
မေယု-မျိုးအောင်(MANA)
ရေသည် သက်ရှိသတ္တဝါများအတွက် အရေးပါဆုံး ဓာတ်ဖြစ်ပြီး ရေဓာတ်မရှိပါက အသက်ရှင်ရန် မလွယ်ကူသည့်အပြင် ဖွံ့ဖြိုးတိုးတက်မှုတွင်လည်း အဓိကအခန်းကဏ္ဍ၌ ပါဝင်နေသည်။ ကမ္ဘာ့မြေမျက်နှာပြင်၏ ၇၀ ရာခိုင်နှုန်းကျော်ကို ရေထုဖြင့် ဖုံးလွှမ်းထားသော်လည်း လူသားများအသုံးပြုနိုင် သောသန့်စင်သည့် ရေပမာဏမှာ ၂ ဒသမ ၅ ရာခိုင်နှုန်းသာရှိသည်။ ကမ္ဘာ့လူဦးရေ တစ်ဘီလီယံခန့်သည် လုံခြုံဘေးကင်းသည့် သောက်သုံးရေ မရရှိနိုင်သေးသည့်အတွက် ကျန်းမာရေး၊ ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများအပေါ် သက်ရောက်မှုများရှိနေသည်။ ကမ္ဘာ့လူဦးရေ ၂ ဒသမ ၃ ဘီလီယံခန့်သည်လည်း ကောင်းမွန်သည့် မိလ္လာစနစ်နှင့် အလှမ်းဝေးနေဆဲဖြစ်သည့်အတွက် ကုလသမဂ္ဂ အထွေထွေညီလာခံက ၂၀၁၈ မှ၂၀၂၈ ခုနှစ်အထိကို ရေဆိုင်ရာစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုများအတွက် အကောင်အထည်ဖော်ဆောင်ရွက်ရန် ဆယ်စုနှစ်အဖြစ် သတ်မှတ်ထားသည်။
တန်ဖိုးကြီးမားလှသည့်ရေ
ကမ္ဘာကြီးမှာ ကိန်းဂဏန်းအရ ရေထုသည် ကုဗမိုင် ၃၃၂ ဒသမ ၅ သန်း ခန့်မပြောင်းမလွဲတည် ရှိနေသည်။ ကမ္ဘာ့လူဦးရေမှာ တစ်နှစ်ထက်တစ်နှစ် ပြောင်းလဲတိုးတက်လာနေသောကြောင့် ရေသုံးစွဲ မှုမှာလည်း မုချမသွေတိုးလာမည်မှာမလွဲပါ။ ကမ္ဘာ့ လူဦးရေသည် သန်း ၇၈၀၀ ကျော်ရှိပြီ ဖြစ်သည်။ ရေသုံးစွဲမှုမှာ ယခင်နှစ် ၄၀ ကထက် တစ်နှစ်လျှင် တစ်ရာခိုင်နှုန်းတိုးလာနေသည်ကို သိမှတ်ရသည်။ ရေသည် အသက်ရှင်ရပ်တည်ရေးအတွက် အဓိက ဖြစ်သဖြင့် အစဉ်အမြဲလိုအပ်နေမည်မှာ မုချအမှန် သာဖြစ်ပေသည်။ တန်ဖိုးကြီးမားလှသည့်ရေကို ဘက်ပေါင်းစုံမှ ထိန်းသိမ်းကာကွယ်စောင့်ရှောက် မှသာလျှင် ရေအရင်းအမြစ်များ မပျောက်မပျက် ရေရှည်ထိန်းသိမ်းနိုင်မည်ဖြစ်သည်။ တန်ဖိုး ကြီးမားလှသည့်ရေအတွက် နှစ်စဉ်ပဋိပက္ခများ တဖြည်းဖြည်းတိုးပြီးဖြစ်လာခဲ့ရာ ၂၀၁၈ ခုနှစ်၌ပင် ၂၆၄ ကြိမ် ဖြစ်ပွားခဲ့သည်ကို သိရှိရသည်။ ဖွံ့ဖြိုး တိုးတက်သည့် နိုင်ငံကြီးများက ဦးစီးလျက် ရေ အရင်းအမြစ်ကို ထိန်းသိမ်းနိုင်မည့် ကမ္ဘာ့ရာသီဥတု ပြောင်းလဲလာမှုကို ကာကွယ်နိုင်ရန် ဖန်လုံအိမ် အာနိသင်လျှော့ချရေး၊ ကာဗွန်ထုတ်လုပ်မှုလျှော့ချ ရေးတို့ကို အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက် နေကြသည်ကိုလည်း တွေ့မြင်နေရသည်။
