
မြူခိုး
နိုင်ငံတော်အနေဖြင့် လိုအပ်သော လျှပ်စစ်ဓာတ်အားများကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် ရေအားလျှပ်စစ်စီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ရဲရမန်းရွာအနီး မန္တလေးမြို့၏ အရှေ့တောင်ဘက် ၃၁ မိုင်အကွာ မြစ်ငယ်မြစ် (ဒုဋ္ဌဝတီမြစ်)ပေါ်တွင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် ရဲရွာရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသည်လည်း တစ်ခု အပါအဝင်ဖြစ်သည်။
ရဲရွာ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ သည် တပ်ဆင်အင်အား ၁၉၇ ဒသမ ၅ မဂ္ဂါဝပ်ရှိ စက် လေးလုံး၊ စုစုပေါင်းတပ်ဆင်အင်အား မဂ္ဂါဝပ် ၇၉၀ ရှိပြီး လက်ရှိအချိန်အထိ မြန်မာနိုင်ငံ၏ အကြီးဆုံး ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ ကြီးဖြစ်သည်။
ဓာတ်အားထုတ်ယူနိုင်ရန် လေ့လာမှုများ
မြစ်ငယ်မြစ်သည် မန္တလေးမြို့၏ တောင်ဘက် ၁၀ မိုင်ခန့်အကွာတွင် ဧရာဝတီမြစ်အတွင်းသို့ စီးဝင်သည်။ မြစ်ငယ်မြစ်မှ ရေအားလျှပ်စစ်ထုတ် ယူနိုင်ရေးကို ၁၉၂၄ ခုနှစ်တွင် Raikes (ဗြိတိသျှ ကုမ္ပဏီ)က Hydroelectric Survey of Burma ဖြင့် စတင်လေ့လာခဲ့သည်။ ၁၉၅၀ ပြည့်နှစ်နှင့် ၁၉၆၀ ပြည့်နှစ်များတွင် ယင်းကုမ္ပဏီကပင် ထပ်မံလေ့လာ မှုများ ပြုလုပ်ခဲ့သည်။ ၁၉၅၄ ခုနှစ်တွင် Sir Alexzandra Gibbs & Partners (ဗြိတိသျှကုမ္ပဏီ)က မြစ်ငယ်မြစ်အလယ်ပိုင်းရှိ ပြောင်သျှိုရေကျ နေရာတွင် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၆၀ ခန့် ထုတ်ယူနိုင်ကြောင်း လေ့လာတွေ့ရှိခဲ့သည်။ ၁၉၇၃ ခုနှစ်တွင် မြန်မာ့လျှပ်စစ်ဓာတ်အားလုပ်ငန်း၊ ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဌာန က စူးစမ်းလေ့လာမှုလုပ်ငန်းများ ဆက်လက် ဆောင်ရွက်ခဲ့ပြီး ရဲရွာအထက် နှစ်မိုင်ခန့်တွင် အမြင့် ပေ ၃၇၀ မှ ပေ ၄၄၀ အကြားရှိသော ကျောက်ဖြည့် ရေလှောင်တမံတစ်ခု တည်ဆောက်လျက် လျှပ်စစ် ဓာတ်အား မဂ္ဂါဝပ် ၄၀၀ ထုတ်လုပ်နိုင်မည်ဖြစ် ကြောင်း လေ့လာတွေ့ရှိခဲ့သည်။ ၁၉၇၈ ခုနှစ်တွင် Burma Umbrella Project အရ Newjec (ဂျပန်ကုမ္ပဏီ)က ထပ်မံစူးစမ်းလေ့လာခဲ့ပြီး ရေလှောင်တမံနေရာအနီးတွင် ရဲ-ရမန်း ပြတ်ရွေ့ တည်ရှိနေခြင်းကြောင့် အသေးစိတ်တိုင်းတာမှုများ ဆက်လက်ဆောင်ရွက်ခဲ့ခြင်း မရှိပါ။
