ရှားပါးမျိုးစိတ်များ ရှင်သန်နိုင်ရေးအတွက် အရေးပါလှသည့် မုတ္တမပင်လယ်ကွေ့ဒေသ ထိန်းသိမ်းရေး

Type
77

 

 

သိန်းညွန့်(PZL)

 

မုတ္တမပင်လယ်ကွေ့ဒေသသည် ရန်ကုန် တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်ရှိ  ပင်လယ်ကမ်းရိုးတန်း ဆက်စပ်ဧရိယာများ   ပါဝင်ပြီး   မွန် ပြည်နယ်အတွင်းရှိ ကျိုက်ထိုမြို့နယ်နှင့် ဘီးလင်းမြို့နယ် ပင်လယ်ကမ်းရိုးတန်း ဧရိယာ ၄၅၂၀၀ ဟက်တာကို   ကနဦး ရေဝပ်ဒေသ (Ramsar Site No. 2299)အဖြစ် ၂၀၁၇ ခုနှစ် မေ ၁၀ ရက်တွင် သတ်မှတ်ခဲ့သည်။ တိုးချဲ့ဧရိယာအဖြစ် မွန်ပြည်နယ်တောင်ပိုင်း သထုံမြို့နယ် ပေါင်မြို့နယ်နှင့် ပဲခူးတိုင်းဒေသကြီးအတွင်း ကဝမြို့နယ်နှင့် သနပ်ပင်မြို့နယ် အပါအဝင် စုစုပေါင်းဧရိယာ ၁၆၁၀၃၀ ဟက်တာ ကျယ်ဝန်းသည့်  ပင်လယ်ကမ်းရိုးတန်း ဒေသကို ရမ်ဆာရေဝပ်ဒေသအဖြစ် ၂၀၂၀ ပြည့်နှစ်တွင် ထပ်မံတိုးချဲ့ခဲ့ကြောင်း သိရသည်။
ရေချိုရေငန်စပ်ဒေသ
ထို့အပြင် အရှေ့အာရှ-ဩစတြေးလျ ငှက်ပျံသန်းရာလမ်းကြောင်း    (East Asian-Australian Flyway-EAAF)၏ ဒေသ  (EAAF-117)  အဖြစ်   ၂၀၁၄ ခုနှစ်တွင် သတ်မှတ်ခဲ့ကြောင်း၊  မုတ္တမ ပင်လယ်ကွေ့ဒေသသည်   စစ်တောင်း မြစ်၊ သံလွင်မြစ်နှင့်     ရန်ကုန်မြစ်တို့ဆုံရာ ရေတက်ရေကျ   မြန်ဆန်နေရာဖြစ်ပြီး အချိန်နှင့်အမျှပြောင်းလဲနေသော ရေချို ရေငန်စပ်ဒေသတစ်ခု   ဖြစ်သည်။   ထို့ အပြင်   ပင်လယ်ဒီရေ    ကျသွားချိန်တွင် ကျယ်ပြောလှသည့်   ရွှံ့နွံလတာပြင်များ တည်ရှိရာနေရာဖြစ်သည့်အတွက်  ကမ္ဘာ ပေါ်ရှိ    ထင်ရှားသည့်    လတာပြင်များ အနက်တစ်ခု   အပါအဝင်  ဖြစ်သည်။ အဆိုပါ       ရွှံ့နွံလတာပြင်ဒေသသည် ရေအောက်တွင်  နေထိုင်ကျက်စားသည့် ကျောရိုးမဲ့သတ္တဝါများ၊   အပင်မျောလေး များ  အလွန်ပေါကြွယ်ဝသည့်   နေရာဖြစ် သည့်အလျောက် ငါးမျိုးစိတ်များ ရှင်သန် ပေါက်ပွားရေးနှင့် ကမ္ဘာ့မြောက်ဝင်ရိုးစွန်း မှ နှစ်စဉ်ဆောင်းလာခိုသည့် ဆောင်းခို ရေပျော်ငှက်များအတွက်     အရေးကြီး  သည့်   နေရာဒေသတစ်ခုဖြစ်သည့်အပြင် ဒေသခံများအတွက်   ရေသယံဇာတများ ကို  ပံ့ပိုးပေးသည့် နေရာတစ်ခုဖြစ်ကြောင်း မြန်မာ့သဘာဝ   ထိန်းသိမ်းရေးအဖွဲ့  (NCS)မှ ပညာရှင်တစ်ဦးထံမှ သိရသည်။
