ရောက်ရှိလာသည့်ကာကွယ်ဆေးများကို ဦးစားပေးသတ်မှတ်ချက်များအလိုက် အမြန်ဆုံးထိုးနှံပေးနိုင်ရေး ထိရောက်မြန်ဆန်စွာ ဆောင်ရွက်

နေပြည်တော် ဇူလိုင် ၂၆ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပဉ္စမအကြိမ်ညှိနှိုင်းအစည်း အဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။ အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဒုတိယ ဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌများ၊ တာဝန်ရှိသူများ က Video Conferencing ဖြင့် တက်ရောက်ကြ သည်။ အဖွင့်အမှာစကားပြောကြား ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အဖွင့်အမှာစကား ပြောကြားရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများဆောင်ရွက်ရာတွင် လိုအပ်သည်များကို အချိန်နှင့်တစ်ပြေးညီဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေး၊ ဆုံးဖြတ်ချက်များကို သွက်လက်မြန်ဆန်စွာချမှတ်ပြီး ကူးစက်ဖြစ်ပွားမှု များကို ထိန်းချုပ်နိုင်ရေး၊ လိုအပ်သည်မှန်သမျှကို လုပ်ဆောင်ပေးနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေး များကို လုပ်ဆောင်နေခြင်းဖြစ်ကြောင်း၊ ဇူလိုင် ၂၅ ရက် အထိ ကမ္ဘာတစ်ဝန်းလုံးတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက် ဖြစ်ပွားသူပေါင်း ၁၉၄ သန်းကျော် ရှိပြီဖြစ်ပြီး မိမိတို့ နိုင်ငံ၌ ၂၆၀၀၀၀ ကျော်ရှိပြီဖြစ်ကြောင်း၊ ဇူလိုင်လ အတွင်း ရက်အလိုက်ကြည့်မည်ဆိုပါက ကူးစက် ဖြစ်ပွားမှု လျော့ကျလာသည်ဆိုသော်လည်း သွားလာ မှုများကို ကန့်သတ်ထိန်းချုပ်ထားနိုင်မှသာလျှင် ကူးစက်ပြန့်ပွားမှုကို ဆက်လက်ထိန်းချုပ်နိုင်မည်ဖြစ် ကြောင်းနှင့် မလိုအပ်ဘဲ သွားလာမှုများမပြုလုပ် ကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ ရောက်ရှိလာသည့် ကာကွယ်ဆေးများကို ဦးစားပေးသတ်မှတ်ချက်များ အလိုက် အမြန်ဆုံးထိုးနှံပေးနိုင်ရေး ထိရောက် မြန်ဆန်စွာ ဆောင်ရွက်ရန် ပြောကြားလိုကြောင်း၊ မိမိတို့နိုင်ငံတွင်း၌ ကာကွယ်ဆေးထုတ်လုပ်နိုင်ရေး လုပ်ဆောင်နေမှုများကို အမြန်ဆုံးအကောင်အထည် ဖော်ပြီး ကာကွယ်ဆေးထုတ်လုပ်နိုင်ရေး ကြိုးပမ်း လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း။ စနစ်တကျဖြစ်စေရေ း ကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာ ဆေးပစ္စည်း များနှင့် အခြားအိမ်သုံး အခြေခံဆေးပစ္စည်းများ ရောင်းချသည့် အချို့သောဆေးပစ္စည်းဆိုင်များ သည် ဈေးနှုန်းတင်ရောင်းချခြင်း၊ သိုလှောင်ပြီး ပစ္စည်း ပြတ်လပ်မှုများဖြစ်ပေါ်စေရန် ဆိုင်ပိတ်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရှိရသဖြင့် တိုင်းဒေသကြီး နှင့် ပြည်နယ်အလိုက်တွင် ဆေးပစ္စည်းရောင်းချမှု များနှင့် ပတ်သက်၍ စနစ်တကျဖြစ်စေရေး စီမံ ဆောင်ရွက်ကြပ်မတ်ပေးရန်လိုကြောင်း၊ အစိုးရ အနေဖြင့် လိုအပ်နေသည့် ဆေးပစ္စည်းများကို ပြည်ပ မှတစ်ဆင့် တင်သွင်းခွင့်ပြုပေးထားပြီး ဆေးဝါး တင်သွင်းမှုနှင့် ပတ်သက်လာပါက မည်သည့် ကန့်သတ်ချက်မျှပေးထားခြင်းမရှိကြောင်း၊ တိုက်ရိုက် စီမံခန့်ခွဲသူများ၏ ကိုယ်ပိုင်စဉ်းစားတွေးခေါ်မှုများ ဖြင့် အချိန်နှင့်တစ်ပြေးညီဆောင်ရွက်ပေးရန် လိုအပ် သောကြောင့် သက်ဆိုင်ရာနယ်မြေအသီးသီးရှိ တာဝန်ရှိသူများအနေဖြင့်လည်း မျက်ခြည်မပြတ် စောင့်ကြည့်၍ အလေးထားဆောင်ရွက်ပေးကြရန်လိုကြောင်း၊ ဆေးပစ္စည်းများနှင့် ပတ်သက်လာပါက ပြည်သူ့လက်ဝယ်သို့ မြန်မြန်ဆန်ဆန်ရောက်ရှိရမည် ဖြစ်ကြောင်း၊ ဆေးပစ္စည်းတင်သွင်းမှု ထိရောက်မြန်ဆန် စေရေး One-stop-service များလည်း ပြုလုပ် ပေးထားပြီးဖြစ်သဖြင့် ဆေးပစ္စည်းများနှင့်ပတ်သက် လာပါက တိုင်းဒေသကြီးနှင့် ပြည်နယ်ဥက္ကဋ္ဌများ၊ ဝန်ကြီးဌာနများက အထူးအလေးထား ကြပ်မတ် ဆောင်ရွက်ပေးကြရန် လိုအပ်မည်ဖြစ်ကြောင်း။ စီမံဆောင်ရွက်ပေးရန် လိုအပ် ဆေးရုံ၊ ဆေးခန်းများသို့ လာရောက်ပြသသောသူ များကို ၎င်းတို့၏ ကျန်းမာရေး အခြေအနေစစ်ဆေးတွေ့ရှိချက်များအပေါ်မူတည်၍ ဆေးရုံတက်ကုသမှု ခံယူရန် လိုအပ်မှု ရှိ၊ မရှိ ဆုံးဖြတ်ကြရပြီး ယင်းသို့ ဆုံးဖြတ်ရာတွင် စီမံခန့်ခွဲမှုနည်းလမ်းအရ ကူညီ ဆောင်ရွက်နိုင်ရေးနှင့် မှန်ကန်မှုရှိစေရေးအတွက် တာဝန်ရှိသူများက ကြပ်မတ်ပေးကြရန် လိုအပ်မည် ဖြစ်ကြောင်း၊ ကုသမှုပေးရန်လိုအပ်နေသည့်သူများကို မဖြစ်မနေ ကုသမှုလုပ်ဆောင်ပေးရန် လိုအပ်မည် ဖြစ်ကြောင်း၊ လိုအပ်သည့် အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ် များကို ကျန်းမာရေးဝန်ထမ်းများသာမက အခြားဌာန ဆိုင်ရာများမှလည်း ဝိုင်းဝန်းကူညီဆောင်ရွက်နိုင်ရေး တိုင်းဒေသကြီးနှင့် ပြည်နယ်ကောင်စီအသီးသီးက သင့်တော်သလို တာဝန်ခွဲဝေဆောင်ရွက်ပေးရန်လိုကြောင်း၊ စီမံခန့်ခွဲမှု ကောင်းမွန်ခြင်းအပေါ်မူတည်၍ လုပ်ငန်းအောင်မြင်မှုကို ဖြစ်ပေါ်စေမည်ဖြစ်ကြောင်း၊ အောက်ဆီဂျင်လိုအပ်ချက်များရှိသည်ဟု ထွက်ပေါ် နေခြင်းနှင့် ပတ်သက်၍ လိုအပ်သည့်နေရာများကို စနစ်တကျ ဖြန့်ခွဲပေးရန် စီမံခန့်ခွဲမှုအပိုင်းအားနည်း ခြင်းများရှိနိုင်သဖြင့် အောက်ဆီဂျင်ထုတ်လုပ်မှု၊ မှာယူတင်သွင်းမှု၊ ဖြန့်ခွဲမှုတို့ကို စနစ်တကျဖြစ်စေရေး စီမံဆောင်ရွက်ပေးရန် လိုအပ်မည်ဖြစ်ကြောင်း။ ကိုဗစ်- ၁၉ ရောဂါဖြစ်ပွားမှုကြောင့် တစ်ကမ္ဘာလုံး တွင် အခက်အခဲများရင်ဆိုင်ရလျက်ရှိပြီး ကုန်ထုတ် လုပ်မှုကိစ္စရပ်များနှင့်ပတ်သက်၍ စား၍ကုန်သည့် ပစ္စည်း၊ သုံး၍ကုန်သည့် ပစ္စည်း၊ သောက်၍ကုန်သည့် ပစ္စည်း စသည့် စားသောက်သုံးကုန် ပစ္စည်းများ ထုတ်လုပ်မှုနှင့်ပတ်သက်၍ ကန့်သတ်မှုများ ပြုလုပ် မထားကြောင်း၊ စားရေးသည် အဓိကဖြစ်ပြီး အခက် အခဲမရှိအောင် လုပ်ဆောင်ပေးကြရမည်ဖြစ်ကြောင်း၊ Individual လုပ်ကိုင်သည့် ကုန်ထုတ်လုပ်မှုလုပ်ငန်း များကို အဆက်မပြတ်လုပ်ကိုင်ကြရန်လိုကြောင်း၊ ထို့ပြင် ကျန်းမာရေးနှင့်ပတ်သက်သည့် လိုက်နာရ မည့် အသိပေးချက်၊ သတိပေးချက်များကိုလည်း ပြည်သူများ သိရှိစေရန်၊ လိုက်နာစေရန် မကြာခဏ ပြောဆိုသတိပေးနေရန် လိုအပ်မည်ဖြစ်ကြောင်း။ ကြိုတင်မြော်တွေး ပြင်ဆင် လက်ရှိမိုးရာသီတွင် တစ်နိုင်ငံလုံး မိုးရွာသွန်းမှု အားကောင်းလျက်ရှိပြီး တစ်ဖက်က စိုက်ပျိုးရေး လုပ်ငန်းအားကောင်းနိုင်သကဲ့သို့ တစ်ဖက်ကလည်း မိုးရွာသွန်းမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် ရေကြီး ရေလျှံမှုများအတွက် ကြိုတင်မြော်တွေး ပြင်ဆင် ထားကြရန်လိုအပ်မည်ဖြစ်ကြောင်း၊ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကြက်ခြေနီ၊ လူမှုအဖွဲ့အစည်း များဖြင့် ဝိုင်းဝန်းပူးပေါင်း၍ ဆောင်ရွက်ကြရမည် ဖြစ်ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ပေါင်းစပ်၍ လည်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ သဘာဝ ဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးအတွက် ဝယ်ယူ ထားရှိသည့် ပစ္စည်းများကို လက်တွေ့ကျကျအသုံးချကြရန်လိုအပ်မည်ဖြစ်ကြောင်း ပြောကြားသည်။ မြန်မြန်ဆန်ဆန်ထိုးဖို့လို ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက ကာကွယ်ဆေးထိုးနှံရေး၊ စိုးရိမ်ကြောင့်ကြမှု များကို ဖြေလျှော့ရန် စီမံဆောင်ရွက်ပေးနိုင်ရေး၊ သဘာဝဘေးအန္တရာယ်များကို ကြိုတင်ပြင်ဆင်ကာကွယ်နိုင်ရေးစသည့် အခြေအနေများနှင့်ပတ်သက်၍ ပြောကြားရာတွင် “အဓိကကတော့ ဖြစ်ပွားမှုနှုန်းက အရေအတွက်အားဖြင့် လျော့တာပေါ့၊ သို့သော်လည်း ဒါ စိတ်ချရတဲ့အနေအထားမရှိသေးဘူးဆိုတာ ကျွန်တော် ပြောလိုပါတယ်၊ ဒါနံပါတ်(၁)အချက်ပေါ့။ နံပါတ်(၂)အချက်ကတော့ ကာကွယ်ဆေးနဲ့ ပတ်သက်လို့ ထိုးဖို့အတွက်က မြန်မြန်ဆန်ဆန်ထိုးဖို့ လိုပါတယ်။ ဒီဆေးထိုးရေးကို တာဝန်ပေးမယ့်ပုဂ္ဂိုလ် များကိုလည်း သူတို့ဆောင်ရွက်နိုင်အောင် ကူညီပေးဖို့ လိုပါတယ်။ နောက်တစ်ခုကတော့ ဆေးတွေနဲ့ ပတ်သက်ပြီး စိုးရွံ့ကြောင့်ကြမှုရှိပြီးတော့မှ ဆေးဆိုင် တွေမှာ ထိန်းသိမ်းထားတာတွေ၊ ပိတ်ထားတာတွေ ဒါမျိုးမဖြစ်အောင်လို့လည်း စီမံခန့်ခွဲမှုလမ်းကြောင်း ကနေပြီးတော့ သူတို့ကိုလည်း ဆေးဆိုင်တွေ ဖွင့်ရောင်း ဖို့ရယ် ထိုက်သင့်တဲ့တန်ဖိုးနဲ့ ရောင်းဖို့ရယ် ဒါတွေကို အသိစိတ်ဓာတ်ရှိရှိလုပ်ပေးဖို့ပဲ ပြောလိုတယ်။ နောက်ဆုံးကတော့ ဒီသဘာဝဘေးအန္တရာယ်နဲ့ ပတ်သက်လို့ဆိုရင်တော့ သဘာ၀ဘေးအန္တရာယ် တွေကို ဒါကြိုတင် တွက်ပြီးတော့လည်း လုပ်ပါ။ ဖြစ်မှလုပ်ပါမဟုတ်ဘူး။ ကြိုတင်ပြီးတော့၊ စဉ်းစားပြီး တော့မှ ဒီနေရာတွေ ဒီနေရာတွေတော့ အရင်ဖြစ်ခဲ့ ဖူးတဲ့ သာဓကတွေရှိတယ်၊ ဒီနေရာ ဒီနေရာကတော့ ဖြစ်တတ်တဲ့ သာဓကတွေရှိတယ်၊ ဒါကြောင့် စီမံခန့်ခွဲ ရေးနည်းလမ်းနဲ့ ကြိုတင်ပြီးတော့ ဆောင်ရွက်သွားမယ် ဆိုရင်တော့ ဖြစ်ပွားမယ်အချိန်မှာ ကျွန်တော်တို့ ခံရမယ့်ဒဏ်ကတော့ လျော့သွားတာပေါ့။ ဒါကြီးက ကျွန်တော်တို့တားလို့ဆီးလို့လည်း ရတာမဟုတ် ပါဘူး။ တားလို့ဆီးလို့ မရတာကြောင့် ဖြစ်ပွားမယ့် ဟာကတော့ အပျက်အစီး ပိုနည်းသွားမယ့် သဘော ရှိတယ်။ ဒါကိုလည်း ကြိုတင်စဉ်းစားပြီးဆောင်ရွက် သွားကြပါလို့ ကျွန်တော် အဖွင့်အနေနဲ့ ပြောလိုပါ တယ်” ဟု ပြောသည်။ ' ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စု ဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများနှင့် တက်ရောက်လာကြသူများက ကမ္ဘာလုံးဆိုင်ရာ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုအခြေအနေများနှင့် မြန်မာနိုင်ငံအတွင်း ကူးစက်ပြန့်ပွားမှုအခြေအနေ၊ Test Center များ တိုးချဲ့ဖွင့်လှစ်၍ ယနေ့မှစတင်ကာ လူစုလူဝေးဖြစ်ပွားမှုမရှိစေရေး စနစ်တကျကြပ်မတ်၍ စစ်ဆေးဆောင်ရွက်ပေးသွားမည့် အခြေအနေ၊ ထွက်ပေါ်လာသည့် စစ်ဆေးချက်အဖြေများအပေါ် မူတည်၍ သက်ဆိုင်ရာ Center အသီးသီးသို့ လူနာတင် ယာဉ်များနှင့် ပို့ဆောင်နိုင်ရေးစီမံဆောင်ရွက်ထားရှိမှုအခြေအနေ၊ စစ်ဆေးမှုများ ပိုမိုပြုလုပ်နိုင်ခြင်း ကြောင့် အတည်ပြုလူနာများ ပိုမိုများပြားလာနိုင်ပြီး ၎င်းတို့အားထားရှိရန်အတွက် Center