
လက်ရှိ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသော လူနာအများစုက အသက်ရှူမဝသောဝေဒနာများ ခံစားနေရသည့်အတွက် ပြည်သူအများစုက အောက်ဆီဂျင်နှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေရှိနေကြသဖြင့် ယင်းကိစ္စများနှင့်ပတ်သက်ပြီး မန္တလေးအထွေထွေရောဂါကု ဆေးရုံအုပ်ကြီး ဒေါက်တာသက်အောင်နှင့် သွားရောက်တွေ့ဆုံမေးမြန်းထားပါသည်-
မေး။ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး
မှာ အောက်ဆီဂျင်အရည် သိုလှောင် ထားမှုနဲ့ သုံးစွဲနေမှု အခြေအနေလေး သိပါရစေရှင့်။
ဖြေ။ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး
မှာ အောက်ဆီဂျင်အရည် ၂၁ တန်ဆံ့တဲ့ Tank တစ်ခုကို မန္တလေးတိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးနှင့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ရန်ပုံငွေရှာဖွေရေး ကော်မတီ အဖွဲ့ဝင်များက မိမိတို့ကိုယ်ပိုင်ငွေနဲ့ စုပေါင်းလှူဒါန်း ထားပါတယ်။ အစောပိုင်းကာလတုန်းကတော့ အောက်ဆီဂျင်အရည်ကုန်ရင် ရန်ကုန်ကိုမှာပြီး ဖြည့်ရပါတယ်။ အခုတလော ရန်ကုန်မှာလည်း အသုံးများနေတဲ့အတွက် တရုတ်နိုင်ငံနဲ့ ထိုင်းနိုင်ငံ တို့ကနေ တိုက်ရိုက်ဝယ်ဖြည့်နေရပါတယ်။ ပိုမို သိုလှောင်နိုင်ဖို့ အဲဒီအလှူရှင်တွေကပဲ Tank နှစ်လုံး ထပ်မံလှူဒါန်းပါတယ်။ မကြာခင် တပ်ဆင်ပြီးမှာပါ။ ကိုးကန့်လူမှုဖွံ့ဖြိုးရေးအဖွဲ့အပါအဝင် တစ်ဦးချင်း အလှူရှင်တွေကလည်း အောက်ဆီဂျင်အရည် လှူဒါန်းနေကြပါပြီ။ ၂၁ တန်ဆံ့ Tank နဲ့ category C ကိုဗစ်လူနာ ၆၇ ယောက်ကို အောက်ဆီဂျင် လေးရက်ခန့်ပေးလို့ရပါတယ်။ အခုဆေးရုံမှာ category C ကိုဗစ်လူနာ ၁၈၅ ယောက် တက်နေ ပါတယ်။ အောက်ဆီဂျင်အရည် မပြတ်အောင် အလှူရှင် ဦးကျော်ကျော်ဝင်းအဖွဲ့က Tank ကားတွေ နဲ့ တောက်လျှောက်ပို့ပေးနေပါတယ်။
မေး။ မန္တလေးမှာ အောက်ဆီဂျင် ရရှိနိုင်မယ့်
နေရာလေးတွေ ပြောပြပေးပါရှင့်။
ဖြေ။ မန္တလေးမြို့ပေါ်မှာ အောက်ဆီဂျင်
ရနိုင်တဲ့နေရာတွေကတော့ MEC ၊ အာကာမိုး၊ မန်းရှင်း၊ ရတနာပုံ၊ စိန်စွန်ညို၊ ရီရှင်း စတဲ့ အောက်ဆီဂျင်စက်ရုံတွေမှာ ရနိုင်ပါတယ်။
မေး။ အခုတလော ပြည်သူတွေ အောက်ဆီဂျင်
နဲ့ပတ်သက်လို့ ကြိုတင်ဝယ်ယူ စုဆောင်းတာတွေလည်း တွေ့နေရပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ဆရာကြီးအနေနဲ့ အကြံပြုစကားလေး ပြောပေးပါဦးရှင့်။
ဖြေ။ အကယ်၍ ကိုဗစ်-၁၉ ရောဂါဖြစ်ရင်