မြန်မာ့လျှပ်စစ်ဓာတ်အားလုပ်ငန်းက Newjec (ဂျပန်ကုမ္ပဏီ)၏ အစီရင်ခံစာအပေါ် လေ့လာ သုံးသပ်ခဲ့ပြီး ၁၉၉၄ ခုနှစ်တွင် မြန်မာ့လျှပ်စစ် ဓာတ်အားလုပ်ငန်းနှင့် Nippon Koei (ဂျပန်ကုမ္ပဏီ) တို့ ပူးပေါင်း၍ စူးစမ်းလေ့လာမှုလုပ်ငန်းများကို ထပ်မံပြုလုပ်ခဲ့ရာ ရဲရွာ၏ အထက် ခြောက်မိုင်ခန့်ရှိ စလင်းချောင်းအနီးတွင် ရေလှောင်တမံတစ်ခု တည်ဆောက်လျက် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၆၀၀ ခန့် ထုတ်လုပ်နိုင်ကြောင်းတွေ့ရှိခဲ့သည်။ ၁၉၉၆ ခုနှစ် ဇန်နဝါရီလတွင် မြန်မာ့လျှပ်စစ်ဓာတ် အားလုပ်ငန်းနှင့် SAMCO (ဗီယက်နမ်ကုမ္ပဏီ) တို့ ပူးပေါင်း၍ ရဲရွာရေလှောင်တမံ တည်ဆောက် မည့်နေရာအား ကောင်းကင်မြေတိုင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ၁၉၉၆ ခုနှစ် ဖေဖော်ဝါရီလတွင် ပဏာမစူးစမ်းလေ့လာမှု အစီရင်ခံစာကို တင်သွင်းခဲ့ သည်။ ၁၉၉၈ ခုနှစ်တွင် မြန်မာ့လျှပ်စစ်ဓာတ်အားလုပ်ငန်းနှင့် Nippon Koei (ဂျပန်ကုမ္ပဏီ) တို့ အသေးစိတ်စူးစမ်းလေ့လာမှုများအတွက် သဘော တူ စာချုပ်ချုပ်ဆိုခဲ့ပြီး ၎င်းကုမ္ပဏီက တင်သွင်းခဲ့ သော ပဏာမစူးစမ်းလေ့လာမှု အစီရင်ခံစာ (Preliminary Study Report) အပေါ် အခြေခံပြီး စူးစမ်းလေ့လာခဲ့ရာ လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၇၀၀ အထိ ထုတ်လုပ်နိုင်ကြောင်း တွေ့ရှိရပြီး ၁၉၉၉ ခုနှစ် ဇွန်လတွင် The Environmental Impact Assessment Survey Report ကို တင်ပြနိုင်ခဲ့သည်။ ထို့နောက် ၂၀၀၀ ပြည့်နှစ်တွင် အပြီးသတ်ဒီဇိုင်းအစီရင်ခံစာကို တင်သွင်းခဲ့သည်။ ၂၀၀၁ ခုနှစ်တွင် ဒီဇိုင်းပုံစံထုတ်လုပ်ခြင်း၊ တင်ဒါ စံချိန်စံညွှန်းများ ပြုစုခြင်းနှင့် တည်ဆောက်ရေး လုပ်ငန်းများ ကြီးကြပ်ခြင်းတို့အတွက် Colenco Power Engineering Ltd. (ဆွစ်ဇာလန်ကုမ္ပဏီ) နှင့် စာချုပ်ချုပ်ဆိုပြီး လုပ်ငန်းများကို စတင် ဆောက်ရွက်ခဲ့သည်။
ဓာတ်အားစတင်ထုတ်လုပ်