သဘာဝဘေးဒဏ်များ
ကမ္ဘာကြီးပူနွေးလာမှု၊ သစ်တောပြုန်းတီးမှု၊ တောတောင်ပြုန်းတီးမှု၊ အဖိုးတန်ဓာတ်သတ္တုများ အလွန်အကျွံထုတ်ယူသုံးစွဲမှု၊ မြေအောက်ရေကို အလွန်အကျွံထုတ်ယူသုံးစွဲမှု အစရှိသည့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးစေနိုင်သော အပြုအမူ လုပ်ရပ်များကြောင့် နောက်ဆက်တွဲ ကြုံတွေ့လာ ရသည့် ရာသီဥတုပြောင်းလဲဖောက်ပြန်မှုနှင့်အတူ သဘာဝဘေးအန္တရာယ်များကို နှစ်စဉ်ကြုံတွေ့ လာနေရပြီဖြစ်သည်။ ရာသီဥတုပြောင်းလဲဖောက် ပြန်လာမှုများကြောင့် စိုက်ပျိုးရေးကို အဓိကအား ထား လုပ်ကိုင်နေကြရသည့် ဒေသကြီးများတွင် မိုးသည်းထန်စွာရွာသွန်းခြင်း၊ ရေကြီးခြင်း၊ မြေပြို ခြင်း၊ မိုးခေါင်ခြင်းအစရှိသည့် သဘာဝဘေးဒဏ် တို့ကို အလူးအလဲခံစားနေကြရသည်။ အချို့ ဒေသများတွင် ရေကြီးခြင်းဒုက္ခကို ခံစားနေရသကဲ့ သို့ မြန်မာနိုင်ငံအလယ်ပိုင်းနှင့် အထက်ပိုင်းတို့တွင် မိုးခေါင်မှုကြောင့် မိုးရေကိုသာ အဓိကအားထား နေရသည့် ဒေသများ၌ နွေရာသီတွင် စိုက်ပျိုးရေ နှင့် သောက်သုံးရေရှားပါးမှု၊ ပြတ်လပ်မှု ကြုံတွေ့ နေသည်။
မျက်မှောက်ကာလတွင်လည်း ရာသီဥတု ပြောင်းလဲခြင်းနှင့် စားနပ်ရိက္ခာရရှိနိုင်ခြေ နည်းပါးလာခြင်းတို့၏ အရင်းခံမှာ ရေအရင်း အမြစ်ပင်ဖြစ်သည်။ ကမ္ဘာ့လူဦးရေတိုးပွားနေခြင်း၊ လူမှုဘဝဖွံ့ဖြိုးလာခြင်းကြောင့် ရေသုံးစွဲမှု ပိုမို များပြားလာခြင်း၊ စီမံခန့်ခွဲအားနည်းသော နိုင်ငံများ တွင်ရေပြုန်းတီးမှုများပြားလာခြင်း၊ ရေကိုလိုအပ် သည်ထက် သုံးစွဲမှုပိုမိုများပြားလာခြင်း၊ ဖွံ့ဖြိုးမှုအတွက်စက်ရုံအလုပ်ရုံများမှ ရေကိုပိုမိုသုံးစွဲရခြင်း နှင့် ရာသီဥတုပြောင်းလဲမှုကြောင့် ကမ္ဘာကြီး၌ ရေ အရင်းအမြစ်များ တဖြည်းဖြည်းလျော့ပါးနေသည်။ ကမ္ဘာ့နေရာအနှံ့၌ ရေကိုအလုအယက်ရယူရန် ကြိုးပမ်းမှုများကြောင့် အုပ်စုအချင်းချင်း၊ နိုင်ငံအချင်းချင်းတင်းမာမှုများအရ ပဋိပက္ခများ ဖြစ်ပေါ် လျက်ရှိသည်။ နိုင်ငံအသီးသီးအနေဖြင့် ရေအရင်း အမြစ်များအပေါ် စနစ်ကျသည့် စီမံခန့်ခွဲမှု၊ ရေ သယံဇာတထိန်းသိမ်းမှုတို့က အရေးကြီးသည့် ကဏ္ဍသို့ ရောက်လာသည်။
