
နေပြည်တော် ဖေဖော်ဝါရီ ၃
ရောင်းချသူကိုယ်စား ငွေကောက်ခံ ရှင်းလင်းသည့် ဝန်ဆောင်မှု လုပ်ငန်း လိုင်စင်ပေးအပ်ခြင်း အခမ်းအနားကို ဖေဖော်ဝါရီ ၁ ရက် မွန်းလွဲ ၂ နာရီက နေပြည်တော်ရှိ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒါရိုက်တာအဖွဲ့ အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ မြန်မာနိုင်ငံ တော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်း သန်းဆွေ၊ ဒုတိယဥက္ကဋ္ဌများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြား ရေးမှူးချုပ်များ၊ နေးချားလင့်ပေး ကုမ္ပဏီလီမိတက် (Brand Name- Trusty E-Commerce)၊ ဇီကိုပေးကုမ္ပဏီလီမိတက် (Brand Name- Zego Money) နှင့် အင်တာနက်ဝေါလက် မြန်မာ လီမိတက် (Brand Name-OK$) တို့မှ တာဝန်ရှိသူများ တက် ရောက်ကြသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ဒစ်ဂျစ်တယ်ငွေပေးချေမှု ကို ဘဏ်ဝန်ဆောင်မှုနှင့် လက်လှမ်းမမီသည့် နေရာ၊ ကဏ္ဍ များအထိ ရယူအသုံးပြုနိုင်ရန်၊ ဘဏ်များနှင့် ပူးပေါင်း၍ ခရိုင်၊ မြို့နယ်များအထိ ဘဏ်များ၏ Network ကို ဖြန့်ကြက်ဆောင်ရွက် နိုင်ရန်၊ အများပြည်သူမှ QR Code ဖြင့် ပေးချေမှုများကို လွယ်ကူစွာ အသုံးပြုနိုင်ရန်နှင့် ရောင်းသူနှင့် ဝယ်သူအကြား ငွေပေးချေခြင်း ဆောင်ရွက်ရာတွင် ကြားခံအနေ ဖြင့် ကောက်ခံပေးသည့် တတိယ အဖွဲ့အစည်းအဖြစ် ဆောင်ရွက်ရန် ရည်ရွယ်၍ နေးချားလင့်ပေး ကုမ္ပဏီလီမိတက်၊ ဇီကိုပေး ကုမ္ပဏီလီမိတက်နှင့် အင်တာနက် ဝေါလက် မြန်မာလီမိတက်တို့ကို ရောင်းချသူကိုယ်စား ငွေကောက်ခံ ရှင်းလင်းသည့် ဝန်ဆောင်မှု လုပ်ငန်းလိုင်စင် ထုတ်ပေးခဲ့ သည်။
လိုင်စင်ရ ကုမ္ပဏီများအနေ ဖြင့် ဘဏ်လုပ်ငန်းဝန်ဆောင်မှု မရောက်ရှိသည့်နေရာ၊ ဒေသ၊ အလွှာစုံ၊ နယ်ပယ်စုံ၊ ဧရိယာစုံ အထိ ဒစ်ဂျစ်တယ်ငွေပေးချေမှု များကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ငွေသား ကိုင်တွယ် သုံးစွဲမှုများကိုလည်း လျှော့ချနိုင်မည်ဖြစ်ကြောင်း သိရ သည်။
သတင်းစဉ်