
နေပြည်တော် မေ ၂၁
စိုက်ပျိုးရေးဘွဲ့ရများအသင်း (AUAA)က ဦးဆောင် ကျင်းပသော (၂၃) ကြိမ်မြောက် ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ် အငြိမ်းစား ဆရာကြီး ဆရာမကြီးများ ပူဇော်ကန်တော့ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်း က နေပြည်တော် ရေဆင်းစိုက်ပျိုးရေးသုတေသနဦးစီးဌာန နဝရတ်ခန်းမ၌လည်းကောင်း၊ ရန်ကုန် နှင့် မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမများ၌လည်းကောင်း တစ်ပြိုင် တည်း ကျင်းပသည်။
အခမ်းအနားသို့ ကန်တော့ခံ အငြိမ်းစား ဆရာကြီး ဆရာမကြီးများ၊ ကျောင်းသား ကျောင်းသူ ဟောင်းများနှင့် မျိုးဆက်သစ် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြပြီး အခမ်းအနားသို့ လူကိုယ်တိုင် တက်ရောက်နိုင်ခြင်းမရှိသည့် ကန်တော့ခံ အငြိမ်းစား ဆရာကြီး ဆရာမကြီးများက အွန်လိုင်းစနစ်ဖြင့် တက်ရောက်ကြသည်။
အခမ်းအနားတွင် စိုက်ပျိုးရေးတက္ကသိုလ်မှ ကွယ်လွန်သူ ဆရာကြီး ဆရာမကြီးများ၊ ကျောင်းဆင်း ကျောင်းသား ကျောင်းသူဟောင်းများကို ရည်စူး ပြုလုပ်သော ကုသိုလ်ကောင်းမှု ဗီဒီယိုမှတ်တမ်းကို တင်ဆက်ပြသပြီး (၁)မိနစ်ခန့် ငြိမ်သက်ကာ ဆုတောင်းမေတ္တာပို့သကြသည်။ ဆက်လက်၍ ဆရာကြီး ဂုဏ်ထူးဦးသိန်းနိုင် ရေးစပ်သီကုံးသော စိုက်ပျိုးရေးတက္ကသိုလ်ဘွဲ့ ထပ်တွန့်သုံးချက်ညီ ရှစ်ဆယ်ပေါ်တေးထပ်ဖြင့် အခမ်းအနားကို ဖွင့်လှစ်သည်။
ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားရာတွင် အမိ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်ကြီးက မွေးဖွားပေး လိုက်သည့် ဘွဲ့ရများအနေဖြင့် နိုင်ငံတကာတက္ကသိုလ် များတွင် ရာနှုန်းပြည့်အောင်မြင်စွာ မဟာသိပ္ပံဘွဲ့ ပါရဂူဘွဲ့များ ရရှိခဲ့ကြခြင်းသည် တက္ကသိုလ်၏ အရည်အသွေးမြင့်မားမှု၊ ဆရာကြီး ဆရာမကြီးများ၏ ကြီးမြတ်သောပညာဂုဏ်နှင့် တပည့်များအပေါ်ထားရှိ သည့် မေတ္တာ ကရုဏာ စေတနာများကြောင့် ဖြစ်ပါ ကြောင်း၊ သို့ပါ၍ ယနေ့ အခမ်းအနားတွင် မေတ္တာ ကရုဏာ စေတနာ ကျေးဇူးများနှင့် အာစရိယဂုဏ်ကို ပူဇော်ကန်တော့ကြရမည်ဖြစ်ကြောင်း၊ အငြိမ်းစား ဆရာကြီး ဆရာမကြီးများ၊ အထူးသဖြင့် အသက် အရွယ်ကြောင့် သွားလာရခက်ခဲသော ဆရာကြီး ဆရာမကြီးများကို အွန်လိုင်းမှ ပူဇော်ကန်တော့ခွင့် ရရှိသည့်အတွက် ဝမ်းမြောက်မိပါကြောင်း၊ ဆရာနှင့် တပည့် ရင်းနှီးနွေးထွေးသော ဆက်ဆံမှုကို အရင်းခံ သော ထူးခြားလှသည့် မြန်မာတို့၏ မြတ်နိုးဖွယ် ရိုးရာယဉ်ကျေးမှုတစ်ရပ်ဖြစ်သည့် အာစရိယပူဇော်ပွဲ ဓလေ့ထုံးတမ်းကို ရေရှည်တည်တံ့စေရေးအတွက် မျိုးဆက်သစ်များအနေဖြင့် လက်ဆင့်ကမ်း ကျင့်သုံး သွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ဆက်လက်၍ အငြိမ်းစား ဆရာကြီး ဆရာမကြီး များအတွက် ကန်တော့ငွေနှင့် ကျန်းမာရေး စောင့်ရှောက်မှု ငွေပဒေသာပင်များကို ပြည်ထောင်စု ဝန်ကြီး(ဝဲပုံ)နှင့် တာဝန်ရှိသူများက ပေးအပ်ကြသည်။
ယနေ့အခမ်းအနားတွင် အငြိမ်းစား ဆရာကြီး ဆရာမကြီး ၁၃၀ ကို တပည့်များက ကန်တော့ချိုးဖြင့် ပူဇော်ကန်တော့ကြရာ ဆရာကြီး ဦးသန်းအောင်၊ ဒေါက်တာ သန်းသန်းရှိန် နှင့် ဒေါက်တာ တင်ထွဋ် တို့က ဆရာကြီး ဆရာမကြီးများကိုယ်စား ဩဝါဒနှင့် ဆုပေးစကားများပြောကြားပြီး အခမ်းအနား ဖြစ်မြောက်ရေးအဖွဲ့ကိုယ်စား ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆွေလင်းက ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်