ရေအားလျှပ်စစ်မှ လျှပ်စစ်ဓာတ်အားထုတ်ယူနိုင်မည့် စီမံကိန်းအသစ်များကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်

 

နေပြည်တော်   ဇူလိုင်   ၂၁  


လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဦးသောင်းဟန်သည်  ဌာန ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပဲခူတိုင်း ဒေသကြီး(အရှေ့ပိုင်း)ရှိ  ကွန်းချောင်းရေအား လျှပ်စစ် ဓာတ်အားပေးစက်ရုံနှင့်  ဖြူးချောင်းရေအား လျှပ်စစ်  ဓာတ်အားပေးစက်ရုံတို့၏ ဓာတ်အားထုတ် လုပ်မောင်းနှင်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

 


ရှေးဦးစွာ   ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဖြူးမြို့  အနောက်တောင်ဘက် ကိုးမိုင်ခန့်အကွာတွင် တည်ဆောက်ထားသည့် ကွန်းချောင်းရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံသို့  ရောက်ရှိကြပြီး ဓာတ်အား ပေးစက်ရုံမှူးက စက်ရုံဆိုင်ရာ လုပ်ငန်းဆောင်ရွက် နေမှုကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်    လျှပ်စစ် ဓာတ်အားရရှိမှုသည်   အဓိကကျသည့်အတွက် မိမိတို့ဝန်ကြီးဌာနအနေဖြင့် နိုင်ငံ၏  သဘာဝအရင်း အမြစ်များ  ရရှိမှုအပေါ်အ​ခြေခံ၍  စီးပွားရေးအရ တွက်ခြေကိုက်ပြီး  သဘာဝပတ်ဝန်းကျင်နှင့် လူမှု ပတ်ဝန်းကျင်ကို  ထိခိုက်မှုအနည်းဆုံးဖြစ်စေမည့်   ရေအားလျှပ်စစ်မှ လျှပ်စစ်ဓာတ်အားထုတ်ယူနိုင်မည့် စီမံကိန်းအသစ်များကို  စဉ်ဆက်မပြတ် အကောင် အထည်ဖော်   ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထို့အတူ တည်ဆောက်ပြီး  ဓာတ်အားပေးစက်ရုံများရှိ ဓာတ်အားပေးစက်များကို       စက်စွမ်းအားပြည့် မောင်းနှင်လည်ပတ်နိုင်ရေးအတွက်  ရေလှောင်တမံ အတွင်း စီးဝင်လာသောရေကို စနစ်တကျသိုလှောင် ၍ လျှပ်စစ်ဓာတ်အားများ  စဉ်ဆက်မပြတ်ထုတ်လုပ် နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန်၊ စက်ရုံရေရှည် တည်တံ့ခိုင်မြဲရေး၊  သတ်မှတ်  Schedule အတိုင်း ဓာတ်အားပေးစက်များ လည်ပတ်ထုတ်လုပ်နိုင်ရေး ပုံမှန်ပြုပြင် ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက် သွားရန်နှင့် လုံခြုံရေးအထူးဂရုပြု ဆောင်ရွက်သွားရန် မှာကြားပြီး နိုင်ငံတော်ဓာတ်အားစနစ်သို့  ချိတ်ဆက် ၍  လျှပ်စစ်ဓာတ်အား  ပို့လွှတ်နေမှု၊  တာဘိုင်ခန်း အတွင်း  စက်များမောင်းနှင်နေမှု၊  ရေလှောင်တမံ အတွင်း ရေဝင်ရောက်မှု၊ ရေသိုလှောင်ထားရှိမှု၊ ရေယူ အဆောက်အအုံ၊  ရေပိုလွှဲနှင့် ပင်မတမံကြံ့ခိုင်မှုကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။  

 

   
ဆက်လက်၍  ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဖြူးမြို့အနောက်ဘက် ခုနစ်မိုင်ခန့်အကွာ  ဖြူးချောင်း ပေါ်တွင် တည်ဆောက်ထားသည့် ဖြူးချောင်းရေအား လျှပ်စစ်   ဓာတ်အားပေးစက်ရုံသို့     ရောက်ရှိကြပြီး တာဘိုင်ခန်းအတွင်း       စက်များမောင်းနှင်နေမှု၊ ရေလှောင်တမံအတွင်း  ရေဝင်ရောက်မှုနှင့် ပင်မတမံ ကြံ့ခိုင်မှုကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

 


ကွန်းချောင်း   ရေအားလျှပ်စစ်  ဓာတ်အားပေး စက်ရုံသည်  ကွန်းချောင်းပေါ်တွင်တည်ရှိပြီး ၂၀ မဂ္ဂါဝပ်ထွက်ရှိသော    ဓာတ်အားပေးစက်သုံးလုံးဖြင့် စုစုပေါင်း   စက်တပ်ဆင်အင်အား  ၆၀ မဂ္ဂါဝပ်ဖြင့် တစ်နှစ်လျှင် ပျမ်းမျှလျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီ သန်းပေါင်း ၁၉၀  ကို  နိုင်ငံတော်ဓာတ်အားစနစ်သို့ လည်းကောင်း၊ ဖြူးချောင်း ဓာတ်အားပေးစက်ရုံသည် ဖြူးချောင်းပေါ်တွင်တည်ရှိပြီး    ၂၀ မဂ္ဂါဝပ်ထွက်ရှိ သော  ဓာတ်အားပေးစက်နှစ်လုံးဖြင့်    စုစုပေါင်း စက်တပ်ဆင်အင်အား ၄၀ မဂ္ဂါဝပ်ဖြင့် တစ်နှစ်လျှင် ပျမ်းမျှလျှပ်စစ်ဓာတ်အား  ကီလိုဝပ်နာရီသန်းပေါင်း ၁၂၀  ကို နိုင်ငံတော်ဓာတ်အားစနစ်သို့ လည်းကောင်း စက်စွမ်းအားပြည့်      ချိတ်ဆက်ပို့လွှတ်ဖြန့်ဖြူးပေး လျက်ရှိသဖြင့်    လက်ရှိအခြေအနေတွင်    ရေဝင် ရောက်မှုနည်းသော်လည်း  လာမည့်နွေရာသီအမီ လျှပ်စစ်ဓာတ်အား  လိုအပ်ချက်အား  ပြည့်မီအောင် ရေလှောင်တမံများအတွင်းသို့ စီးဝင်လာသည့်ရေကို သိုလှောင်စုဆောင်းပြီး  စနစ်တကျစီမံ၍ တစ်နှစ်ပတ် လုံး   ဓာတ်အားစဉ်ဆက်မပြတ်   ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရန်အတွက်   စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


သတင်းစဉ်