အယ်ဒီတာ့အာဘော်
============
ရွေးကောက်ပွဲအောင်မြင်ရေး လက်တွဲဝန်းရံ
=========================
ပြည်ထောင်စုမြန်မာနိုင်ငံတော်တစ်ဝန်း၌ ယခု နိုဝင်ဘာလ ၈ ရက်နေ့တွင် အထွေထွေရွေးကောက်ပွဲ ကျင်းပတော့မည်ဖြစ်သည်။ နိုင်ငံရေးပါတီများ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများအနေဖြင့် ရွေးကောက်ပွဲမကျင်းပမီ ရက်ပေါင်း ၆၀ ကာလအတွင်း ထုတ်ပြန်ထားသော ဥပဒေစည်းကမ်းများ နှင့်အညီ မဲဆွယ်စည်းရုံးရေးလုပ်ငန်းစဉ်များ လုပ်ကိုင်ခဲ့ကြရာ ယနေ့ည ၁၂ နာရီမှစ၍ ထိုလုပ်ငန်းစဉ်များအားလုံး ပြီးဆုံးပြီဖြစ်သည်။
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများသည် ဒီမိုကရေစီစနစ် ၏ အခြေခံအနှစ်သာရဖြစ်ပြီး ဒီမိုကရေစီနိုင်ငံများရှိ ပြည်သူလူထုအားလုံး အထူးစိတ်ဝင်စားသည့် အရေးကိစ္စဖြစ်သည်။ ယခုအခါ မြန်မာနိုင်ငံ၌ ရွေးကောက်ပွဲများ တည်ငြိမ်အေးချမ်း အောင်မြင်စွာကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်ပြည်သူများ လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးဦးအား လွတ်လပ်စွာဆန္ဒပြုနိုင်ရေးအတွက် နိုင်ငံရေးပါတီများ၊ လွှတ်တော် ကိုယ်စားလှယ်လောင်းများ၏ မဲဆွယ်စည်းရုံးရေးလုပ်ငန်းစဉ်များကို ယနေ့မှ စ၍ နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲကျင်းပပြီးသည်အထိ ရပ်နား ထားရမည် ဖြစ်သည်။
ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးမှုများ ရပ်နားထားစဉ်ကာလအတွင်း သက်ဆိုင်ရာပါတီနှင့် ပုဂ္ဂိုလ်များအနေဖြင့် လူမှုကွန်ရက်စာမျက်နှာများ၊ ဆိုရှယ်မီဒီယာများမှ မဲဆွယ်စည်းရုံးရာ ရောက်သည့် အကြောင်းအရာများကို လွှင့်တင်ခြင်းများ မပြုလုပ်မိစေရန် အထူးသတိပြုရမည်ဖြစ်သည်။ ယခုအခါ အသက် ၆၀ နှင့်အထက် ကြိုတင် မဲပေးရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ရာတွင် အဆင်မပြေမှုများ၊ အခက်အခဲများရှိခဲ့သော်လည်း ယင်းတို့ကို သက်ဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီများက အပြုသဘောဖြင့် မှန်ကန်စွာပေါင်းစပ်ညှိနှိုင်း၍ အဆင်ပြေ အောင် ဖြေရှင်းပေးနိုင်မှုများမှာ ကျေးဇူးတင်စရာဖြစ်သည်။ တစ်ချိန်တည်း တွင် ကြိုတင်မဲပေးရေးကာလအတွင်း မမှန်မကန်ဆောင်ရွက်ခဲ့ကြသူအချို့ အား လွှတ်တော်ရွေးကောက်ပွဲ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မှုများ ကိုလည်း တွေ့ရသည်။
