ မှားယွင်းမှုရှိပါက ပြင်ဆင်ခြင်းနှင့် မပါသင့်သူများပါနေပါက ကန့်ကွက်ခြင်းတို့ကို သတ်မှတ်ချက်နှင့်အညီဆောင် ရွက်ရသည်။ ထို့နောက် မဲဆန္ဒရှင်စာရင်းနှင့်မဲရုံ တည်နေရာများ အတည်ပြုသတ်မှတ်ခြင်းကို သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆက်လက် ဆောင်ရွက်ရသည်။
ထို့အတူ ရွေးကောက်ပွဲကာလလုံခြုံရေး အတွက် ပြည်ထဲရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းပေါင်းစပ် ၍ လုံခြုံရေးကော်မတီအဆင့်ဆင့် ဖွဲ့စည်းခြင်း၊ တပ်မတော်၏လုံခြုံရေး အစောင့်အရှောက်ရယူရန် လိုအပ်သောနယ်မြေများအတွက် ပူးပေါင်းဆောင် ရွက်နိုင်ရန် ကာကွယ်ရေးဝန်ကြီးဌာနနှင့် ညှိနှိုင်း ဆောင်ရွက်ခြင်း မမျှော်လင့်သော ကိစ္စရပ်များ ဖြစ်ပေါ်လာပါက မဲဆန္ဒနယ်များအလိုက် ရွေးကောက် ပွဲအောင်မြင်စွာကျင်းပနိုင်ရန် ရွေးကောက်ပွဲ ဘေးအန္တရာယ်စီမံခန့်ခွဲခြင်းကို အချိန်နှင့်တစ်ပြေး ညီဆောင်ရွက်နိုင်ရန် ကြိုတင်ညှိနှိုင်းပြင်ဆင်ရသည်။
အလားတူ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးခြင်း လုပ်ငန်းများ စနစ်တကျရှိရေးနှင့် မဲဆွယ်စည်းရုံး ရေးကာလအတွင်း အငြင်းပွားမှု၊ ဆူပူအကြမ်းဖက် မှုများမဖြစ်စေရေး ရွေးကောက်ပွဲဆိုင်ရာ စေ့စပ် ညှိနှိုင်းရေးကော်မတီများဖွဲ့စည်းပြီး လုပ်ငန်းတာဝန် များ သတ်မှတ်ဆောင်ရွက်ရသည်။ ထို့အတူ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး သက်ဆိုင်ရာ ဝန်ကြီးဌာန/အဖွဲ့အစည်းများနှင့် ညှိနှိုင်းခြင်းများလုပ်ဆောင်ရသည်။ တစ်ချိန်တည်း တွင် လွှတ်တော်ကိုယ်စားလှယ်လောင်းများစိစစ်အတည်ပြုခြင်းကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ခြင်း၊ သတ်မှတ်ကာလအတွင်း မဲဆွယ်စည်းရုံးခွင့်ပြုခြင်းတို့ လုပ်ဆောင်ရသည်။
ထို့အပြင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင် များနှင့် ဝန်ထမ်းများအား ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများ ပိုမိုကျွမ်းကျင်မှုရှိရန် ဥပဒေ၊ နည်းဥပဒေများနှင့် လုပ်ငန်းလမ်းညွှန်များဆိုင်ရာ မွမ်းမံသင်တန်းများဖွင့်လှစ်ပို့ချခြင်းနှင့် ပြည်သူလူထု နှင့်မဲဆန္ဒရှင်များအား ရွေးကောက်ပွဲအသိပညာပေး ဆောင်ရွက်ခြင်းလုပ်ငန်းများကို ပြန်ကြားရေး ဝန်ကြီးဌာန၊ ပြင်ပမီဒီယာများ၊ နိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရ သည်။ ရွေးကောက်ပွဲအသုံးစရိတ်ကို ဘဏ္ဍာနှစ် အလိုက် လျာထားတောင်းခံခြင်းနှင့် ခွဲဝေချထားခြင်း၊ မဲလက်မှတ်နှင့် ကြိုတင်မဲစာအိတ်များရိုက်နှိပ်ရေး နှင့် လျာထားရက်များအတိုင်း ထုတ်ယူရရှိပြီး