အောက်ဆီဂျင်မရှိမှာ စိုးရိမ်စိတ်နဲ့ ဝယ်ယူသိုလှောင်တာတွေ ရှိနေပါတယ်။ အပြစ် တော့ မဆိုသာပါဘူး။ စိတ်ချချင်တာကိုး။ ကိုဗစ်-၁၉ ဖြစ်လို့ အောက်ဆီဂျင်လိုပြီဟေ့ဆိုရင် ဆလင်ဒါ တစ်လုံး၊ နှစ်လုံးနဲ့ မလုံလောက်ပါဘူး။ ရောဂါ တကယ်ဆိုးရင် အောက်ဆီဂျင် ဆလင်ဒါလီတာ ၄၀ အိုး တစ်ယောက်အတွက် တစ်နေ့စာအလုံး ၁၀-၂၀ ပေးရမှာပါ။ မသုံးဖြစ်ဘဲ သိမ်းထားတော့ တကယ် လိုအပ်သူတွေ အခက်တွေ့ကြရပါတယ်။ စဉ်းစား ပေးနိုင်ကြပါလို့ ပြောချင်ပါတယ်။
မေး။ ကိုဗစ်လူနာတွေက များနေတော့ လက်ရှိ
မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး ရဲ့ အခက်အခဲလေးတွေရှိရင်လည်း ပြောပြပေးပါ အုံးရှင့်။
ဖြေ။ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး
မှာ ကိုဗစ်-၁၉ ရောဂါကုသဖို့ စက် ကိရိယာတွေရှိတယ်။ ကုသဆောင်တွေရှိတယ်။ ဆေးနဲ့ ဆေးပစ္စည်းကလည်း အခြေအနေသင့်တင့် တယ်။ အဓိက စိန်ခေါ်ချက် နှစ်ခုတော့ ရှိပါတယ်။ ဝန်ထမ်းအင်အား အကန့်အသတ်ပဲ ရှိနေတာ ရယ်နဲ့ အောက်ဆီဂျင် မပြတ်ဖို့ရယ်ပါပဲ။ အခုဆို အောက်ဆီဂျင်က အရင်နဲ့စာရင် အဆင်ပြေလာ စပြုနေပြီလို့ ပြောလို့ရပါတယ်။ အောက်ဆီဂျင်ရှိလို့ လူနာတွေ တိုးလက်ခံမယ်။ ကုသဆောင်တွေ တိုးဖွင့်မယ်ဆိုရင် ကျွမ်းကျင်ဝန်ထမ်းအင်အား တစ်ရပ် တာဝန်ချထားဖို့ လိုအပ်မှာဖြစ်ပါတယ်။ ဒါကိုလည်း တာဝန်ရှိသူတွေက နည်းလမ်းပေါင်းစုံ နဲ့ ကျော်လွှားနိုင်အောင် ကြိုးပမ်းနေကြပါတယ်။
မေး။ ရုတ်တရက် ကိုဗစ်ဝေဒနာရှင် တစ်ဦး
အသက်အန္တရာယ် စိုးရိမ်ရတဲ့အထိ အောက်ဆီဂျင် Level မကျအောင် ဘယ်လိုကုသမှု ခံယူသင့်တယ်ဆိုတာလေးလည်း ပြောပေးပါ ဦးရှင့်။
ဖြေ။ လက်ရှိ ကိုဗစ်ဝေဒနာရှင်တွေ ရင်ဆိုင်
နေရတာက သွေးထဲ အောက်ဆီဂျင် ပါဝင်မှုနှုန်း လျော့နည်းကျဆင်းတဲ့ ပြဿနာပါပဲ။ အကယ်၍ အောက်ဆီဂျင် ၉၂ ရာခိုင်နှုန်းအောက် ကျရင် ကုသမှု ခံယူသင့်ပါပြီ။ ပြီးတော့ အောက်ဆီဂျင် ကို သတ်မှတ်နည်းလမ်းနဲ့ ပေးရမှာ ဖြစ်ပါတယ်။ အလွန်အမင်းမကျအောင် ထိန်းထားပြီး လိုအပ်သလို ကုသမှုပေးရတာပါ။ အောက်ဆီဂျင် ရုတ်တရက် ကျဆင်းရင် အသက်အန္တရာယ်ရှိပါတယ်။ ဆေးပညာ ကျွမ်းကျင်သူရဲ့ အကူအညီ လိုအပ်ပါတယ်။
မေး။ လူနာတချို့က ကိုဗစ်ရောဂါပိုး မရှိ
ပေမယ့် ဖျားတာ၊ အသက်ရှူကျပ်တာ၊ မောတာတွေ ဖြစ်နေတာတွေလည်း တွေ့နေရ တာတွေ ရှိပါတယ်။ အဲဒါတွေက ဘာကြောင့် အဲလိုဖြစ်ပြီး။ အဲလိုလူနာမျိုးဆိုရင် ဘယ်လိုနေထိုင် သင့်ပါသလဲရှင့်။
ဖြေ။ လူတော်တော်များများက ဖျားရင်၊