မြန်မာနိုင်ငံ၏ ရေသုံးစွဲမှု
မိုးနည်းရပ်ဝန်းဒေသများဖြစ်သည့် မြန်မာနိုင်ငံ အလယ်ပိုင်းတစ်ခွင်တွင် ကျုံးကြီးများ၊ ကန်ငယ် များ၊ ဆည်များ ယနေ့အထိရှိနေသည်မှာ အဖိုးတန် ရေ၏ အသက်သွေးကြောများဟု ဆိုရမည်သာဖြစ် သည်။ ကမ္ဘာကြီး၏ရွာကြီးတစ်ရွာဖြစ်သည့် မြန်မာနိုင်ငံသည် တစ်နှစ်လျှင်ရေကုဗမိုင် ၂၇၀ ရှိပြီး ရေသုံးစွဲမှုမှာ ၈ ကုဗမိုင်သာရှိသဖြင့် ပိုလျှံသည့် မိုးရေများမှာ မြစ်ချောင်းအင်းအိုင်များမှ တစ်ဆင့် ပင်လယ်တွင်းသို့သက်ဆင်းသွားရသည်။ ကမ္ဘာကြီးအတွင်း မှီတင်းနေထိုင်သော ပြည်သူများ မိုးရေကို ၄၀ ရာခိုင်နှုန်းသာ သုံးစွဲနိုင်ပြီး ၆၀ ရာခိုင်နှုန်းကို စွန့်ပစ်ကြသည်မှာလွန်စွာနှမြောဖို့ကောင်းလှသည်။ မြေအောက်ရေအရင်းအမြစ် ထိန်းသိမ်းမှုအားမကောင်းခြင်း၊ မိုးရွာသည်ထက် မိုးပြတ်သည့်ကာလ တာရှည်လာခြင်း၊ ပြည်သူများ ရေသုံးစွဲခြင်းထက် ရေဖြုန်းတီးမှုများပြားလာခြင်း၊ ကျပ်ကျပ်မကိုင်တွယ်သဖြင့်လည်း ရေရှားပါးခြင်း၊ ပြတ်လပ်ခြင်းတို့ဖြစ်ပေါ်နေသည်ဟု ဆိုရမည် ဖြစ်သည်။
ကမ္ဘာ့လူဦးရေသည် ၂၀၅၀ ပြည့်နှစ်ရောက်ရှိ ချိန်တွင် ၁၀ ဘီလီယံနီးပါးသို့ ရောက်ရှိလာနိုင်သော ကြောင့် ရေအရင်းအမြစ်များ ရရှိရေးအတွက် ယှဉ်ပြိုင်မှုများရှိလာပြီး ပဋိပက္ခများတိုးပွားလာနိုင် ကြောင်း၊ ကမ္ဘာတစ်ဝန်းလူဦးရေတိုးပွားလာခြင်း၊သောက်သုံးရေနှင့် စားနပ်ရိက္ခာ ရရှိနိုင်ခြေနည်းပါး ခြင်းနှင့် သဘာဝဘေးအန္တရာယ် ပိုမိုဖြစ်ပွားလာခြင်း တို့ကြောင့် ၂၀၅၀ ပြည့်နှစ် ရောက်ရှိချိန်တွင်လူဦးရေ တစ်ဘီလီယံကျော်သည် အိမ်ခြေရာမဲ့ဖြစ်နေလိမ့်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ရေရှားပါးသည့်ပြဿနာ