ဖြန့်ဝေပေးနိုင်ရေးအတွက် ပြန်ကြားရေးဝန်ကြီး ဌာနနှင့် ညှိနှိုင်းဆောင်ရွက်ရသည်။ မဲလက်မှတ်နှင့် စာအိတ်များပေးပို့ခြင်း၊ မဲရုံသုံးအထောက်အကူ ပစ္စည်းများ ဖြန့်ဝေပေးပို့ခြင်းများ စီမံဆောင်ရွက်ရ ပြီး လမ်းခရီးနှင့်ဆက်သွယ်ရေးခက်ခဲသောဒေသ များသို့ ပို့ဆောင်ရာတွင် သတ်မှတ်ကာလအတွင်း ရောက်ရှိရေးအတွက် ကာကွယ်ရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းပြီး တပ်မတော်ပိုင်လေယာဉ်၊ ရဟတ်ယာဉ်၊ သင်္ဘောများဖြင့် ပို့ဆောင်ပေးရသည်။
ရွေးကောက်ပွဲလုပ်ငန်းစဉ်များတွင် အားလုံး ပါဝင်မှု မြှင့်တင်ရေးလုပ်ငန်းစဉ်အရ လူမှုအဖွဲ့ အစည်းများ၊ ကဏ္ဍစုံမှပူးပေါင်းဆောင်ရွက်သည့် ဌာန/အဖွဲ့အစည်းများအပါအဝင် ပြင်ပအဖွဲ့အစည်း များနှင့် ဆက်ဆံရေးကို ဆောင်ရွက်ရသည်။ နိုင်ငံ ရေးပါတီများ တည်ထောင်/မှတ်ပုံတင်ခွင့်ကိစ္စများ၊ ရွေးကောက်ပွဲတွင် အနည်းဆုံးဝင်ရောက်ယှဉ်ပြိုင် ရမည့် မဲဆန္ဒနယ်သတ်မှတ်ချက်နှင့် နိုင်ငံပိုင်မီဒီယာ များမှဟောပြောထုတ်လွှင့်ခွင့် ကိစ္စများနှင့်စပ်လျဉ်း ၍ နိုင်ငံရေးပါတီများနှင့် တွေ့ဆုံညှိနှိုင်းဆွေးနွေး ရသည်။ သတ်မှတ်မဲဆန္ဒနယ်အရေအတွက် မယှဉ် ပြိုင်နိုင်သော နိုင်ငံရေးပါတီများကို ဖျက်သိမ်းခြင်း များ ဆောင်ရွက်ရသည်။
ထို့အတူ ရွေးကောက်ပွဲတွင် အဓိကပါဝင် ဆောင်ရွက်ရမည့် မဲရုံအဖွဲ့များ ဖွဲ့စည်းတာဝန် ပေးအပ်ခြင်း၊ တစ်နိုင်ငံလုံးရှိ မဲရုံမှူး၊ ဒုတိယမဲရုံ မှူးနှင့် မဲရုံဝန်ထမ်းပေါင်း ငါးသိန်းခန့်ကို မဲရုံလုပ်ငန်း ဆိုင်ရာသင်တန်းများပို့ချရသည်။ မသန်စွမ်းသူများ အပါအဝင် မဲဆန္ဒရှင်များ မဲရုံများတွင် အဆင်ပြေစွာ မဲပေးနိုင်ရေးညွှန်ကြားခြင်းများ ဆောင်ရွက်ရသည်။
ထို့နောက် မဲဆန္ဒနယ်ပြင်ပကြိုတင်ဆန္ဒမဲပေးခြင်း လုပ်ငန်းစဉ်အရ အစိုးရ၏ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပရောက်ရှိနေသော မဲဆန္ဒရှင်များနှင့် ပြည်တွင်းရှိ မဲဆန္ဒနယ်ပြင်ပရောက်နေသူများ ကြိုတင်ဆန္ဒမဲပေးခြင်းကို သတ်မှတ်ချက်နှင့်အညီဆောင်ရွက်ရသည်။ ၎င်းနောက် မဲဆန္ဒနယ်အတွင်း ကြိုတင်ဆန္ဒမဲပေးခြင်းကို သက်ဆိုင်ရာရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲများက ဥပဒေနှင့်အညီ ကြီးကြပ်ဆောင်ရွက်ရသည်။ ရွေးကောက်ပွဲ လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ မီဒီယာများသတင်း ရယူခွင့်နှင့် ပြည်တွင်းပြည်ပ ရွေးကောက်ပွဲလေ့လာ ရေးအဖွဲ့များလေ့လာခွင့်တို့ကို သတ်မှတ်စည်းကမ်း နှင့်အညီ ခွင့်ပြုပေးရသည်။
