
ရန်ကုန် နိုဝင်ဘာ ၁၅
ကုန်သည်လမ်းရှိ အမျိုးသားစာကြည့်တိုက်(ရန်ကုန်) ကမ်းနားလမ်းရှိ အကောက်ခွန်ရုံးနှင့် သိမ်ဖြူလမ်းရှိ ဝန်ကြီးများရုံး (အတွင်းဝန်ရုံး) အဆောက်အအုံများတွင် ရှေးဟောင်းအဆောက်အအုံကမ္ပည်းမော်ကွန်း ကြေးပြားတပ်ဆင်ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် သက်ဆိုင်ရာအဆောက်အအုံများ၌ ကျင်းပသည်။
ကမ္ပည်းမော်ကွန်း တပ်ဆင် ခြင်းအခမ်းအနားသို့ သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ရန်ကုန်တိုင်းဒေသကြီး သယံ ဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ လူမှုရေးဝန်ကြီး ဦးအောင်ဝင်း သိန်း၊ စည်ပင်သာယာရေး ကော်မတီ ဒုတိယဥက္ကဋ္ဌ (ဒုတိယ မြို့တော်ဝန်) ဦးညီညီ၊ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့် အရာ ထမ်းများ၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ဖိတ် ကြားထားသော ဧည့်သည်တော် များ တက်ရောက်ကြသည်။
အခမ်းအနားတွင်ပြည်ထောင် စုဝန်ကြီး ဦးကိုကိုက သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ ၂၀၁၅ ခုနှစ် ရှေးဟောင်းအဆောက် အအုံများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေ ပုဒ်မ ၃၄၊ ပုဒ်မခွဲ (ခ) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံးပြီး မြန်မာနိုင်ငံအတွင်း ပြည်နယ်နှင့်တိုင်းဒေသကြီး ၁၁ခု တွင် နှစ်တစ်ရာသက်တမ်းအထက် ရှိ အဆောက်အအုံပေါင်း ၂၀၈ လုံး ကို ရှေးဟောင်းအဆောက်အအုံ အဖြစ် အမိန့်ကြော်ငြာစာထုတ် ပြန် သတ်မှတ်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း တွင် ရှေးဟောင်းအဆောက်အအုံ ပေါင်း ၁၂၄ လုံးကို သတ်မှတ်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ရှေးဟောင်း အဆောက်အအုံများကို ဥပဒေ၊ နည်းပဒေများဖြင့် ကာကွယ် စောင့်ရှောက်သည့်အပြင် ရှေး ဟောင်း အဆောက်အအုံများကို ပြုပြင်ထိန်းသိမ်းရာတွင် ရှေး ဟောင်းလက်ရာများ မပျောက် မပျက်စေရေးနှင့် အဆိုပါ ရှေးဟောင်းအဆောက်အအုံများ သည် ရှေးဟောင်းအဆောက်အအုံ များဖြစ်ကြောင်း ထင်ရှားသိသာ စေရန် ဖော်ပြထားရန်လိုအပ်မည် ဖြစ်ပါကြောင်း၊ သို့မှသာ ရှေး ဟောင်းအဆောက်အအုံများ၏ ပုံသဏ္ဌာန်၊ တည်ဆောက်ပုံနည်း စနစ်၊ မူလလက်ရာများ၏ တန်ဖိုး အခြေအနေများကို သိရှိပြီး ထိန်း သိမ်းကာကွယ်စောင့်ရှောက်သွား နိုင်ကြမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ရန်ကုန်တိုင်း ဒေသကြီး လူမှုရေးဝန်ကြီး ဦးအောင်ဝင်းသိန်းက ရှေးဟောင်း အဆောက်အအုံ ကမ္ပည်းမော် ကွန်းကြေးပြား တပ်ဆင်ရခြင်းနှင့် စပ်လျဉ်း၍လည်းကောင်း၊ ရှေး ဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဒေါက်တာကျော်ဦးလွင် က ရှေးဟောင်းအဆောက်အအုံ များတွင် ကမ္ပည်းမော်ကွန်း တပ်ဆင်ရခြင်း ရည်ရွယ်ချက်တို့ နှင့် ပတ်သက်၍လည်းကောင်း ရှင်းလင်းပြောကြားသည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးသည် ကုန်သည်လမ်းရှိ အမျိုးသား စာကြည့်တိုက် (ရန်ကုန်)၊ ကမ်းနားလမ်းရှိ အကောက်ခွန်ရုံးနှင့် သိမ်ဖြူ လမ်းရှိ ဝန်ကြီးများရုံး(အတွင်းဝန် ရုံး) အဆောက်အအုံ (အပေါ်ပုံ)တို့ရှိ ရှေးဟောင်းအဆောက်အအုံ ကမ္ပည်းမော်ကွန်းကြေးပြားကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည်များ ပက်ဖျန်း ပေးသည်။