မြန်မာနိုင်ငံတွင် နွေရာသီရေရှားသည့် ပြဿနာကို အပူပိုင်းဇုန်တိုင်း သုံးတိုင်းဖြစ်သည့် စစ်ကိုင်း၊ မကွေးနှင့် မန္တလေးတိုင်းဒေသကြီးများ တွင် အများဆုံးကြုံတွေ့နေရပြီး ရာသီဥတုပြောင်း လဲခြင်းနှင့် သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းလာခြင်းများကြောင့် ကျန်တိုင်းဒေသကြီး/ပြည်နယ် အချို့တွင်လည်း ရေရှားပါးသည့်ပြဿနာကို နှစ်စဉ် ရင်ဆိုင်ကြုံတွေ့နေရသည်။ ရေရှားပါးပြတ်လပ်မှု များအား ချက်ချင်းတုံ့ပြန်နိုင်စေရန်နှင့် အချက် အလက်များအား အချိန်နှင့်တစ်ပြေးညီ သိရှိနိုင် စေရန်အတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ www.water-donation.com website တွင် ထုတ်ပြန်ထားရှိပြီးဖြစ်သည်။ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အထိ နွေရာသီရေရှားပါးကျေးရွာ ၂၂၃၆ ရွာသို့ ရေဂါလန် ပေါင်း ၃၀ ဒသမ ၀၃၅၄ သန်းဖြန့်ဝေပေးခဲ့ပြီး အိမ်ခြေ ၀ ဒသမ ၅၀ သန်း၊ လူဦးရေ ၂ ဒသမ ၄၁၀ သန်း အကျိုးခံစားမှုရရှိခဲ့သည်။ ဦးစီးဌာနပိုင် ရေသန့်စင်ကား ၁၀ စီးဖြင့်လည်းကောင်း၊ ရေသယ် ယာဉ်အစီး၂၀ ဖြင့်လည်းကောင်း ရေရှားပါးကျေးရွာ များသို့ သောက်သုံးရေများဖြန့်ဝေပေးလျက်ရှိ သည်။
ရေရှားပါးပြတ်လပ်မှုသတင်းများ
နွေရာသီကာလအတွင်း သောက်သုံးရေမပြတ် လပ်စေရေးအတွက် ကျေးလက်ဦးစီးဌာနအနေဖြင့် ၂၀၂၀ပြည့်နှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် တိုင်း ဒေသကြီး/ပြည်နယ် ၁၇ခုနှင့်အတူ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျင်းပခဲ့ရာ တိုင်းဒေသကြီး ပြည်နယ်ဦးစီးမှူးကြီးများ၏ တင်ပြချက်အရ ၂၀၂၁ ခုနှစ် နွေရာသီကာလတွင် မြို့နယ် ၈၆ မြို့နယ်ရှိ ကျေးရွာပေါင်း ၃၇၄ ရွာတွင် သောက်သုံးရေရှားပါး နိုင်ကြောင်း ခန့်မှန်းသိရသည်။ နွေ၏အငွေ့အသက် ရရုံမျှဖြင့် ရေရှားပါးပြတ်လပ်မှုသတင်းများကို စတင်ကြားနေရပြီဖြစ်သည်။ ကယား၊ စစ်ကိုင်း၊ မန္တလေး၊ ရှမ်း၊ နေပြည်တော်စသည့်တိုင်းဒေသကြီး/ပြည်နယ်ငါးခုရှိ ကနဦးသောက်သုံးရေရှားပါးသည့် ကျေးရွာ ၁၇ ရွာတွင် ရေဂါလန်ပေါင်း ၄၄၆၀၀ ကို ဖြန့်ဝေပေးခဲ့ပြီးဖြစ်သည်။ မြန်မာနိုင်ငံတွင် မိုးနည်း ရပ်ဝန်းဒေသများမှာပင် ကန်တွေ ကျုံးတွေများစွာ ရှိသဖြင့် ရေကိုအလျှံအပယ်သုံးစွဲနိုင်ခဲ့ကြသည်။ မိုးရွာသွန်းမှုမရှိသည့်အခါ သိုလှောင်သောရေသည် လည်း ရှိနိုင်မည်မဟုတ်ပေ။ အငွေ့ပြန်ခြင်း၊ သတ္တဝါ အများသုံးစွဲခြင်းဖြင့် ကုန်ခန်းသွားနိုင်သည်။ မြေအောက်ရေနေနိုင်ဖို့လည်း ထိန်းသိမ်းစောင့် ရှောက်ထားသင့်သည်။
ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် ရေးပန်းတိုင် (၆) မျှော်မှန်းချက်များ၊ ကျေးလက်ရေ ရရှိရေး မဟာဗျူဟာပါ ရည်မှန်းချက်များ ပြည့်မီစေ ရေး၊ ကျေးလက်ဒေသများသန့်ရှင်းသော သောက် သုံးရေရှိရေးအတွက်ကြိုးပမ်းကြရာတွင် ပြည်သူ၏ ပူးပေါင်းပါဝင်မှုသည် အလွန်အရေးပါသော အခန်း ကဏ္ဍဖြစ်သည်။ ကမ္ဘာ့အပူချိန် တိုးလာခြင်းနှင့်အတူ မိုးခေါင်ခြင်း၊ သဲကန္တာရများ တိုးလာခြင်းတို့က ရေ ရှားပါးမှုနှုန်းကို မြင့်တက်လာစေသည်။ ရေရှားပါး မှုကို ထိခိုက်ခံစားကြရသူများမှာ ကမ္ဘာ့လူဦးရေ၏ ၄၀ ရာခိုင်နှုန်းကျော်ရှိသည်။ လွန်ခဲ့သော ငါးနှစ်တာ ကာလအတွင်း ကမ္ဘာ့လူဦးရေ ၈၄၄ သန်းသည် သောက်သုံးရေစနစ် မခံစားရသေးကြောင်း၊ လူ ၈၉၂ သန်းသည် အညစ်အကြေးများကို အကာ ကွယ်မဲ့သည့် ပတ်ဝန်းကျင်များတွင် စွန့်ပစ်သည့် စနစ်ကို ကျင့်သုံးခဲ့ကြကြောင်း အစီရင်ခံစာ တစ်ရပ် တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံ၏ ရေအရင်းအမြစ်
မြန်မာနိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများ ၏ စုစုပေါင်းရေအရင်းအမြစ် ၁၆ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်ထားပြီး အာရှဒေသ၏ ရေအရင်းအမြစ် ၁၂ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားသည်။ အလယ်ပိုင်း ခြောက်သွေ့သော အပူပိုင်းဒေသများမှလွဲ၍ ရွာသွန်း မိုးရေကောင်းမွန်ခြင်း၊ မြစ်ချောင်းများနှင့် သဘာဝ ရေကန်များစွာရှိနေခြင်းနှင့် မြေအောက်ရေထိန်း ထားနိုင်သော အလွှာရှိနေခြင်းတို့မှာ သဘာဝက ပေးအပ်ထားသော လက်ဆောင်မွန်ဖြစ်သည်။ ရာသီဥတုဖြစ်စဉ်များနှင့်အတူ ဖြစ်ပေါ်လာသည့် ပုံမှန်မဟုတ်သော ရေကြီးရေလျှံမှု၊ မုန်တိုင်း ဖြစ်ပေါ်မှုနှင့် အချို့ဒေသများတွင် ထူးခြားစွာမိုးရေချိန်နည်းပါးခြင်း၊ ဆည်တမံများ၌ရေအဝင်နည်းခြင်း စသည့် အခြေအနေများကို ရင်ဆိုင်လာရသည်။ ၂၀၂၀ ပြည့်နှစ် မိုးရာသီတွင် ရေလှောင်တမံများတွင် သောက်သုံးရေတစ်မျိုးတည်းသာ ပေးဝေနိုင်ခဲ့ပြီးနွေစပါးစိုက်ပျိုးရေပေးဝေရန် မလုံလောက်မှု ကြောင့် အခြားသီးနှံများပြောင်းလဲစိုက်ပျိုးနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်လာရသည်။