တည်ဆောက်ရေးလုပ်ငန်းများကို ၂၀၀၁ ခုနှစ် တွင် စတင်ဆောင်ရွက်ခဲ့ပြီး ၁၅-၁၂-၂၀၁၀ ရက် တွင် ဓာတ်အားပေးစက်ရုံကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ကာ ထိုအချိန်မှစတင်၍ ဓာတ်အားပေး စက်လေးလုံး၏ တပ်ဆင်အင်အား မဂ္ဂါဝပ် ၇၉၀ ဖြင့် ဓာတ်အားကွန်ရက်စနစ်မှတစ်ဆင့် တစ်နိုင်ငံလုံးသို့ လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးနိုင်ခဲ့ပြီး နိုင်ငံတော် ၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို တစ်ထောင့် တစ်နေရာမှ ဖြည့်ဆည်းပေးလျက်ရှိသည်။
ရဲရွာ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ၏ စီမံကိန်းကုန်ကျစရိတ်မှာ ကျပ်သန်းပေါင်း ၂၉၅၅၂၂ ဒသမ ၀၈၂ ဖြစ်ပြီး ၎င်းစက်ရုံ၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အထိ စုစုပေါင်းပို့လွှတ်ဓာတ်အား ယူနစ် သန်းပေါင်း ၂၇၆၁၇ ဒသမ ၄၂၅ အပေါ် ရောင်းချရရှိမှု အမြတ်ငွေမှာ ကျပ်သန်းပေါင်း ၁၀၂၁၅၄၉ ဒသမ ၃၀၅ ရှိသဖြင့် ၁၂ နှစ်တာကာလ အတွင်း အကျိုးအမြတ်များစွာ ဖြစ်ထွန်းစေခဲ့သည်။
ရဲရွာ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသည် ရေလှောင်တမံတည်ဆောက်၍ ရေသိုလှောင်ပြီး လိုအပ်သလို ဓာတ်အားထုတ်လုပ်နိုင်သည့် ရေလှောင်တမံအမျိုးအစားစက်ရုံဖြစ်ပြီး ရေလှောင် တမံအတွင်း ရေသိုလှောင်နိုင်မှုမှာ ဧကပေ ၂၁ သိန်း ခန့်ရှိသည်။ နှစ်စဉ်စီးဝင်ရေမှာ သိုလှောင်နိုင်သည့် ပမာဏထက် များစွာပိုမိုနေသဖြင့် ပိုလျှံရေကို တိုးမြှင့်သိုလှောင်နိုင်ရေးအတွက် ရဲရွာဓာတ်အား ပေးစက်ရုံ အထက်ဘက်တွင် နိုင်ငံတော်မှ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် အထက် ရဲရွာနှင့် ဆက်လက်တည်ဆောက်မည့် အလယ် ရဲရွှာ ရေအားလျှပ်စစ်စီမံကိန်းကဲ့သို့သော ရေလှောင် တမံအမျိုးအစား ဓာတ်အားပေးစက်ရုံများ ထပ်မံ ဖြစ်ထွန်းလာပါက ရဲရွာဓာတ်အားပေးစက်ရုံသည် လည်း ရေသုံးစွဲနိုင်မှု ပိုမိုတိုးတက်လာပြီး လက်ရှိ ထုတ်လုပ်နေသည့် ဓာတ်အားပမာဏထက် ပိုမို ထုတ်လုပ်နိုင်ခြင်း၊ ရဲရွာစက်ရုံ၏ အောက်ဘက်တွင် ဒီးဒုတ်ရေအားလျှပ်စစ်စီမံကိန်းကဲ့သို့ အနိမ့်တမံ စနစ်သုံး ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ခြင်းဖြင့် လျှပ်စစ်ဓာတ်အား ထုတ် လုပ်ရန် ရေကိုထိရောက်စွာ အသုံးချနိုင်ခြင်း၊ နွေရာသီကာလ ဓာတ်အားလိုအပ်ချက်ကို ပိုမိုပံ့ပိုး ပေးနိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ထပ်မံရရှိနိုင် မည်ဖြစ်၍ ဓာတ်အားပေး စက်ရုံသစ်များ ဖြစ်ထွန်း ရေးကိုလည်း တွန်းအားမြှင့် ဆောင်ရွက်ရန် လိုအပ် ပါသည်။