ကြိုတင်ဆန္ဒမဲများ ရယူခြင်းနှင့်ပတ်သက်၍ အချို့သော နိုင်ငံရေး ပါတီများနှင့် နိုင်ငံရေးပါတီမှ တာဝန်ရှိသူများသည် ကြိုတင်မဲဆိုင်ရာ သတင်း အချက်အလက်များအား ပြောကြားခြင်း၊ ရေးသားခြင်းတို့ကို လူမှုကွန်ရက် များပေါ်တွင် ပြုလုပ်လာကြသည်။ အဆိုပါ ရေးသား၊ ပြောဆို၊ ထုတ်လွှင့်မှု များတွင် မှန်ကန်သော သတင်းအချက်အလက်များ ပါရှိသကဲ့သို့ မဟုတ် မမှန်သော သတင်းအချက်အလက်များ၊ ချဲ့ကားထားသော သတင်းအချက် အလက်များ၊ မှန်ကန်သော သတင်းအချက်အလက်များကို ဖုံးကွယ်၍ မဲဆန္ဒရှင် ပြည်သူများ ထင်ယောင်ထင်မှားဖြစ်စေသည့် သတင်းအချက်အလက်များ၊ ကိုယ်တိုင်တိုက်ရိုက်သိရှိခြင်းမရှိဘဲ ထပ်ဆင့် ကြားသိရချက်အပေါ် အခြေပြု ထားသည့် သတင်းအချက်အလက်များ ပါဝင်နေသည်။
မမှန်ကန်သော သတင်းအချက်အလက်များ၊ အခြေအမြစ်မရှိသော သတင်းအချက်အလက်များကို ပြောဆို၊ ရေးသား၊ ဖြန့်ချိမှုများ ပြုလုပ်ခြင်း သည် ဆန္ဒမဲပေးခြင်း ပျက်ပြားစေရန်ဖြစ်စေ၊ ရွေးကောက်ပွဲပျက်ပြားစေရန် ဖြစ်စေ လုပ်ဆောင်ရာရောက်ပေသည်။ ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခြင်းသည် နိုင်ငံ၏ဂုဏ်သိက္ခာပင် ဖြစ်သည်။ ပြည်သူ့ဆန္ဒနှင့် ရွေးကောက်ပွဲရလဒ် တစ်ထပ်တည်းကျပြီး မျှတရမည်၊ လွတ်လပ်ရမည်၊ ပွင့်လင်းမြင်သာမှုရှိရမည်၊ အများယုံကြည်လက်ခံနိုင်ရမည် စသည့် စံငါးချက် နှင့်အညီ ကော်မရှင်က ဆောင်ရွက်နေသည်ကို တွေ့နေရသည်။
လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရေးသည် လက်ရှိ အစိုးရ၏ ဦးစားပေးမူဝါဒဖြစ်သည်။ ကော်မရှင်အနေဖြင့် စံငါးချက်နှင့်အညီ နိုင်ငံတစ်ဝန်းလုံးတွင် ရွေးကောက်ပွဲများ ကျင်းပနိုင်ရန် ရှိသည့်အင်အားဖြင့် အစွမ်းကုန်ဆောင်ရွက်နေသော်လည်း အခက်အခဲများ၊ လိုအပ်ချက်များ ရှိမည်ဖြစ်သည်။ အပြုသဘောဆောင်သည့် ဝေဖန်ထောက်ပြမှုများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် လျစ်လျူရှုထားမည် မဟုတ်ပေ။ လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲများ ကျင်းပနိုင်ရန် ထုတ်ပြန်ထားသည့် အမိန့်၊ ညွှန်ကြားချက်၊ ဥပဒေ၊ စည်းကမ်းများကို အားလုံး လေးစားလိုက်နာဖို့လိုသည်။ ရွေးကောက်ပွဲဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို အားလုံးအလေးထားလုပ်ကိုင်ဖို့လိုသည်။ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ရန် တစ်နိုင်ငံလုံး ဝိုင်းဝန်းလက်တွဲ ကူညီဆောင်ရွက်ရမည့်အချိန်အခါ ဖြစ်သည်။
သို့ဖြစ်ရာ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးသည် မြန်မာနိုင်ငံနှင့် မြန်မာပြည်သူ ပြည်သားများ ၏ ဂုဏ်သိက္ခာနှင့်သက်ဆိုင်သဖြင့် ရွေးကောက်ပွဲပျက်ပြားစေမည့် အချိန်ကိုက် လှုပ်ရှားမှုများအား ပြည်သူအားလုံးသတိထားပြီး နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲများ အောင်မြင်စွာဖြစ်မြောက်ရေးအတွက် တစ်စိတ်တစ်ဝမ်းတည်း လက်တွဲဝန်းရံကြရမည် ဖြစ်ပါကြောင်း။ ။