များ တိုးချဲ့ တည်ဆောက်ခြင်း၊ အောက်ဆီဂျင် လိုအပ်ချက်ဖြစ်ပေါ် မှုမရှိစေရေးအတွက် ဆောက်ရွက်လျက်ရှိသည့် အခြေအနေ၊ ရောက်ရှိလာသည့်ကာကွယ်ဆေးများ ကို ယနေ့တွင် စတင်ထိုးနှံပေးနေမှု အခြေအနေနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ မော်တော် ယာဉ်၊ ရဟတ်ယာဉ်၊ လေယာဉ်များဖြင့် ပို့ဆောင် နိုင်ရေးဆောင်ရွက်ထားရှိသည့်အခြေအနေ၊ ကာကွယ် ဆေးထိုးနှံရေးအတွက် နယ်ပယ် ၁၂ ခု သတ်မှတ် ထားပြီး နယ်ပယ်များအလိုက် ဦးစားပေးထိုးနှံနိုင်ရေး ဆောင်ရွက်ထားရှိသည့်အခြေအနေ၊ ကာကွယ်ဆေး ထိုးနှံရန်အတွက် SOP များ ရေးဆွဲ၍ စနစ်တကျ ထိုးနှံရေး၊ မှတ်တမ်းတင်ရေး ဆောင်ရွက်ထားရှိသည့် အခြေအနေ၊ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ဆေးဝါးများ၊ အောက်ဆီဂျင်များနှင့် အထောက်အကူပြုဆေးပစ္စည်းများကို အဆင်ပြေ ချောမွေ့စွာ တင်သွင်းနိုင်ရေးအတွက် ဆောင်ရွက် ထားရှိသည့် အခြေအနေ၊ ဆက်လက်၍ ကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်းမှတစ်ဆင့် ထပ်မံဝင်ရောက် လာမည့်အခြေအနေ၊ အများပြည်သူ ရုံးပိတ်ရက် ကာလအတွင်း ဘဏ်များဖွင့်လှစ်၍ ပင်စင်လစာ နှင့် လစာငွေများ လွယ်ကူချောမွေ့စွာထုတ်ပေး နိုင်ရေး ဆောင်ရွက်ပေးနေသည့်အခြေအနေ၊ ယနေ့ မှစ၍ Stock Exchange ရောင်းချမှုအား Online မှ တစ်ဆင့် ဆောင်ရွက်နေသည့် အခြေအနေ၊ ပြည်သူ လူထုအား ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှင့် ပတ်သက်၍ သတင်းများထုတ်လွှင့်မှု၊ အသိပညာပေးအစီအစဉ် များကို တိုင်းရင်းသားဘာသာများဖြင့်ပါ ကျယ်ပြန့်စွာ ဆောင်ရွက်နေမှုအခြေအနေ၊ ဆိပ်ကမ်းအသီးသီးတွင် ထုတ်ယူရန်ကျန်ရှိသည့် ဆေးဝါးများနှင့်ပတ်သက်၍ အမြန်ဆုံးလာရောက် ထုတ်ယူ၍ ပြည်သူလူထု အတွင်းသို့ ဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဝေပေး နိုင်ရေး ဆောင်ရွက်သွားမည့်အခြေအနေများကို အကျယ်တဝင့် ရှင်းလင်းတင်ပြကြသည်။ အချိန်မီထိုးနှံပေးရန်လိုအပ် ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် လူနေထူထပ်သည့် ဒေသနှင့် မြို့နယ်များကိုလည်း အလေးထား၍ ဂရုပြုစောင့်ကြည့် သွားရန်လိုအပ်ကြောင်း၊ အောက်ဆီဂျင်လိုအပ်ချက် ဖြစ်ပေါ်လာမှုမရှိစေရေးအတွက် မျက်ခြည်မပြတ် စောင့်ကြည့်၍ လျင်မြန်စွာဖြည့်ဆည်းဆောင်ရွက် နိုင်ရေး ဌာနများအလိုက် ချိတ်ဆက်ဆောင်ရွက် ထားရန် လိုအပ်ကြောင်း၊ အောက်ဆီဂျင်ရနိုင်သည့် အရင်းအမြစ်နေရာများမှ နီးစပ်သည့်ဒေသ အသီးသီး