အလားတူ ရွေးကောက်ပွဲနှင့်စပ်လျဉ်းသည့် သင်တန်းများနှင့် မဲရုံအဖွဲ့ဝင်များ၊ ရပ်/ကျေး ကော်မရှင်အဖွဲ့ဝင်များအတွက် အသုံးစရိတ်များ၊ သယ်ယူပို့ဆောင်စရိတ်၊ ရုံးသုံးစာရေးကိရိယာ အပါအဝင် ကုန်ကျမည့်ဘဏ္ဍာငွေအသုံးစရိတ်များ ကို သက်ဆိုင်ရာငွေစာရင်းခေါင်းစဉ်အလိုက် အသေး စိတ်တွက်ချက်၍ ခွဲဝေချထားပေးရသည်။ ထို့အတူ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ လစ်ဟာမှုနှင့် မှားယွင်းမှုမရှိရေး ကော်မရှင်အဖွဲ့ခွဲအသီးသီးသို့ ထပ်မံအသိပေးညွှန်ကြားခြင်းများ ဆောင်ရွက်ရ သည်။ ယင်းနောက်တွင်ကား ရွေးကောက်ပွဲကျင်းပ သည့်နေ့တွင် ကြိုတင်ဆန္ဒမဲပေးပြီးသူများမှအပ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ လာရောက်ဆန္ဒမဲပေးခြင်း ဖြင့် ရွေးကောက်ပွဲကျင်းပခြင်းဖြစ်သည်။ ၎င်းနောက် မဲရေတွက်ခြင်း၊ ရလဒ်စာရင်းများ ရေးသွင်းခြင်း၊ သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်က အတည်ပြုပေးပို့ခြင်းများ ဆောင်ရွက်ပြီးနောက် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် ကော်မရှင် အဖွဲ့ခွဲသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ၏ အတည်ပြုချက်ရယူပြီး ရွေးကောက်တင်မြှောက် ခံရသော လွှတ်တော်ကိုယ်စားလှယ်အမည်စာရင်း ကို ထုတ်ပြန်ကြေညာခြင်းဖြစ်သည်။
ရွေးကောက်ပွဲအလွန်ကာလလုပ်ငန်းများ
လွှတ်တော်ကိုယ်စားလှယ်အမည်စာရင်းများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထပ်ဆင့်ကြေညာသည့်ရက်မှ ကိုယ်စားလှယ်အသိ အမှတ်ပြုလွှာများ ထုတ်ပေးပြီးနောက် ကိုယ်စား လှယ်များ လွှတ်တော်တွင် ကတိသစ္စာပြုသည့် နေ့ရက်အထိ ကာလအတွင်း ဆောင်ရွက်ရသော လုပ်ငန်းများဖြစ်သည်။ အရေးကြီးသည့်လုပ်ငန်းစဉ် တစ်ရပ်မှာ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက အတည်ပြု ထုတ်ပြန်ထားသည့် တစ်နိုင်ငံလုံး၏ လွှတ်တော် ကိုယ်စားလှယ်အမည်စာရင်းများကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထပ်ဆင့်ကြေညာ ပြီးနောက် ပြန်ကြားရေးဝန်ကြီးဌာနသို့ ပေးပို့၍ နိုင်ငံပိုင်မီဒီယာများမှ သတင်းထုတ်ပြန်ခြင်းဖြစ် သည်။ အလားတူ လွှတ်တော်အသီးသီးသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် လွှတ်တော်ကိုယ်စား လှယ်လောင်းများ၏ ရွေးကောက်ပွဲကုန်ကျစရိတ် များ သတ်မှတ်ရက်အတွင်းတင်ပြရန် အသိပေး ထုတ်ပြန်ကြေညာခြင်းနှင့် တိုင်းဒေသကြီး/ပြည်နယ် ကော်မရှင်အဖွဲ့ခွဲများသို့ အကြောင်းကြားခြင်းများ ဆောင်ရွက်ရသည်။
