ရှေးဟောင်းသမိုင်းဝင် သီပေါပေါ်ကြိုဘုရားကြီး ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပမည်

သီပေါ မတ် ၅ ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့နယ် ပေါ်ကြို ကျေးရွာ၌ ရှေးနှစ်ပေါင်း ၂၀၀၀ ကျော်က သီရိ ဓမ္မာသောကမင်းကြီး တည်ထားကိုးကွယ်ခဲ့သော ရှေးဟောင်းသမိုင်းဝင် ပေါ်ကြိုဘုရားကြီး အစဉ် အလာမပျက် ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော်ကို မြို့နယ်သံဃနာယကအဖွဲ့၏ ဩဝါဒကို ခံယူ၍ ဘုရားကြီးဂေါပက ဥက္ကဋ္ဌ ဦးဆန်စိုင်းသာညွန့်နှင့် ဂေါပကအဖွဲ့ဝင်များက ကိုဗစ်-၁၉ ကာကွယ်ရေး ဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပ ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။ ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်ကို တပေါင်းလဆန်း ၁၀ ရက်မှ လပြည့်ကျော် ၁ ရက် (မတ် ၁၁ ရက်မှ ၁၇ ရက်) အထိ အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ် ပူဇော်ခြင်း၊ သံဃာတော်အရှင်သူမြတ်များအား ဆွမ်းဆက်ကပ်ပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ လှူဒါန်းခြင်း၊ ဆွမ်းဆန်စိမ်းလောင်းလှူခြင်း၊ ရှေးဟောင်းသမိုင်းဝင် ပေါ်ကြိုဘုရားကြီး မုခ်လေး မုခ်၌ စံပယ်‌တော်မူသော ရတနာရန်အောင်၊ ရတနာမာန်အောင်၊ ရတနာဉာဏ်အောင်နှင့် ရတနာစျာန်အောင်မြတ်ဘုရား လေးဆူတို့ကို ရွှေသင်္ကန်းများ ကပ်လှူခြင်း စသည့်ကောင်းမှု ကုသိုလ်များ ပါဝင်လှူဒါန်းနိုင်ရေး ရပ်ဝေးရပ်နီးမှ ဗုဒ္ဓနွယ်ဝင်များကို ဘုရားဂေါပကအဖွဲ့က ဖိတ်ကြား နှိုးဆော်ထားကြောင်း သိရသည်။ စိုင်း(သီပေါ)