သို့ လျင်မြန်စွာပို့ဆောင်ပေးနိုင်ရန်အတွက် ကြိုတင် ပြင်ဆင်ထားရန်လိုအပ်ကြောင်း၊ ကာကွယ်ဆေးများ ထိုးနှံရာတွင် လိုအပ်လျက်ရှိသည့် တပ်ဘက်၊ အရပ်ဘက် ကျန်းမာရေးဆိုင်ရာဝန်ထမ်းများအား ချိတ်ဆက်၍ ဖြည့်ဆည်းဆောင်ရွက်သွားရန် လိုအပ် ကြောင်း၊ ရောက်ရှိပြီးဖြစ်သည့် ကာကွယ်ဆေးများကို သတ်မှတ်ထားသည့် နယ်ပယ်အလိုက် ဦးစားပေး အဆင့်အတိုင်း အချိန်မီထိုးနှံပေးရန်လိုအပ်ကြောင်း၊ အိန္ဒိယနိုင်ငံမှ မှာယူထားသည့် ကာကွယ်ဆေးများကို လျင်မြန်စွာရရှိရေး ချိတ်ဆက်ဆောင်ရွက်သွားရန် လိုအပ်ပြီး အခြားပြည်ပနိုင်ငံများမှ မှာယူမှုများကိုလည်း စဉ်ဆက်မပြတ်အောင် ဆောင်ရွက်ကြရမည်ဖြစ် ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ကာကွယ်ဆေးထိုးနှံရာတွင် ကျန်းမာရေးဝန်ထမ်း များအား ဖြန့်ခွဲ၍ တာဝန်ပေးအပ်သွားရန်နှင့် စနစ် တကျစာရင်းပြုစုဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဆိပ်ကမ်းများနှင့် လေဆိပ်များသို့ ရောက်ရှိနေသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးဆေး ပစ္စည်းနှင့် အခြားအခြေခံအိမ်သုံးဆေးဝါးများအား အမြန်ဆုံးထုတ်ယူစေ၍ ပြည်သူလူထု လက်ဝယ်သို့ သင့်လျော်သည့်ဈေးနှုန်းဖြင့် ဖြန့်ဖြူးနိုင်ရေးကြပ်မတ် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ပြည်သူလူထု၏ စိုးရိမ်ပူပန်မှုများကို လျှော့ချပေးနိုင်ရေးအတွက် Center များကို အဆင့်မြှင့်တင်ကုသနိုင်ရေး ဆောင်ရွက် သွားရန် လိုအပ်ကြောင်း၊ တာဝန်ထမ်းဆောင်လျက် ရှိသည့်ဝန်ထမ်းများ၏ စားသောက်နေထိုင်ရေး လိုအပ်သည့် ကိစ္စရပ်များကိုလည်း ကောင်စီများ အလိုက်ဖြည့်ဆည်းဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ လက်ရှိကာလအတွင်း အောက်ဆီဂျင်လိုအပ်မှုကို အဆက်မပြတ် ဖြည့်ဆည်းနိုင်ရေးအတွက် လျှပ်စစ်မီး ပြတ်တောက်မှုမရှိစေရေး တာဝန်ရှိသူများက မျက်ခြည်မပြတ်စောင့်ကြည့်၍ ဆောင်ရွက်သွားရန် လိုအပ်ကြောင်းဖြင့် ဖြည့်စွက်ဆွေးနွေးပြောကြား သည်။ တိုးမြှင့်ဆောင်ရွက်နိုင်ရေး ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ရောဂါကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်း များအား တိုးမြှင့်ဆောင်ရွက်နိုင်ရေးနှင့်ပတ်သက်၍ ဖြည့်စွက်ပြောကြားရာတွင် “အထူးသဖြင့် ကျွန်တော် ပြောချင်တာက ရန်ကုန်တိုင်းပါပဲ၊ ရန်ကုန်တိုင်းက အခု သေဆုံးမှုကလည်း အများဆုံးဖြစ်ပါတယ်။ လူဦးရေလည်း အများဆုံးဖြစ်တယ်၊ သိပ်သည်းမှု လည်းများတယ်၊ ဒါမနေ့ကအထိ ကျွန်တော်တို့စာရင်း ရထားတာ၊ ဒါအများဆုံး။ ဒုတိယကတော့ မန္တလေး တိုင်း အများဆုံးဖြစ်တယ်။ သို့သော် ဒီလိုပြောလို့ စိတ်ပူစရာတော့မဟုတ်ပါဘူး၊ စိတ်ပူဖို့ပြောတာလည်း မဟုတ်ဘူး၊ သို့သော် နည်းနည်းပိုဂရုစိုက်ဖို့လို တယ်။ အဲဒီတော့ အောက်ဆီဂျင်လိုလို့ရှိရင်လည်း အောက်ဆီဂျင်ကို Density များတဲ့အတွက်ကြောင့် သူက များများပေးဖို့လိုတယ် ဖြည့်ဆည်းပေးဖို့လိုတာ ပေါ့နော်။ အဲဒီတော့ ဆေးရုံတွေဆို လူကျပ်တယ်လို့ ပြောတာပေါ့၊ ဥပမာ-ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ နေပြည်တော်ဆေးရုံကြီး ဒါလူတွေကျပ်တယ်လို့ ပြောတယ်။ အဲဒီတော့ ကျွန်တော်တို့က ဆေးရုံမှာ လက်မခံနိုင်ဘူးဆိုရင် ဆေးရုံကဲ့သို့ လုပ်နိုင်တဲ့နေရာမျိုး ရအောင် ဖန်တီးပေးဖို့ ကြားမှာယာယီဖန်တီးပေးရ မယ်၊ ကျွန်တော်တို့ Quarantine စင်တာတွေလုပ်ပေး ထားတာတွေရှိတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ စင်တာ ဖွင့်ရုံနဲ့မရဘူး ကျန်းမာရေးဆိုင်ရာဝန်ထမ်းတွေ ထားရမယ့်ဟာတွေရှိတယ်။ Quarantine စင်တာရယ်၊ နောက်တစ်ခါ Positive လူနာတွေထားမယ့်နေရာရယ်၊ ကုသရေးစင်တာထားမယ့်နေရာ၊ ကုသရေးစင်တာက တော့ ဒါမဖြစ်မနေ ဆရာဝန်တွေထားရမှာပေါ့။ အမြင့်ဆုံးကတော့ ကုသရေးစင်တာပဲ အဓိက Density များတဲ့ ရန်ကုန်တိုင်းလို မန္တလေးတိုင်းလိုဟာမျိုးမှာ ဒီကုသရေးနဲ့ပတ်သက်ပြီးတော့ စင်တာနဲ့ပတ်သက်ပြီး တော့ ဒီထက်တိုးချဲ့လို့ရမယ်ဆိုရင် တိုးချဲ့မယ်။ တစ်ဖက်ကလည်း လူထပ်ပေးဖို့လိုလို့ရှိရင် ထပ်ပြီး မျှရမယ့် သဘောရှိတယ်၊ အဲဒါကို Realtime လုပ်ပါ။ ဟိုတင်ပြ ဒီတင်ပြတာတွေက ကြာပါတယ်။ ချက်ချင်း ဆုံးဖြတ်ပြီး ချက်ချင်းအရေးယူ ဆောင်ရွက်တာ ကောင်းပါတယ်၊ အဲဒါလေးလုပ်ပေးပါလို့ ကျွန်တော် ကတော့ အကြံပြုလိုပါတယ်” ဟု ပြောကြားသည်။ နိဂုံးချုပ်အမှာစကားပြောကြား ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ရောဂါကာကွယ်ကုသထိန်းချုပ်ရေးအတွက် လိုအပ် သည်များကို ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း၊ လွန်ခဲ့ သည့် ရက်ပိုင်းအတွင်း တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံ တို့တွင် ရောက်ရှိနေသည့် မိမိတို့မြန်မာနိုင်ငံသားများ ပြန်လည်ရောက်ရှိရန်ရှိသည်ဟု သတင်းများရရှိခဲ့ ကြောင်း၊ ပြည်ပသို့ရောက်ရှိပြီး အခက်အခဲများ ဖြစ်ပေါ်နေသည့် မိမိတို့နိုင်ငံသားများအား မည်သို့ပင် အခက်အခဲရှိသည်ဖြစ်စေ ပြန်လည်ရောက်ရှိအောင် ခေါ်ဆောင်ပေးရမည်ဖြစ်ကြောင်း၊ လေကြောင်း၊ ရေကြောင်း၊ နယ်စပ်ဂိတ်များမှ ဝင်ရောက်လာမှု များကို မျက်ခြည်မပြတ်စောင့်ကြည့်၍ လက်ခံနိုင်ရေး ဆောင်ရွက်ပေးရမည်ဖြစ်ပြီး ၎င်းတို့၏ နေရပ်ဒေသ အသီးသီးသို့ အဆင်ပြေချောမွေ့စွာ ပြန်လည် ရောက်ရှိနိုင်ရေး စီစဉ်ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း။ ထုတ်လုပ်ပေးနိုင်ရမည် ဆေးဝါးတင်သွင်းနေရမှုများနှင့် ပတ်သက်၍ ပြည်တွင်း၌ လိုအပ်သည့် အခြေခံအိမ်သုံးဆေးဝါး များကို မိမိတို့ ပြည်တွင်း၌ပင် ထုတ်လုပ်သုံးစွဲနိုင်ရေး လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ အခြေ အနေမျိုးတွင် အများသုံးဆေးဝါးများကို ပြည်ပမှ တင်သွင်းနေရမှုများကို သင်ခန်းစာယူ၍ မိမိတို့နိုင်ငံရှိ စက်မှုဇုန်များ၊ စက်ရုံ၊ အလုပ်ရုံများတွင် ထုတ်လုပ် နိုင်ရေးဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ထုတ်လုပ် မှုများကိုလည်း အားပေးကြရမည်ဖြစ်ကြောင်း၊ အရည်အသွေးကောင်းမွန်ပြီး စွမ်းရည်မြင့်သည့် ဆေးဝါးများကို ထုတ်လုပ်ပေးနိုင်ရမည်ဖြစ်ကြောင်း။ စားသောက်ကုန်နှင့်ပတ်သက်ပြီး ကုန်ဈေးနှုန်း တက်ခြင်းများကို တစ်ကမ္ဘာလုံးတွင် တွေ့ကြုံရလျက် ရှိသည်မှာ သဘာဝပင်ဖြစ်သော်လည်း သဘာဝမကျ သည့် ကုန်ဈေးနှုန်းကြီးမြင့်မှုများဖြစ်လာ၍ မရ ကြောင်း၊ Supply နှင့် Demand မမျှပါက ကုန်ဈေး နှုန်းတက်မည်ဖြစ်ပြီး ကုန်ကြမ်းများ ဈေးမတက် စေရေး၊ သယ်ယူပို့ဆောင်ရေးစရိတ်များ မကြီးမြင့် စေရေး လုပ်ဆောင်ပေးရန်လိုကြောင်း၊ မွေးမြူရေး လုပ်ငန်းနှင့်ပတ်သက်၍ အစာဈေးနှုန်းကြီးမြင့်မှု မရှိအောင်လုပ်ဆောင်ရမည်ဖြစ်ကြောင်း။ ခွင့်ပြုပေးထား သွားလာမှုနှင့်ပတ်သက်၍ ကန့်သတ်ချက်များလုပ်ဆောင်ထားသည်ဖြစ်သော်လည်း မဖြစ်မနေ သွားလာရန်လိုအပ်သည်များကို ခွင့်ပြုပေးထား ကြောင်း၊ တစ်မြို့နှင့်တစ်မြို့ ကုန်စည်စီးဆင်းမှု၊ ကူးသန်းသွားလာမှုနှင့် ရောင်းဝယ်ဖောက်ကားမှုများ မပြတ်တောက်အောင် လုပ်ဆောင်ကြရန်လိုကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး လုပ်ငန်းများကို အင်တိုက်အားတိုက် လုပ်ဆောင်နေ ကြသည်ဖြစ်သော်လည်း ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးနှင့် ပတ်သက်၍ လုပ်ဆောင်နိုင်သည်မှန်သမျှကို ကြိုတင် ပြင်ဆင်ထားကြရန် လိုအပ်မည်ဖြစ်ကြောင်းဖြင့် ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။ သတင်းစဉ်