
ညောင်ဦး နိုဝင်ဘာ ၁၇
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ရွှေစည်းခုံစေတီတော်ကြီး၏ (၉၆၄) ကြိမ်မြောက် တန်ဆောင်တိုင် ဗုဒ္ဓပူဇနိယပွဲတော်ကို အစဉ် အလာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း ရွှေစည်းခုံဘုရား ဂေါပကအဖွဲ့ထံမှ သိရသည်။
ရွှေစည်းခုံစေတီတော်ကြီး၏ (၉၆၄)ကြိမ်မြောက် တန်ဆောင်တိုင်ဗုဒ္ဓပူဇနိယ ပွဲတော်ကို နိုဝင်ဘာ ၂၃ ရက်မှ ဒီဇင်ဘာ ၃ ရက်အထိ စေတီတော်ပရိဝုဏ် အတွင်းရှိ ရှင်အရဟံ သိမ်တော်ကြီး အတွင်း သံဃာတော်အရှင်သူမြတ်များက အသံမစဲ ပဋ္ဌာန်းတရားတော်များကို ရွတ်ဖတ်ပူဇော်ခြင်း၊ နိုဝင်ဘာ ၂၇ ရက် နံနက်ပိုင်းတွင် ရွှေစည်းခုံစေတီတော် ဘုရားကြီး အင်္ဂါထောင့် မဏ္ဍပ်အတွင်း တွင် ညောင်ဦးမြို့နယ်အတွင်းရှိ သံဃာ တော်၊ သာမဏေအပါး ၇၁၄ ပါးတို့အား ဆွမ်းသပိတ်လုံးနှင့် ငွေပဒေသာပင်များ ဆက်ကပ်လှူဒါန်းခြင်း၊ နိုဝင်ဘာ ၂၁ ရက် နှင့် ၂၂ ရက်တို့တွင် ၃၇ နတ်နန်းရှေ့တွင် အတွင်း ၃၇ မင်း၊ အပြင် ၃၇ မင်းတို့ အား ပူဇော်ပသသည့် နတ်ကနားပွဲ ကျင်းပခြင်း၊ တန်ဆောင်မုန်းလပြည့်၊ (နိုဝင်ဘာ ၂၇ ရက်) တွင် ညောင်ဦးမြို့ နယ်အတွင်း၊ ပြင်ပကုသိုလ်ရှင်များက ဆွမ်းသပိတ်လုံး၊ ငွေပဒေသာပင်နှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း၊ တန်ဆောင်မုန်းလပြည့်နေ့ နံနက်ပိုင်း တွင် စေတီတော်ကြီးအား ဗုဒ္ဓါဘိသေက ဘုရားအနေကဇာတင်ခြင်း၊ တန်ဆောင် မုန်းလပြည့်နေ့ ညပိုင်းတွင် ဆီမီး ငါးထောင် ဆက်ကပ်ပူဇော်ခြင်းတို့ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ညောင်ဦးမြို့ အမှတ် (၄) နယ်မြေအတွင်းရှိ ရပ်ကွက်များက ငွေဆွမ်းလောင်းလှူ ရန်စီတန်းလှည့်လည် ၍ စေတီတော်ကြီးသို့ လာရောက် ထည့်ဝင်လှူဒါန်းကြခြင်း၊ ညောင်ဦးမြို့ အမှတ် (၅) နယ်မြေအတွင်းရှိ ရပ်ကွက် များက ငွေဆွမ်းလောင်းလှူရန် စီတန်း လှည့်လည်၍ စေတီတော်ကြီးသို့ လာရောက် ထည့်ဝင်လှူဒါန်းကြခြင်းများ နှင့် စေတီတော်ကြီးတောင်ဘက်ကွင်း တွင် စုပေါင်းဈေးရောင်းပွဲတော်တို့ဖြင့် အစဉ်အလာမပျက် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
ဒီပါလင်း