နည်းပညာပိုင်းဆိုင်ရာ အကျိုးကျေးဇူးများ
ရဲရွာ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ပြီးစီးချိန်တွင် ဓာတ်အားစနစ်အတွင်း လိုအပ်သည့် ဝန်အားကို လိုအပ်သလို ထိန်းညှိ ထုတ်လုပ်ပေးနိုင်သဖြင့် ဓာတ်အားစနစ်တစ်ခုလုံး ရပ်တန့်၍ မီးပျက်ခြင်း (System Breakdown) ဖြစ်စဉ်များကို လျော့နည်းသွားစေခြင်း၊ ဓာတ်အား စနစ်အတွင်း သတ်မှတ်ထားသော ဗို့အားကို တည်ငြိမ်စွာရရှိစေရန် ဗို့အားမြှင့်တင်ခြင်း/လျှော့ချ ခြင်းတို့ကို ထိန်းညှိဆောင်ရွက်ပေးနိုင်သဖြင့် ဓာတ်အားစနစ် တည်ငြိမ်မှုကို ရရှိခြင်းစသည့် နည်းပညာပိုင်းဆိုင်ရာ အကျိုးကျေးဇူးများကိုလည်း ဖြစ်ပေါ်စေခဲ့ပါသည်။
မြစ်ငယ်မြစ်သည် မိုးရာသီတွင် ရေစီးသန်သော ကြောင့် မြစ်ကြောင်းခရီးသွားလာရန် ခက်ခဲသော မြစ်တစ်ခုဖြစ်သော်လည်း ရဲရွာရေလှောင်တမံ တည် ဆောက်ပြီးစီးချိန်မှ စတင်ကာ ရေလှောင်တမံ အတွင်း ရေသိုလှောင်ပြီး စက်များမောင်းနှင်ကာ ရေကို မြစ်ငယ်မြစ်အတွင်း ပုံမှန်ပြန်လည်ထိန်းညှိ ထုတ်လွှတ်ပေးသဖြင့် ရဲရွာဓာတ်အားပေးစက်ရုံအောက်ပိုင်းတွင် ၁၂ ရာသီပတ်လုံးလှေငယ်များဖြင့် ရေကြောင်းခရီး သွားလာနိုင်ရေးအတွက် အထောက် အကူဖြစ်စေခဲ့သည်။ ထို့ပြင် စက်ရုံက ရေကို တစ်နှစ်ပတ်လုံး စဉ်ဆက်မပြတ် ထုတ်လွှတ်ပေးမှု ကြောင့် ရဲရွာဓာတ်အားပေးစက်ရုံအောက်ပိုင်း ဒေသများတွင် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများ အတွက် စိုက်ပျိုးရေ ၁၂ ရာသီပတ်လုံး ရရှိသည့် အကျိုးကျေးဇူးများကို မြစ်ငယ်မြစ် အောက်ပိုင်းရှိ တောင်သူလယ်သမားများ ရရှိခံစားခဲ့ရသည်။
အခြေအနေကောင်းများဖြစ်ပေါ်စေ
ရဲရွာဓာတ်အားပေးစက်ရုံ တည်ဆောက်ခြင်း မပြီးမီ ၂၀၁၀ ပြည့်နှစ် အစောပိုင်းကာလများတွင် ဓာတ်အားသုံးစွဲသူများသို့ ဓာတ်အားဖြန့်ဖြူးပေးရာ ၌ အလှည့်ကျစနစ်ဖြင့်သာ ဓာတ်အားဖြန့်ဖြူးပေးခဲ့ သော်လည်း ရဲရွာဓာတ်အားပေးစက်များ ဓာတ်အား စတင်ထုတ်လုပ်နိုင်ချိန် ၂၀၁၀ ပြည့်နှစ် နောက်ပိုင်း ကာလများတွင် လျှပ်စစ်သုံးစွဲသူ ပြည်သူများ ၂၄ နာရီကာလပတ်လုံး ဓာတ်အားသုံးစွဲလာနိုင်ခြင်း၊ ရေလှောင်တမံအောက်ပိုင်းဒေသများ ရေပြတ် လပ်မှုမရှိစေရေး ဓာတ်အားပေးစက်များကို လိုအပ်သလို ထိန်းညှိမောင်းနှင်ပေးခဲ့သဖြင့် စက်ရုံ အောက်ဘက်ဒေသများတွင် အပန်းဖြေနေရာများ၊ ရှုခင်းသာစခန်းများစွာပေါ်ပေါက်လာပြီး ခရီးသွား အပန်းဖြေဧည့်သည်များ ပေါများလာကာ သဘာဝ အခြေခံခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးလာခြင်း၊ ခရီးသွားလုပ်ငန်းကြောင့် ဒေသတွင်းနေထိုင်သူ များ၏ အသက်မွေးဝမ်းကျောင်းမှုကို အထောက် အကူပြုခြင်း စသည့်အခြေအနေကောင်းများ ဖြစ်ပေါ်စေခဲ့သည်။
လက်ရှိ မြန်မာ့ဓာတ်အားစနစ်အတွက် လျှပ်စစ် ဓာတ်အားထုတ်လုပ်ပေးနေသည့် ဓာတ်အားပေး စက်ရုံတို့မှာ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံ၊ နေရောင် ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ၊ ကျောက်မီးသွေးသုံးဓာတ်အားပေးစက်ရုံနှင့် ပြည်ပမှတင်သွင်း သော LNG ဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံတို့ ဖြစ်သည်။ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အရင်း အမြစ်ဖြစ်သော ရေအားလျှပ်စစ်သည် ဈေးနှုန်း ချိုသာစွာ ဓာတ်အားထုတ်ယူနိုင်သော်လည်း ၂၀၂၂ ခုနှစ် ဇန်နဝါရီလအတွင်း ဓာတ်အားထုတ်လုပ်မှုအရ စုစုပေါင်းထုတ်လုပ်မှု၏ ၃၈ ဒသမ ၅ ရာခိုင်နှုန်းသာ ရှိသည်။
ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများသည် ကာလရှည် တည်ဆောက်ရသည့် ဓာတ်အားပေး စက်ရုံများဖြစ်သဖြင့် နိုင်ငံအတွင်း ဓာတ်အားသုံးစွဲမှု ဖူလုံစေရန် ဓာတ်အားပေးစက်များ မောင်းနှင် ထုတ်လုပ်ရာတွင် ဓာတ်အားလိုအပ်ချက်ဖြစ်ပေါ် လာပါက လိုအပ်ချက်ကို အမြန်ဖြည့်ဆည်းပေးနိုင် ရေးအတွက် ကာလတိုအတွင်း တည်ဆောက်ပြီးစီး နိုင်သည့် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံများကို တိုးမြှင့်တည်ဆောက်မောင်းနှင်ရန် စီစဉ်ဆောင်ရွက်ခဲ့ကြရသည်ကို တွေ့ရှိရပြီး ထိုသို့ ဆောင်ရွက်ပါက ဈေးနှုန်းချိုသာသည့် ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများ ၏ ထုတ်လုပ်မှုအချိုး လျော့ကျသွားပြီး လောင်စာ ဆီ/ဓာတ်ငွေ့ကို အသုံးပြုကာ ဓာတ်အားတိုးမြှင့်ထုတ်လုပ်ရသဖြင့် ဓာတ်အားတစ်ယူနစ်အတွက် ထုတ်လုပ်မှုကုန်ကျစရိတ် မြင့်မားလာကာ လျှပ်စစ် ထုတ်လုပ်မှုအတွက် နိုင်ငံတော်က စိုက်ထုတ်ကျခံ ပေးရသည့် အခြေအနေများ ဖြစ်ပေါ်လာပါသည်။ နောက်ဆက်တွဲ ရလဒ်အနေဖြင့် နိုင်ငံတော် တိုးတက်ရေးအတွက် အခြေခံအဆောက်အဦများ တည်ဆောက်ရာတွင် အသုံးပြုရမည့် ဘဏ္ဍာငွေများ ကို ဓာတ်အားထုတ်လုပ်ရာတွင် ပိုမိုထည့်ဝင်သုံးစွဲ လာရခြင်းကြောင့် နိုင်ငံတိုးတက်မှုကို မလွဲမသွေ အဟန့်အတားဖြစ်စေကြောင်း သိရှိကြမည် ဖြစ်ပါ သည်။