ထို့အတူ ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်၊ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော် (တိုင်းရင်းသားလူမျိုးအပါ) အသီးသီး၏ ရွေးကောက်ပွဲ ဆိုင်ရာ ရလဒ်စာရင်းဇယားများနှင့် ရာခိုင်နှုန်းများ ကို ထုတ်ပြန်ကြေညာခြင်းများ ဆောင်ရွက်ရသည်။ အလားတူ လွှတ်တော်အသီးသီးအတွက် တပ်မတော် သား လွှတ်တော်ကိုယ်စားလှယ် အမည်စာရင်း များကို ကာကွယ်ရေးဝန်ကြီးဌာနမှ တောင်းခံပြီး ထုတ်ပြန်ကြေညာရသည်။ ရွေးကောက်ပွဲအစီရင်ခံစာပြုစုခြင်းကို ရွေးကောက်ပွဲကျင်းပပြီးနောက် ၄၅ ရက်အတွင်း ဆောင်ရွက်၍ သက်ဆိုင်ရာဌာန များသို့ ပေးပို့ရသည်။
ဆောင်ရွက်ရသည့် အခြားလုပ်ငန်းများမှာ ရွေးကောက်ပွဲဆိုင်ရာပစ္စည်းများနှင့် မှတ်တမ်းများ ထိန်းသိမ်းရေး၊ လွှတ်တော်ကိုယ်စားလှယ်ကိုယ်ရေး မှတ်တမ်းအကျဉ်းချုပ်ပြုစုရေး၊ ကိုယ်စားလှယ် လောင်းများ၏ ရွေးကောက်ပွဲကုန်ကျစရိတ်များ ပြုစုပေးပို့ရေးတို့အတွက် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများသို့အကြောင်းကြားခြင်းများ ဆောင်ရွက် ရသည်။ အလားတူ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ကော်မရှင် အဖွဲ့ခွဲအဆင့်ဆင့်မှ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအတွက် ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ချီးမြှင့်ခြင်းများ ဆောင် ရွက်ရသည်။
ထိုနည်းတူ ဆောင်ရွက်ရသည့်လုပ်ငန်းမှာ ကျင်းပခဲ့သည့် ရွေးကောက်ပွဲ၏ အားနည်းချက်၊ အားသာချက်များကို လေ့လာသုံးသပ်၍ နောင်ပြုလုပ် မည့်ရွေးကောက်ပွဲများကို အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရန် ရွေးကောက်ပွဲအပြီးပြန်လည်သုံးသပ်ခြင်းကို သက်ဆိုင်သည့်ပုဂ္ဂိုလ်/အဖွဲ့အစည်း အားလုံးနှင့် ဆွေးနွေးဆောင်ရွက်ရသည်။ အလားတူ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြ သည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ ရွေးကောက်ပွဲဝင်ခွင့် အာမခံငွေများနှင့်စပ်လျဉ်း၍ ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်ရသည်။ ထို့အပြင် ရွေးကောက်ပွဲတွင် ပေါ်ပေါက်လာသော တရားမဲ့ပြု ကျင့်မှုနှင့် အငြင်းပွားမှုများအတွက် တင်သွင်းလာ သည့် ရွေးကောက်ပွဲကန့်ကွက်လွှာအမှုများကို ရွေးကောက်ပွဲခုံအဖွဲ့များဖွဲ့စည်း၍ စစ်ဆေးခြင်းများ ဆက်လက်ဆောင်ရွက်ရသည်။ ထိုနည်းတူစွာပင် အကြောင်းအမျိုးမျိုးကြောင့် လျော့နည်းသွားသော လွှတ်တော်ကိုယ်စားလှယ်များနေရာတွင် အစားထိုး ဖြည့်တင်းခြင်းကို ဆက်လက်ဆောင်ရွက်ရပါသည်။
နိဂုံး
