ရာသီအလိုက်ပွဲတော်များ ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျ ကျင်းပနိုင်ရေး ဆောင်ရွက်ပေးစေလို

 

ဒေသအလိုက် တိုင်းရင်းသားရိုးရာပွဲတော်များကို ပြန်လည်ဖော်ထုတ်မြှင့်တင်

နေပြည်တော်   အောက်တိုဘာ   ၂၈


ခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ဟိုတယ်နှင့် ခရီး သွားလာရေးဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည်   နေပြည်တော်ကောင်စီ အပါအဝင် တိုင်းဒေသကြီး / ပြည်နယ် အစိုးရအဖွဲ့ များမှ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကို တာဝန်ယူ ဆောင်ရွက်နေသော ဝန်ကြီးများနှင့် ခရီးသွားလုပ်ငန်းအကောင်အထည်ဖော်ရန်နှင့် ခရီးသွားမြှင့်တင်မှု များကို ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရေး ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ဝန်ကြီးဌာန နီလာအစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

 


ပွင့်လင်းရာသီသို့  ရောက်ရှိလာပြီ


အစည်းအဝေးတွင်   ပြည်ထောင်စုဝန်ကြီးက အစိုးရ - ပုဂ္ဂလိက - ပြည်သူလူထုတို့၏ ပူးပေါင်း ဆောင်ရွက်မှုကြောင့် ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက် မှုနှုန်းမှာလည်း လျော့နည်းလာပြီ ဖြစ်ပါကြောင်း၊ ယခုအခါတွင်   ပွင့်လင်းရာသီသို့  ရောက်ရှိလာပြီ ဖြစ်သောကြောင့် ပြည်တွင်းခရီးသွားဧည့်သည်များ အနေဖြင့်   ခရီးစဉ်ဒေသအသီးသီးသို့  သွားရောက် လည်ပတ်နေပြီဖြစ်ပါကြောင်း၊ ထိုသို့ ခရီးစဉ်ဒေသ များသို့ ခရီးသွားဧည့်သည်များ လာရောက်လည်ပတ် ခြင်းဖြင့် ခရီးစဉ်ဒေသများရှိ ဒေသခံပြည်သူလူထု၏ လူမှုစီးပွားဘဝများ   ဖွံ့ဖြိုးတိုးတက်လာနိုင်မည် ဖြစ်ပါကြောင်း၊  ခရီးသွားဧည့်သည်များကို ကျေနပ် ကောင်းမွန်သည့် ဝန်ဆောင်မှုပေးနိုင်ရေးအတွက် စဉ်ဆက်မပြတ် စောင့်ကြည့်ဂရုပြုကြရမည်ဖြစ်ပါ ကြောင်း၊ ခရီးသွားလုပ်ငန်း၏ သဘောသဘာဝမှာ ချက်ချင်းတုံ့ပြန်ဆောင်ရွက်ပေးရသည့်   သဘော ရှိသောကြောင့်   ဧည့်သည်များ၏    ယုံကြည်မှု အပြည့်အဝရရှိအောင်  ကျန်းမာရေး၊  ဝန်ဆောင်မှု စသော ကဏ္ဍများ၌ အားနည်းချက်များ မဖြစ်ပေါ်   စေရန် ဂရုပြုကြရမည်ဖြစ်ပါကြောင်း၊ ယင်းအပြင် မိမိတို့နိုင်ငံသည်    ရေမြေတောတောင်  သဘာဝ အလှအပများနှင့် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် များ   ပေါကြွယ်ဝသောကြောင့်   ကျန်းမာရေးနှင့် လျော်ညီသော ဝန်ဆောင်မှုကောင်းများပေးနိုင်ကာ ဧည့်ဝတ်ကျေပွန်မည်ဆိုပါက   ပြည်တွင်း  ပြည်ပ ခရီးသွားဧည့်သည်များ   အကြိမ်ကြိမ်လာရောက် လည်ပတ်ကြမည်ဖြစ်သောကြောင့်   ခရီးစဉ်ဒေသ များရှိ  အစိုးရ - ပုဂ္ဂလိက -  ပြည်သူလူထုအားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရရန်   လိုအပ်ပါကြောင်း ပြောကြားသည်။

 


သက်ဆိုင်ရာ ကဏ္ဍအလိုက် တင်ပြ


ထို့နောက် ဝန်ကြီးဌာနမှ ရိုက်ကူးထားရှိသည့် ကိုဗစ်-၁၉ ဘေးအန္တရာယ်ကင်းရှင်းရေး စည်းမျဉ်း စည်းကမ်းများနှင့်အညီ    ဟိုတယ်ဝန်ဆောင်မှု လုပ်ငန်းများ   ဆောင်ရွက်လုပ်ကိုင်လျက်ရှိသည့် ရုပ်သံဗီဒီယိုအားပြသပြီး   နေပြည်တော်ကောင်စီ အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့ များမှ   ဝန်ကြီးများက  ပထမအကြိမ်  အမျိုးသား ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်များကို အကောင်အထည် ဖော် ဆောင်ရွက်ထားရှိမှု၊ ခရီးသွားလုပ်ငန်းကဏ္ဍတွင် ကိုဗစ်-၁၉   ကာကွယ်ဆေးထိုးနှံပြီးစီးမှု၊  ခရီးစဉ် ဒေသသစ်များ    ဖော်ထုတ်နိုင်ရေး   လုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိသည့်  အခြေအနေ၊ လုပ်ငန်းလိုအပ်ချက် အခြေအနေများကို သက်ဆိုင်ရာ ကဏ္ဍအလိုက် တင်ပြကြသည်။

 


ပွဲတော်များကို ပြန်လည်ဖော်ထုတ်မြှင့်တင်


ထို့နောက်   ပြည်ထောင်စုဝန်ကြီးက  နိဂုံးချုပ် အမှာစကားပြောကြားရာတွင်    တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် ပွင့်လင်းရာသီတွင်  ရာသီအလိုက်ပွဲတော်များအား ကျန်းမာရေးဝန်ကြီး ဌာနမှ ထုတ်ပြန်ထားရှိသည့်  ကိုဗစ်-၁၉  စည်းမျဉ်း စည်းကမ်းများနှင့်အညီ စွမ်းအားပြည့် စနစ်တကျ ကျင်းပနိုင်ရေး    ဆောင်ရွက်ပေးစေလိုပါကြောင်း၊ ဒေသအလိုက်    တိုင်းရင်းသားရိုးရာပွဲတော်များကို ပြန်လည်ဖော်ထုတ်မြှင့်တင်ခြင်း၊       ရိုးရာအစား အသောက်ပွဲတော်များနှင့် ခရီးသွားများလည်ပတ်ရန် ခရီးသွားဆွဲဆောင်မှုရှိသည့် Community Based Tourism   ကဲ့သို့သော  ကျေးလက်လူနေမှုဘဝကို လေ့လာသော   ခရီးစဉ်များ၊  One   Village One Product အစီအစဉ်များကို ဖော်ထုတ်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း ပြောကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း   ဆောင်ရွက်ပေးခဲ့ကြောင်း   သိရသည်။ 


သတင်းစဉ်