အသက်ရှူမဝရင် ကိုဗစ်-၁၉ ရောဂါလို့ စိုးရိမ်တတ်ကြပါတယ်။ အခုတလော ကိုဗစ်ရောဂါ အပြင် ရာသီတုပ်ကွေးတွေ ဖြစ်နေတာတွေ ရှိပါတယ်။ မိုးများလာရင် သွေးလွန်တုပ်ကွေးလည်း ခေါင်းထောင်လာနိုင်ပါတယ်။ ဒါတွေဟာ ဗိုင်းရပ်စ် ပိုးမွှားတွေကြောင့် ဖြစ်တာပါ။ အဲဒါတွေဖြစ်ခဲ့ရင် အာဟာရဖြစ်တာတွေ စားသုံး၊ အိပ်ရေးဝဝအိပ်၊ လုံလောက်အောင်အနားယူ၊ စနစ်တကျ နှာခေါင်းစည်းတပ်၊ ကျန်းမာရေးနှင့် ညီညွတ်တဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ အလေ့အထ တွေကို ကျင့်သုံး၊ လူစုလူဝေးကို ဖြစ်နိုင်သမျှရှောင်၊ စနစ်တကျလက်ဆေး၊ လူနေမှုပုံသစ်အတိုင်း နေထိုင်ခြင်း စသည်တို့ကို လိုက်နာနေထိုင်ရင် ကိုဗစ်အပါအဝင် ဗိုင်းရပ်စ်ပိုးတွေကြောင့် ဖြစ်ပွားတဲ့ အသက်ရှူလမ်းကြောင်းရောဂါတွေကို ထိထိ ရောက်ရောက် ကာကွယ်နိုင်ပါတယ်။
ဖြစ်ပွား ခဲ့ရင်တော့ ဆေးပညာကျွမ်းကျင်သူနဲ့ စောနိုင်သမျှ စောစော ထိထိရောက်ရောက်ကုသမှု ခံယူသင့် ပါတယ်။
မေး။ ဆရာကြီးအနေနဲ့ ပြည်သူတွေသိအောင်
ဘာများဖြည့်စွက် ပြောချင်ပါသေးသလဲ ရှင့်။
ဖြေ။ ကျွန်တော့်အနေနဲ့ ပြည်သူတွေကို
မေတ္တာရပ်ခံချင်တာက ရောဂါမဖြစ်အောင် သတိတော့ ကြီးကြီးထားပါ။ သို့သော် အစိုးရိမ်မလွန်ဖို့၊ အကြောက်မလွန်ဖို့ မေတ္တာရပ်ခံချင်ပါတယ်။
မန္တလေးခရိုင်အတွင်းရှိ မြို့နယ်များ၌ အောက်ဆီဂျင်ထုတ်လုပ်သည့် စက်ရုံများမှာ မဟာ အောင်မြေမြို့နယ်တွင် သိပ္ပံလမ်း၊ ၆၅ လမ်းနှင့် ၆၆ လမ်းကြား မြို့တော်ဆေးရုံရှိ အောက်ဆီဂျင်စက်၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ၇၇ လမ်းနှင့် ရန်ကုန်- မန္တလေးလမ်းဟောင်းကြားရှိ မန်းရှင်း ဓာတ်ငွေ့ စက်ရုံ၊ ၁၇၁ လမ်းနှင့် ၁၇၂ လမ်းကြား တံခွန်တိုင် ရပ်ကွက်ရှိ ရတနာပုံ အောက်ဆီဂျင်စက်ရုံ၊ ၅၃ လမ်းနှင့် ၅၄ လမ်းကြား (ဈ)ရပ်ကွက်ရှိ စိန်စွန်ညို အောက်ဆီဂျင်စက်ရုံ၊ အမရပူရမြို့နယ် မြစ်ငယ်မြို့ရှိ လူစီးတွဲနှင့် ကုန်တွဲစက်ရုံ၊ ပုသိမ်ကြီးမြို့နယ်တွင် အောင်ချမ်းသာကျေးရွာရှိ အာကာမိုး အောက်ဆီဂျင် စက်ရုံတို့ဖြစ်ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ အဖြစ် ကိုဗစ်-၁၉ ရောဂါနှင့်သက်ဆိုင်သည့် ကျန်းမာရေးအသိပညာမြှင့်တင်ရေး ဆောင်ရွက် ခြင်း၊ ပြည်ပပြန်များအား အသွားအလာကန့်သတ် ထားရှိစစ်ဆေးခြင်း၊ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ အတည်ပြုသူများနှင့် ထိတွေ့သူ(Contact)များ ရှာဖွေဖော်ထုတ်၍ သီးခြားထားရှိ စစ်ဆေးခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါပိုးတွေ့အတည်ပြုလူနာများအား ရောဂါပြင်းထန်မှုအဆင့်အတန်းများ ခွဲခြား၍ သက်ဆိုင်ရာဆေးရုံများနှင့် ကုသရေးဌာနများသို့ လွှဲပို့ကုသခြင်း စသည့်လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တွေ့ဆုံမေးမြန်း - ထိပ်ထားနိုင်