
နေပြည်တော် ဇူလိုင် ၂၄
ကမ္ဘာတစ်ဝန်းတွင် ဖြစ်ပွားလျက်ရှိသော ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားမှု လှိုင်းများကို ထိန်းချုပ်နိုင်ရန် အရေးကြီးဆုံးထွက်ပေါက်သည် ကာကွယ် ဆေးဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးအသိပညာ မြှင့်တင်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက ဇူလိုင် ၂၂ ရက်က ပြုလုပ် သည့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ဆောင်ရွက်ချက် များအကြောင်း သိကောင်းစရာအစီအစဉ်တွင် ပြောကြားခဲ့သည်။
“ကာကွယ်ဆေးကို ထိုးလိုက်ရင်ရရှိတဲ့အာနိသင်ကို အများနားလည် အောင်ပြောရရင် ဗိုင်းရပ်စ်နဲ့ပတ်သက်တဲ့ ဆူးချွန်မှာပါတဲ့ အသားဓာတ် ပရိုတိန်းကို ခန္ဓာကိုယ်ထဲ ထိုးထည့်ပေးလိုက်တယ်။ တချို့ဆေးတွေက ဗိုင်းရပ်စ်ရဲ့ ဆူးချွန်လေးတွေပဲ ခန္ဓာကိုယ်က ထွက်စေအောင် လုပ်တာ ရှိတယ်။ တချို့ကလည်းဗိုင်းရပ်စ်ကို အားပျော့အောင်၊ ဗိုင်းရပ်စ်က ခန္ဓာကိုယ်ထဲမှာ လုံးဝမပွားနိုင်အောင်လုပ်ပြီး ကိုယ်ခံအားစနစ်ကို ယဉ်ပါးစေအောင် လုပ်တာရှိတယ်။
“ဒီလို ခန္ဓာကိုယ်ထဲမှာ ဗိုင်းရပ်စ်ရဲ့ဆူးချွန်တွေပဲ ထွက်လာတယ်။ ဒါမှမဟုတ် ဗိုင်းရပ်စ်က မပွားတော့ပေမယ့် သူ့ရဲ့အာနိသင်ပုံပန်းသဏ္ဌာန် ဓာတ်တွေရှိတော့ ဒါတွေကိုခန္ဓာကိုယ်ခုခံအားစနစ်က သိရှိလေ့ကျင့်ပြီး တဖြည်းဖြည်းနဲ့ ဒါကိုတိုက်ခိုက်လာတယ်။ တိတိကျကျတိုက်ခိုက်နိုင်တဲ့ ပဋိပစ္စည်းတွေ ထွက်လာတယ်။ ခုခံအားဆဲလ်တွေကလည်း ဗိုင်းရပ်စ် ကို မှတ်မိသွားပါတယ်” ဟု ဆိုသည်။
ကာကွယ်ဆေးကို နှစ်ကြိမ်ထိုးရမည်ဖြစ်ကာ ပထမတစ်ကြိမ် ထိုးပြီး ရက်သတ္တ သုံးပတ် သို့မဟုတ် လေးပတ်ခြားပြီးပါက နောက်တစ်ကြိမ် ထိုးကြရခြင်းဖြစ်သည်။ နှစ်ပတ်ခန့်ကြာသည့်အခါ ဗိုင်းရပ်စ်ဝင်လာပါက နှိမ်နင်းမည့် ကိုယ်ခံအားစနစ်များ ခန္ဓာကိုယ်ထဲမှာ ရှိနေပြီဖြစ်ကြောင်း သိရသည်။
“ ဗိုင်းရပ်စ် ဝင်လာရင် အဆင်သင့်ရှိနေတဲ့ ပဋိပစ္စည်းတွေကဗိုင်းရပ်စ် ကို အုပ်လိုက်တယ်။ အဓိက ဆူးချွန်ကိုအုပ်တာပေါ့၊ ဗိုင်းရပ်စ် ခန္ဓာကိုယ် ထဲမှာရှိတဲ့ ဆဲလ်ကိုဝင်မယ်ဆိုရင် ဆူးချွန်တွေက အရင်ဆုံးလာတယ်။ ဆူးချွန်မှာရှိတဲ့ Spike Protein က ခန္ဓာကိုယ်ထဲမှာ မျက်စိ၊ နှာခေါင်း၊ ပါးစပ်မှာရှိတဲ့ ACE2 receptor မှာလာပေါင်းပြီး လူရဲ့ဆဲလ်ထဲကို ဝင်ပါ တယ်။ အဲဒီအခါ အသင့်ရှိနေတဲ့ ပဋိပစ္စည်းတွေက ဆူးချွန်ကို အုပ်လိုက် တဲ့အခါ ဗိုင်းရပ်စ်က ခန္ဓာကိုယ်ထဲမှာရှိတဲ့ ဆဲလ်ထဲကို ဝင်လို့ မရတော့ ဘူး။ ဝင်လို့မရတော့ ဗိုင်းရပ်စ်က ဘယ်လိုမှ ဒုက္ခပေးလို့ မရတော့ဘူး။ ပျက်စီးသွားပါတယ်” ဟု ကာကွယ်ဆေး၏ အကျိုးအာနိသင်နဲ့ ပတ်သက်၍ ပြောကြားသည်။
ကာကွယ်ဆေးထိုးထားသည့်အခါ ခန္ဓာကိုယ်ထဲရှိ ပဋိပစ္စည်းများက ဝင်လာသည့် ဗိုင်းရပ်စ်ကို ပွားများ၍ မရအောင် တိုက်ဖျက်လိုက်သည့် အတွက် ရောဂါပြင်းပြင်းထန်ထန်ဖြစ်ပွားမှုနှင့် သေဆုံးမှုများမှ ကာကွယ်နိုင်မည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ကာကွယ်ဆေး၏ ကောင်းကျိုးသည် လက်တွေ့အကျိုးရှိ ထိရောက်သည့်အတွက် ထိုးနှံသင့်ကြောင်းကိုလည်း ဆက်လက်သုံးသပ် ပြောကြားသည်။
ထက်လျှံ