အထက်ဖော်ပြပါမြားမြောင်လှသည့် လုပ်ငန်း တာဝန်များမှာ ရွေးကောက်ပွဲစက်ဝန်းပါကာလ သုံးပါးဖြစ်သည့် ရွေးကောက်ပွဲအကြိုကာလ၊ ရွေးကောက်ပွဲကာလနှင့် ရွေးကောက်ပွဲအလွန် ကာလတို့၌ ဆောင်ရွက်ရသည့်လုပ်ငန်းစဉ် အကျဉ်း မျှသာဖြစ်သည်။ ယင်းလုပ်ငန်းစဉ်များသည် ရွေးကောက်ပွဲတစ်ခုနှင့်တစ်ခုကြား အကြားအလပ် မရှိ တစ်ဆက်တစ်စပ်တည်းရှိနေကြသည်။ အချို့ လုပ်ငန်းစဉ်များသည် ရွေးကောက်ပွဲစက်ဝန်းပါ ကာလတစ်ခုတည်းတွင်သာမက ကာလ နှစ်ခု/ သုံးခုလုံးနှင့် အကျုံးဝင်ပြီး ဆက်လက်ဆောင်ရွက်ရ သည်များလည်း ရှိပါသည်။
ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးဖော် ဆောင်လျက်ရှိသည့် မိမိတို့နိုင်ငံတွင် နိုင်ငံသား အားလုံးသည် ဒီမိုကရေစီအခွင့်အရေးများတန်းတူ ရရှိမည်ဖြစ်သကဲ့သို့ လိုက်နာဆောင်ရွက်ရမည့် တာဝန်များလည်းရှိပါသည်။ ဤဒီမိုကရေစီ တာဝန် နှင့်အခွင့်အရေးကို မှန်ကန်စွာ ကျင့်သုံးလိုက်နာ ဆောင်ရွက်ရပါမည်။ ရွေးကောက်ပွဲတစ်ရပ် အောင်မြင်စွာကျင်းပနိုင်ရန်အတွက် နိုင်ငံတော် အစိုးရ၊ ကော်မရှင်နှင့် ကော်မရှင်အဖွဲ့ခွဲများ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ နိုင်ငံရေးပါတီများ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ လူမှုအဖွဲ့ အစည်းများ၊ မီဒီယာများ၊ ရွေးကောက်ပွဲလေ့လာ သူများ၊ မဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ၊ မဲဆန္ဒရှင်ပြည်သူ များအပါအဝင် နိုင်ငံသားအားလုံးသည် သက်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့် မိမိတို့တာဝန်ကို ကောင်းစွာသိရှိနားလည်ပြီး ကျေပွန်စွာ ဆောင်ရွက်ရန်လိုအပ်ပါသည်။
ရွေးကောက်ပွဲတစ်ခု၏စံနှုန်းကို လွတ်လပ်ပြီး တရားမျှတမှု ရှိ၊ မရှိ Free and Fair ဖြစ်၊ မဖြစ် ဟူသောပေတံဖြင့် တိုင်းတာကြသည်။ ရွေးကောက်ပွဲ တွင်မဲဆန္ဒရှင်များသည် မည်သည့်ဖိအား၊ နှောင်ကြိုး မျှမပါဘဲ မိမိဆန္ဒကိုလွတ်လပ်စွာထုတ်ဖော်ခွင့်ရရှိရန်လိုအပ်သည်။ ထိုအခြေအနေမျိုးရရှိအောင်လည်း ဖန်တီးစီစဉ်ပေးရမည်ဖြစ်သည်။ အခြေခံလိုအပ်ချက် မှာ မဲဆန္ဒနယ်မြေများ၏ လုံခြုံရေး၊ တည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးရှိရန်ဖြစ် သည်။ သက်ဆိုင်သူအားလုံး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်သည်။
အချုပ်အားဖြင့် တင်ပြလိုသည်မှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ဆောင်ပုဒ်ဖြစ်သည့် “အများယုံကြည်လက်ခံသည့် ရွေးကောက်ပွဲမှသည် ဒီမိုကရေစီနိုင်ငံသို့ ” (Credible Elections Paving The Way To Democracy) လှမ်းချီနိုင်ရေးနှင့် နိုင်ငံတော်၏မျှော်မှန်းချက်ဖြစ်သော အေးချမ်း သာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး နိုင်ငံသား အားလုံးက စည်းလုံးညီညွတ်စွာ ပူးပေါင်း ဆောင်ရွက်ကြပါရန် နှိုးဆော်တိုက်တွန်းအပ်ပါ သည်။ ။
- Log in to post comments