မြန်မာနိုင်ငံသည် ရာသီဥတုပြောင်းလဲလာမှု၏ အကျိုးဆက်ကို သိသိသာသာခံစားနေရခြင်း၊ နိုင်ငံ တစ်ဝန်းရှိ ရေဝေရေလဲဒေသများကိုထိန်းသိမ်းနိုင် စွမ်းမရှိခြင်းတို့ကြောင့် ရေအရင်းအမြစ်များ ဆုံးရှုံးပြီး နွေရာသီကာလမရောက်မီကပင် မြစ်၊ ချောင်း၊ အင်းအိုင်များ၊ ရေတွင်းရေကန်များ ခန်းခြောက်လာသည်။ ဆည်မြောင်း၊ တာတမံများ လည်း ရေနည်းပါးခြင်းနှင့်ရင်ဆိုင်လာရသည်။ လူဦးရေ တိုးပွားလာမှုနှင့်အတူ မြို့ပြဖွံ့ဖြိုးလာခြင်း၊ ကျေးလက်ဒေသများတွင် စိုက်ပျိုးရေးလုပ်ငန်းများ တိုးချဲ့လာခြင်းနှင့် ကျေးရွာအခြေပြုစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးလာခြင်းတို့ကလည်း ရေအရင်း အမြစ်များ အလျင်အမြန်လျော့ပါးမှုကို တွန်းအား ပေးလျက်ရှိသည်။ သောက်သုံးရေကန်မှ ရေရယူ သုံးစွဲပုံစနစ်မမှန်ကန်ခြင်း၊ သောက်သုံးရေကန် သန့်ရှင်းသတိပေးချက်များကို မလိုက်နာခြင်း၊ သောက်သုံးရေကန်အနီးဝန်းကျင်၌ မိလ္လာ၊ အညစ် အကြေးနှင့် စွန့်ပစ်ပစ္စည်း၊ အမှိုက်ပုံတို့ရှိနေခြင်း၊ သောက်သုံးရေကန်များကို ရေရှည်ထိန်းသိမ်းမှု မရှိခြင်း၊ ရေတွင်းတူးရန် မြေနေရာရွေးချယ်မှု မမှန်ကန်ခြင်းတို့ပါဝင်သည်။ သောက်သုံးရေတွင်း ဖြစ်စေရန် အညစ်အကြေးစွန့်ပစ်သောနေရာနှင့် ပေ ၅၀ ဝေးကွာပြီးမြင့်သော အပိုင်းတွင်ရှိရမည်ဖြစ် သည်။
(၁၀) နှစ်စီမံကိန်း
သောက်သုံးရေရှားပါးမှု ဖြည့်ဆည်းရေးအတွက် ၂၀၂၀ -၂၁ မှ ၂၀၃၀ - ၃၁ အထိ (၁၀) နှစ်စီမံကိန်း ရေးဆွဲ အကောင်အထည်ဖော်သွားမည်ဖြစ်ရာ မန္တလေးတိုင်းဒေသကြီး ညောင်းဦးမြို့နယ်ကို Pilot Projectအဖြစ် အချက်အလက်များ ကွင်းဆင်း ကောက်ယူရာ၌ မြေပြင်တွင် ကျေးရွာပေါင်း ၈၀ ထပ်တိုးသဖြင့် စုစုပေါင်းရွာ ၃၀၀ အထိရှိကြောင်း သိရသည်။ ကျေးလက်များတွင် သုံးရေအတွက် အဆင်ပြေမှုရှိသော်လည်း အဓိကလိုအပ်သည့်သောက်သုံးရေရှားပါးမှု ဖြည့်ဆည်းနိုင်ရေးအတွက် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ပြီး ယခုစီမံကိန်းကို ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်ကတည်းက ပြင်ဆင်ခဲ့ရာ ယခု ဘဏ္ဍာနှစ်တွင် စတင်အကောင်အထည်ဖော် လျက်ရှိကြောင်း၊ ၂၀၃၁ ခုနှစ်တွင် တစ်နိုင်ငံလုံးရှိ သောက်သုံးရေရှားပါးမှု ကြုံတွေနေရသော ကျေးရွာ များအားလုံးတွင် သန့်ရှင်းသောသောက်သုံးရေ ရရှိ ရန် ဆောင်ရွက်နေကြောင်းသိရသည်။