ထို့နောက် အဆောက်အအုံ သုံးလုံးကို လက်ရှိထိန်းသိမ်း စောင့်ရှောက်နေသည့် ဌာနဆိုင်ရာ များ၊ အဖွဲ့အစည်းများမှ တာဝန်ရှိ သူများက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြသည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် အကောက် ခွန်ရုံး အဆောက်အအုံကမ္ပည်း ကြေးပြား တပ်ဆင်အပြီးတွင် အကောက်ခွန်ရုံးအတွင်း ခင်း ကျင်းပြသထားရှိသည့် အကောက် ခွန်ပြခန်းအတွင်း လှည့်လည် ကြည့်ရှုလေ့လာကြသည်။
ယနေ့ အမွေအနှစ်ကမ္ပည်းမော်ကွန်းကြေးပြားတပ်ဆင်သည့် အမျိုးသား စာကြည့်တိုက်သည် ၁၉၀၈ ခုနှစ်က ဗြိတိသျှရေနံစီးပွား ရေးလုပ်ငန်း တစ်ခုဖြစ်သည့် ဘီအိုစီကုမ္ပဏီ၏ ရုံးစိုက်ရာ အဆောက်အအုံဖြစ်ခဲ့၍ လွတ်လပ် ရေးရပြီးနောက် ၁၉၆၃ ခုနှစ်တွင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းဆောင်ရွက်ရာ ရုံးဌာန တစ်ခုဖြစ်ခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၏ အမျိုးသား စာကြည့်တိုက်အဖြစ် ယနေ့တိုင် ဖွင့်လှစ်လျက်ရှိသည်။
ရှေးဟောင်းအဆောက်အအုံ စာရင်းဝင်ဖြစ်သည့် အကောက်ခွန် ရုံးသည် ယခင် ၁၈၅၃ ခုနှစ်က တည်ဆောက်ခဲ့သည့် သစ်သား အဆောက်အအုံနေရာတွင် ယခု မြင်တွေ့နေရသည့် အဆောက် အအုံကို ၁၉၁၃ ခုနှစ်မှ စတင် ဆောက်လုပ်ခဲ့ကာ ၁၉၁၅ ခုနှစ် တွင် တည်ဆောက်ပြီးစီးခဲ့သည်။ မျက်နှာစာဘက်တွင် နာရီစင်ပါရှိ သည့် မျှော်စင်အဆောင်နှင့် အလင်းနှင့် လေဝင်လေထွက် ကောင်းစေရန်လည်း ထည့်သွင်း တည်ဆောက် ထားကြောင်း တွေ့ရှိရသည်။
ဝန်ကြီးများ ရုံးဖြစ်သည့် အတွင်းဝန်ရုံးသည် ရှေးယခင်က မြင်းခင်းသဘင် ကျင်းပခဲ့သည့် နေရာဖြစ်ခဲ့ပြီး ယခုအဆောက် အအုံကို ၁၈၈၉ ခုနှစ်မှ စတင်ကာ ၁၉၀၅ ခုနှစ်တွင် တည်ဆောက် ပြီးစီးခဲ့သည်။
နိုင်ငံ ခေါင်းဆောင်ကြီးများ နိုင်ငံ့အရေး ဆောင်ရွက်နေစဉ် လုပ်ကြံခံခဲ့ရသည့် သမိုင်းဝင် နေရာလည်း ဖြစ်သည့်အပြင် ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် မြန်မာတို့၏ လွတ်လပ်ရေးကို ဦးဆုံးထုတ်ပြန် ကြေညာခဲ့ရာ နေရာလည်းဖြစ်သည်။
ယနေ့ကမ္ပည်းမော်ကွန်းတပ် ဆင်ခဲ့သည့် ကိုလိုနီခေတ် ရှေး ဟောင်းအဆောက်အအုံများသည် ရန်ကုန်မြို့တွင်သာမက မြန်မာ နိုင်ငံတစ်ဝန်းလုံးတွင် မြောက်မြား စွာ တည်ရှိနေသည့်အတွက် ရှေးဟောင်းအဆောက်အအုံများ အပါအဝင် ယဉ်ကျေးမှုအမွေအနှစ် များကို နောင်မျိုးဆက်သစ်များ တိုင်အောင် ရေရှည်တည်တံ့စေရန် အတွက် နိုင်ငံတော်နှင့်အတူ ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်း ပူးပေါင်းပါဝင် ကာကွယ်ထိန်းသိမ်း ကြရမည်ဖြစ်သည်။
သတင်းစဉ်