ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်ကြောင့် ရေရှားပါးလာမှုကို ဖြေရှင်းနိုင်ရန် ရေရရှိရေးဆောင်ရွက်နေသည့် လုပ်ငန်းများဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်ကြောင့် ရေရှားပါးလာမှုကို ဖြေရှင်းနိုင်ရန်

ရေရရှိရေးဆောင်ရွက်နေသည့် လုပ်ငန်းများဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

=======================================================================================================

 

နေပြည်တော် ဇန်နဝါရီ ၈

 

ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်ကြောင့် ကြုံတွေ့လာရသည့် ရေရှားပါးလာမှုကို ဖြေရှင်းနိုင်ရန် ရေရရှိရေးဆောင်ရွက် နေသော လုပ်ငန်းများနှင့် ဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ် များဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ တားဆီးကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။

 

တက်ရောက်

 

အစည်းအဝေးသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ၊ ဒုတိယဝန်ကြီး ဦးလှကျော်၊ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦးနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဆည်မြောင်း နှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ရုံးချုပ် နှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များရှိ တာဝန်ခံ အင်ဂျင်နီယာများအနေဖြင့် တိုင်းဒေသကြီး/ပြည်နယ် အစိုးရများထံ တင်ပြလမ်းညွှန်မှုခံယူပြီး ရေအရင်းအမြစ်များရှာဖွေထိန်းသိမ်း၊ စနစ်တကျသုံးစွဲနိုင်ရေးတို့အတွက် စည်းကမ်းနည်းလမ်းကျသည့်ဦးဆောင်မှုများ ပေးသွား ခြင်းဖြင့် လုပ်ငန်းခွင်အကျိုးရှိ ထိရောက်စွာဆောင်ရွက်ပြီး ဆည်မြောင်းကဏ္ဍ တိုးတက်စေရေးကို ကြိုးပမ်းအားထုတ် ကြစေလိုကြောင်း၊ ဖြစ်ပေါ်လာနိုင်သည့် ရေရှားပါးမှုပြဿနာ အခက်အခဲကို ဖြေရှင်းနိုင်ရေးအတွက် မြေအောက်ရေရရှိ ထိန်းသိမ်းမှု၊ ကျေးလက်သောက်သုံးရေ ရရှိရေးလုပ်ငန်းများ၊ သောက်သုံးရေနှင့် စိုက်ပျိုးရေဖူလုံစွာ ရရှိနိုင်ရေးတို့အတွက် ရေအရင်းအမြစ်ရရှိမည့် နည်းလမ်းများ ရှာဖွေဖော်ထုတ် ခြင်းနှင့် ရှိပြီးသား‌ရေအရင်းအမြစ်များကို မပျောက်ပျက် အောင် အကျိုးရှိထိရောက်စွာနှင့် အလေအလွင့် နည်းပါးစွာ သုံးစွဲနိုင်ရေးလုပ်ငန်းများကို တိကျခိုင်မာသည့် စီမံချက်များ ရေးဆွဲချမှတ် အကောင်အထည်ဖော် ဆောင်ရွက်ရန်လိုအပ် မည်ဖြစ်ကြောင်း။

 

ရေဝင်ရောက်မှု လျော့နည်းကျဆင်းလျက်ရှိ

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အနေဖြင့် စားနပ်ရိက္ခာဖူလုံရေးကို ဦးစားပေးဆောင်ရွက် လျက်ရှိရာတွင် နွေစပါး၊ မိုးစပါး၊ အခြားသီးနှံ၊ သောက်သုံးရေ နှင့် ဒေသဖွံ့ဖြိုးရေးတို့အတွက် ရေသုံးစွဲနိုင်ရန် ရေလှောင် တမံ၊ ရေလွှဲဆည်၊ ကန်၊ ရေတံခါးနှင့် မြစ်ရေတင်လုပ်ငန်း များက အကျိုးပြု ပေးဝေလျက်ရှိကြောင်း၊ ယခုအခါ ကမ္ဘာ နှင့်တစ်ဝန်း ဖြစ်ပေါ်နေသော ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ် များကြောင့် မြန်မာနိုင်ငံတွင်လည်း မိုးရွာသွန်းမှု ပုံစံပြောင်း လဲပြီး ရေလှောင်တမံများအတွင်း ရေဝင်ရောက်မှုလျော့နည်း ကျဆင်းလျက်ရှိနေကြောင်း၊ ထို့ကြောင့် ရေလှောင်တမံများ အတွင်း ရေဝင်ရောက်မှုနည်းပါး၍ သိုလှောင်ရေ ကျဆင်း လာခြင်းကြောင့် ရေသွင်း စိုက်ပျိုးဧက၊သောက်သုံးရေများ လျော့နည်းခြင်းမဖြစ်ပေါ်စေရန် ရေတို၊ ရေရှည်ဆောင်ရွက် ရန် လုပ်ငန်းများနှင့် တည်ဆောက်ပြီးတမံများ၏ ဘေးကင်း လုံခြုံမှုလုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် ဦးစားပေး လုပ်ငန်းများ ချမှတ်ဆောင်ရွက်ရန် ယနေ့အစည်းအဝေးကို ကျင်းပခြင်းဖြစ်၍ သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍများအလိုက် ဆွေးနွေးဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

