ရွှေဘိုမြို့နယ်ရှိ စပါးတစ်ဧက အထွက်နှုန်းတိုးတက်ရေး ဧက ၁၀၀ စံပြကွက်တောင်သူများအား သွင်းအားစုနှင့် နည်းပညာသင်တန်းပေး

 

ရွှေဘို  စက်တင်ဘာ  ၂၃


စစ်ကိုင်းတိုင်းဒေသကြီး  ရွှေဘိုမြို့တွင် တိုင်းဒေသကြီး  ကိုယ်စားပြု စပါးတစ်ဧက အထွက်နှုန်းတိုးတက်ရေး တစ်ကွင်းတစ်စပ်တည်း ဧက ၁၀၀   စံပြကွက်တောင်သူများအား    စိုက်ပျိုးရေးသွင်းအားစုနှင့် နည်းပညာသင်တန်းပေးခြင်းကို ယမန်နေ့က ရွှေဘိုမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနရှိ  ရှင်ယွန်းစံခန်းမ၌ ကျင်းပသည်။


ရှေးဦးစွာ  တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ဒုတိယတိုင်းဒေသ ကြီးဦးစီးမှူး ဦးအောင်ကြည်ဝင်းက  စပါးတစ်ဧက အထွက်နှုန်းတိုးတက် ရေး သိပ္ပံနည်းကျစိုက်နည်းစနစ်များအား ဆွေးနွေးပြောကြားပြီး   ဧက ၁၀၀ စံပြကွက်စိုက်ပျိုးလျက်ရှိသော မြင်ချင်းကျေးရွာအုပ်စု ကွင်းအမှတ် ၃၀၃၁ နှင့် ၂၉၆၇ ရှိ တောင်သူ ၂၅ ဦးအား ရွှေကောမက်ကွန်ပေါင်း အိတ် ၁၀၀၊  ကျောက်မှုန့်အိတ် ၁၀၀ နှင့်   ဆီလီကာအိတ် ၂၀ တို့ကို    ပေးအပ်သည်။


ဆက်လက်၍ တောင်သူများအနေဖြင့် သိပ္ပံနည်းကျ စိုက်နည်းစနစ် များကို လိုက်နာကျင့်သုံးခြင်းဖြင့် စပါးအထွက်နှုန်း ပိုမိုထွက်ရှိခြင်းကို တောင်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်၊ မျိုး၊ မြေဩဇာ၊ ပိုးသတ် ဆေး စသည်တို့ကို စနစ်တကျ အချိန်ကိုက် အချိုးကျ ထည့်သွင်းအသုံး ပြုနိုင်စေရန်နှင့် တောင်သူအချင်းချင်း နည်းပညာများ ဖလှယ်ဆွေးနွေး အသုံးပြုတတ်စေရန်   ရည်ရွယ်၍ သိပ္ပံနည်းကျ စိုက်နည်းစနစ် ၁၄ ချက်အကြောင်းကို တောင်သူ ၂၅ ဦးအား သင်တန်းပို့ချခဲ့ကြောင်း  သိရ သည်။


အဆိုပါ တိုင်းဒေသကြီးကိုယ်စားပြု   စပါးတစ်ဧက   အထွက်နှုန်း တိုးတက်ရေးအတွက် သိပ္ပံနည်းကျ စိုက်ပျိုးစနစ်ဖြင့် တစ်ကွင်းတစ်စပ် တည်း ဧက ၁၀၀ စံပြကွက်ရွေးချယ်ခြင်းနှင့် ပတ်သက်၍ မြေယာပြုပြင် ခြင်း၊ ပျိုးထောင်ခြင်း၊ ကောက်စိုက်ခြင်း၊ အပင်ပြုစုခြင်းလုပ်ငန်းများတွင် ခေတ်မီစက်ကိရိယာများကို အသုံးပြုပြီး သဖန်းဆိပ်ဆည်ရေသောက် ဧရိယာတွင် JICA (AIIP) စိုက်ပျိုးရေး   ဝင်ငွေတိုးတက်ရေးစီမံကိန်းဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း  သိရသည်။                

 ခရိုင်(ပြန်/ဆက်)