 ဆောင်းခိုငှက်များ
မုတ္တမပင်လယ်ကွေ့ဒေသသို့ နှစ်စဉ် အောက်တိုဘာလမှစ၍   ဧပြီလအထိ ကမ္ဘာ့မြောက်ဝင်ရိုးစွန်းမှ ဆောင်းခိုငှက် များ လာရောက်ဆောင်းခိုပြီး မျိုးသုဉ်းလုနီးပါးအန္တရာယ်ရှိသော မျိုးစိတ်ဖြစ် သည့် ရေညှောင့်နှုတ်ဝိုင်းငှက်နှင့် အခြား မျိုးသုဉ်းရန်   အန္တရာယ်ကျရောက်နေ သော ငှက်မျိုးစိတ်များအပါအဝင် နှစ်စဉ် ဆောင်းခိုငှက် အကောင်ရေ ၁၅၀၀၀၀-၂၀၀၀၀၀ ခန့် လာရောက်ဆောင်းခိုလေ့ ရှိသည်။  မျိုးသုဉ်းလုနီးပါး   အန္တရာယ် ရှိသော  မျိုးစိတ်ဖြစ်သည့်   ရေညှောင့် နှုတ်ဝိုင်းငှက်သည်  ရုရှားနိုင်ငံ   အရှေ့ မြောက်ပိုင်း ချူကိုတာဒေသတွင် သား ပေါက်ပြီး နှစ်စဉ် ကမ္ဘာ့တောင်ဘက်ခြမ်းရှိ နိုင်ငံများဖြစ်သည့်  ဂျပန်၊  ကိုရီးယား၊ တရုတ်၊  မလေးရှား၊  ဗီယက်နမ်၊  ထိုင်း၊ မြန်မာနှင့်    ဘင်္ဂလားဒေ့ရှ်နိုင်ငံများသို့ ကီလိုမီတာ   ၈၀၀၀ ခန့်  အကွာအဝေးကို ဖြတ်သန်း၍   လာရောက်   ဆောင်းခို လျက်ရှိပြီး   မုတ္တမပင်လယ်ကွေ့သည် တစ်ကမ္ဘာလုံးရှိ   အကောင်ရေစုစုပေါင်း ၏    ၅၀ ရာခိုင်နှုန်း (အကောင်ရေအားဖြင့် ၂၀၀-၂၅၀ ခန့်)   လာရောက်ဆောင်းခို လျက်ရှိကြောင်း  မြန်မာ့သဘာဝထိန်းသိမ်း ရေးအဖွဲ့  (NCS)  ၏   မှတ်တမ်းများအရ သိရသည်။ 
ရှားပါးမျိုးစိတ်များ ရှင်သန်
ထို့အပြင် အခြား မျိုးသုဉ်းအန္တရာယ် နှင့် ရင်ဆိုင်ကြုံတွေ့နေရသည့်   မျိုးစိတ် များဖြစ်သည့် နော့ငှက်၊ ခြေစိမ်းပြောက်၊    နှုတ်သီးရှည်မြီးမည်း၊   နှုတ်သီးရှည်မြီးညို၊ နှုတ်သီးကောက်ကြီး၊ ပျံဖြူနားမည်း၊  စကီ မာဘဲ၊  နော့နီ၊ ငှက်ကျား၊ ခရုစုပ် ခေါင်းမည်း တို့အပြင်  ဧရာဝတီလင်းပိုင် များလည်း  ကျက်စားလျက်ရှိကြောင်း    သိရသည်။ ထိုကဲ့သို့  ရှားပါးမျိုးစိတ်များ   ရှင်သန်နိုင်ရေးအတွက် အထောက်အပံ့ ပေးနေသည့်  မုတ္တမပင်လယ်ကွေ့ဒေသ   ထိန်းသိမ်းရေးလုပ်ငန်းများကို   တိုးမြှင့် လုပ်ဆောင်ရန်  လိုအပ်လျက်ရှိကြောင်း    လေ့လာသိရှိရသည်။