လုံခြုံဘေးကင်းသည့်ရေ၊ ကောင်းမွန်သည့် ရေ နှင့် သန့်ရှင်းမှုစနစ်တို့ကို လက်လှမ်းမမီဘဲ ကျန်ရှိ ခဲ့မှုများစွာအတွက် အကြောင်းအရင်းများ အလေး ထား ရှာဖွေဖြေရှင်းကြရန် ရည်ရွယ်၍ သတ်မှတ်ခဲ့ ခြင်းဖြစ်သည်။ လူသားမျာ၏ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကြောင့် သဘာဝပတ်ဝန်းကျင်း ပျက်စီးဆုံးရှုံးလာမှု ကို ကာကွယ်ရန် ၁၉၉၂ ခုနှစ် ဇွန်လက ဘရာဇီးနိုင်ငံ တွင် ကျင်းပခဲ့သော အပြည်ပြည်ဆိုင်ရာ ရာသီဥတု ညီလာခံ၏အစီအစဉ် (၂၁) နောက်ဆက်တွဲ ဆုံးဖြတ် ချက်အရ ရေသယံဇာတ၏အရေးပါမှုကို ဂရုပြု မိလာစေရန် နှစ်စဉ် မတ် ၂၂ ရက်ကို ကမ္ဘာ့ ရေနေ့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။
စနစ်တကျ ထိန်းသိမ်းသင့်
ရေသည် သက်ရှိသတ္တဝါများအတွက် အရေးပါ ဆုံးဓာတ်ဖြစ်ပြီး ရေဓာတ်မရှိပါက အသက်ရှင်နိုင် မည် မဟုတ်သကဲ့သို့ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုး တိုးတက်မှုကိုလည်း နှောင့်နှေးစေသည်။ လူဦးရေ တိုးတက်များပြားလာနေသော ယနေ့ကမ္ဘာကြီး တွင် ရေလိုအပ်ချက်သည် စိန်ခေါ်မှုတစ်ရပ်ဖြစ် သကဲ့သို့ ကမ္ဘာကြီးတည်တံ့ခိုင်မြဲရေးနှင့် ရေအရင်း အမြစ် လုံခြုံမှုရှိရေးသည်လည်း အရေးကြီးသည်။ အစိုးရအနေဖြင့် ရေသယံဇာတများကို စနစ်တကျ စီမံခန့်ခွဲနိုင်မည့် အမျိုးသားရေသယံဇာတ ဥပဒေ တစ်ရပ် ရေးဆွဲအကောင်အထည်ဖော်ခြင်း၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းမှုကို စနစ်တကျလုပ်ဆောင် ခြင်း၊ အများပြည်သူတို့ကလည်း ရေလေလွင့်ဆုံးရှုံးမှု နည်းပါးစေရေးအတွက် စနစ်တကျအသုံးပြုခြင်းဖြင့် ရေအရင်းအမြစ်များကို စနစ်တကျ ထိန်းသိမ်းသင့် သည်။ ရေကြောင့် ဖြစ်ပေါ်လာနိုင်သည့် အခက် အခဲများကို ကျော်လွှားနိုင်မည်ဟု မျှော်လင့်ပါ ကြောင်း ရေးသားလိုက်ရပါသည်။ ။
- Log in to post comments