ရွှေဘိုမြို့နယ်၌ စပါးတစ်ဧက အထွက်နှုန်းတိုးရေး တစ်ကွင်းတစ်စပ်တည်း ဧက ၁၀၀ သိပ္ပံနည်းကျစိုက်ပျိုး

 

ရွှေဘို    ဩဂုတ် ၂၂


စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ်၌  တိုင်းဒေသကြီး ကိုယ်စားပြု         စပါးတစ်ဧက အထွက်နှုန်းတိုးရေးအတွက်   သိပ္ပံနည်းကျ    စိုက်ပျိုး နည်းစနစ်ဖြင့် တစ်ကွင်းတစ်စပ်တည်း ဧက ၁၀၀ စံပြကွက်စိုက်ပျိုး လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 


အဆိုပါ တစ်ကွင်းတစ်စပ်တည်း ဧက    ၁၀၀  စံပြကွက်ကို သဖန်းဆိပ်ဆည်ရေသောက်ဧရိယာတွင်  ပါဝင်သည့်   JICA (AIIP)    စိုက်ပျိုးရေးဝင်ငွေတိုးတက်ရေးစီမံကိန်းဖြင့်   ဆောင်ရွက်လျက်ရှိသော   မြင်ချင်ကျေးရွာရှိ တောင်သူ ၂၅ ဦး၏ စိုက်ဧက ၁၀၀ တွင် ဆောင်ရွက် လျက်ရှိသည်။         

 


ထိုသို့  သိပ္ပံနည်းကျစိုက်နည်းစနစ်များကို    အသုံးပြုခြင်းဖြင့်  တစ်ဧကစပါးအထွက်နှုန်း  အမြင့်ဆုံးအထိ    ပိုမိုထွက်ရှိနိုင်ကြောင်း တောင်သူများအား   ပညာပေးစည်းရုံးရန်အတွက်   လည်းကောင်း၊ ယင်းနည်းစနစ်ကို     တောင်သူများ  ပြည့်ပြည့်ဝဝ       သိရှိလိုက်နာ ဆောင်ရွက်နိုင်စေရန်အတွက် လည်းကောင်း၊   မျိုး၊   ဓာတ်မြေဩဇာ၊ သဘာဝမြေဩဇာစသည့်      သွင်းအားစုပစ္စည်းများကို     အချိုးကျ၊အချိန်ကိုက် စနစ်တကျ ထည့်သွင်းအသုံးပြုတတ်စေရန် လည်းကောင်း၊    တောင်သူအချင်းချင်း  နည်းပညာများဖလှယ် စိုက်ပျိုးလုပ်ကိုင်နိုင်စေ ရန် အတွက်လည်းကောင်း   ရည်ရွယ်၍   ဆောင်ရွက်ရခြင်းဖြစ်ကြောင်း    မြို့နယ်   စိုက်ပျိုးရေးဦးစီးဌာန  ဦးစီးမှူး  ဒေါ်ဇာဇာမင်းက  ပြောသည်။

 


ရွှေဘိုမြို့နယ်တွင် သဖန်းဆိပ်ဆည်ရေသောက်ဧကများသာမက  မိုးကောင်းသောက်ဧကများကို  စပါးသီးနှံစိုက်ပျိုးထုတ်လုပ်လျက် ရှိသော    မြို့နယ်တစ်မြို့နယ်ဖြစ်ပြီး   နှစ်စဉ်စိုက်ပျိုးရာတွင် စပါးသီးနှံ ကို မိုးရာသီတွင် ဧကတစ်သိန်းကျော်နှင့်   နွေရာသီတွင်     သဖန်းဆိပ် ဆည်ရေပေးဝေပါက ဧကခြောက်သောင်းခန့်ဖြင့် တစ်နှစ်လျှင်    စပါး စိုက်ဧက   တစ်သိန်းခုနစ်သောင်းခန့်   စိုက်ပျိုးထုတ်လုပ်    နိုင်သော ကြောင့်   စစ်ကိုင်းတိုင်းဒေသကြီးကိုယ်စားပြု တစ်ကွင်းတစ်စပ်တည်း   ဧက ၁၀၀   စံပြကွက် စိုက်ပျိုးခြင်းဖြစ်ကြောင်း   ၎င်းက  ဆက်လက် ပြောကြားသည်။                                  

            
ခရိုင်(ပြန်/ဆက်)