 

ထို့နောက် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဗိုလ်ဗိုလ်ကျော်က ရေသွင်းစိုက်ပျိုးဧက တိုးတက်ရေးအတွက် ဆောင်ရွက် နေသည့် ရေရရှိရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ မိုးရေခံ နည်းပညာ (Rain Water Harvesting)ကို ကျယ်ကျယ် ပြန့်ပြန့် အသုံးပြု၍ ရေသိုလှောင်ထားရှိခြင်း၊ ချောင်းပိတ်၊ မြောင်းပိတ်၊ ယာယီတမံငယ်များ ပိတ်၍ ရေပေးဝေခြင်း၊ ရေခေါ်မြောင်း၊ ရေပေးမြောင်းများ တူးဖော်စေခြင်း တည်ဆောက်ဆဲ ဆည်ရေသောက်စနစ်များ ပြီးစီးအောင် တည်ဆောက်ခြင်း၊ တည်ဆောက်ပြီး ကာလကြာမြင့်သည့် ရေသောက်စနစ်များ အဆင့်မြှင့်တင်ခြင်း စသည့် လတ်တလောအကျိုးပြုလုပ်ငန်းများကိုလည်းကောင်း၊ မြေအောက်ရေဖြည့်တင်းခြင်း(Ground Water Recharge) နည်းပညာကို ဖြစ်နိုင်ခြေရှိသောနေရာများ ရွေးချယ် ဆောင်ရွက်ခြင်း၊ ရေစီးရေလာကောင်းမွန်သည့် နေရာများ တွင် ရေလွှဲဆည်၊ ကန်၊ ရေတံခါးနှင့်ရေလှောင်တမံငယ်များ တည်ဆောက်ခြင်း၊ မြစ်ရေတင်စခန်းသစ်များ တည် ဆောက်ခြင်းစသည့် နှစ်တို(ကာလတို) ဆောင်ရွက်သင့် သည့်လုပ်ငန်းများကိုလည်းကောင်း ရှင်းလင်းတင်ပြသည်။

 

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ကာလတို၊ ကာလလတ် လုပ်ငန်းစဉ်များ နှင့်အတူ တည်ဆောက်ထားရှိပြီးဖြစ်သည့် ရေလှောင်တမံ များသို့ ရေကူဖြည့်တင်းပေးနိုင်သည့် ရေကူရေလှောင်တမံ များ တည်ဆောက်ခြင်းနှင့် ရေကူ၊ ရေသွယ်မြောင်းများ ဆောက်လုပ်ခြင်း၊ Dam Series များကို ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ နှစ်ရှည်ဆောင်ရွက် ရန်လိုအပ်သည့် ရေလှောင်တမံ စီမံကိန်းများအတွက် စူးစမ်းလေ့လာမှုများ ဆောင်ရွက်ခြင်း၊ ဖြစ်နိုင်စွမ်းရှိသည့် ရေလှောင်တမံများကို စိစစ်ရွေးချယ်ပြီး ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းစသည့် နှစ်ရှည် ဆောင်ရွက်ရန် လိုအပ်သည့်လုပ်ငန်းများ ထည့်သွင်းဆောင် ရွက်ရန် လိုအပ်ချက်များကိုလည်းကောင်း၊ တည်ဆောက်ပြီး တမံများ၏ ဘေးကင်းလုံခြုံမှုလုပ်ငန်းဆိုင်ရာများ ဆောင် ရွက်ရန် လိုအပ်ချက်များကိုလည်းကောင်း ဆွေးနွေးမှာ ကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်