သို့သော် လျှပ်စစ်သုံးစွဲသူပြည်သူများကို ဖြန့်ဖြူးရောင်းချနေသော လျှပ်စစ်ဓာတ်အားခကို အခြေခံ၍ ဓာတ်အားထုတ်လုပ်မှုကုန်ကျစရိတ်ကို လျှော့ချရန် အလေးထားဆောင်ရွက်ချက်အနေဖြင့် ဈေးနှုန်းချိုသာစွာ ဓာတ်အားထုတ်နိုင်သည့် ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံများကို ရေတို/ရေရှည်အစီအမံများချမှတ်ကာ တိုးမြှင့် တည်ဆောက်ပြီး လောင်စာဆီသုံးဓာတ်အားပေးစက်ရုံများကို လျှော့ချသွားနိုင်ရေးအတွက် အဘက်ဘက်မှ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်သည်။
နိုင်ငံ၏ ရေအရင်းအမြစ်များကို အကျိုးရှိစွာအသုံးချ
သို့ဖြစ်ပါ၍ မြန်မာနိုင်ငံတွင် အလားတူရှိသော အဓိကမြစ်ကြီးလေးသွယ်ဖြစ်သည့် ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ စစ်တောင်းမြစ်၊ သံလွင်မြစ်တို့ကို လည်း မြန်မာပြည်သူများ၏ လူမှုစီးပွားဘဝ အစဉ် တိုးတက်နေရေးအတွက် လျှပ်စစ်ကဏ္ဍမှ လိုအပ် သည်များ ဖြည့်တင်းဆောင်ရွက်ပေးရာတွင် ဈေးနှုန်းသက်သာသော လျှပ်စစ်ဓာတ်အားကို ထုတ်လုပ်ရရှိနိုင်ရန် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် ပြီး သဘာဝပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံး နည်းလမ်းများကို အသုံးပြုလျက် ရေရှည်တည်တံ့ သည့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်တစ်ခု ဖြစ်သော ရေအားလျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းလုပ်ငန်းအပြင် ရေကြောင်းပို့ဆောင်ဆက်သွယ်ရေး၊ စိုက်ပျိုးရေလုံလောက်စွာရရှိရေးတို့အတွက် အရှိန် အဟုန်မြှင့် ဆောင်ရွက်သင့်ပါကြောင်းနှင့် နိုင်ငံ တကာ အတွေ့အကြုံကောင်းများကို ရယူလျက် ရေအားလျှပ်စစ်စီမံကိန်းများကို အကောင်အထည် ဖော်လျက် နိုင်ငံ၏ရေအရင်းအမြစ်များကို အကျိုး ရှိစွာ အသုံးချဆောင်ရွက်သင့်ပါကြောင်း ရဲရွာ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံမှ ထွက်ပေါ် လာသော အလင်းရောင်များကို သက်သေတည်လျက် တိုက်တွန်းလိုက်ရပါသည်။ ။
- Log in to post comments